ကရင်ပြည်နယ်မှာ ဒီရက်ပိုင်း မိုးသည်းသည်းထန်ထန်ရွာပြီး မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ ရေကြီး မြေပြိုရာက ကတ္တရာလမ်းပိုင်းတချို့ ပြိုကျ ပျက်စီးသွားပါတယ်။ မြေပြိုကျတဲ့နေရာမှာ လမ်းမတခုလုံး ပျက်စီးသွားတဲ့အတွက် ခရီးသည်တင် ကားတွေရော၊ ကုန်ကားတွေပါ အသွားအလာတွေ ရပ်တန့်နေတဲ့အကြောင်း ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်အတွင်း ဒီရက်ပိုင်း မိုးများကြီး ရေကြီးနေတာကြောင့် မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ မြေကြီးတွေ ကွဲအက်ပြီး လမ်းကြောနေရာတချို့ ပြိုကျသွားခဲ့တာပါ။ မနေ့က တောင်ပြိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ဒီနေ့ သြဂုတ်၇ ရက်နေ့မှာတော့ ကားလမ်းပေါ်မှာ ကြီးမားတဲ့ အက်ကွဲကြောင်းကြီးတွေ ပေါ်လာပြီး အဲ့ဒီနောက်မှာတော့ လမ်းတခုလုံး သွားလာလို့မရအောင် ပြိုကျ သွားခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့ ကားဆရာတဦးက ဗွီအိုအေကို ပြောပြပါတယ်။
"အခြေအနေကတော့ ကြာမှာ။ မလွယ်ဘူး။ ပြိုပျက်တာ လမ်းတကြောလုံး ပါသွားလို့လေ မလွယ်တော့ဘူး။ တောနော် ရေတံခွန်နားမှာလေ တောင်အလယ်လောက်မှာ ကျတယ်။ ကော့ကရိတ် နဲ့ မြဝတီကြားကလေ။ ပြိုသွားတာက အတော်ကြီး အတော်များတော့ တံတားထိုးဖို့လည်း မလွယ်ဘူး မြေဖို့ ဖို့လည်း မလွယ်ဘူး။ လောလောဆယ် ကားတစီးထိုးကျတယ်။ ရေဖုံးသွားတာ များတယ်ဆိုတော့။"
ခရီးသွားတွေအတွက် လမ်းဟောင်းဖြစ်တဲ့ မြေနီလမ်းကနေပဲ သွားလာလို့ ရနိုင်ပေမဲ့လို့ ကုန်ကားကြီးတွေ ကတော့ သွားလာလို့ မရဘူးလို့လည်း သူက ပြောပါတယ်။
"ကျနော်တို့ ကားလေးတွေကတော့ လမ်းဟောင်းကနေ သွားလို့ရတယ်။ ဒါပေမဲ့ တွဲကားတွေကတော့ မလွယ်ဘူး။ သွားလို့ မရဘူး။ ကျနော်တို့ ကားငယ်တွေကို လမ်းဟောင်းက ပေးသွားမယ်ဆိုရင်တော့ သွားလို့ရတယ်။"
ဒါပေမဲ့ လမ်းဟောင်းကလည်း ပြိုပျက်နေတာကြောင့် အခက်အခဲတွေ ရှိနိုင်တယ်လို့ ဒီလမ်းတွေကို အသုံးပြု သွားလာနေသူတွေက ပြောဆိုကြပါတယ်။
လောလောဆယ်မှာတော့ အာရှလမ်းမကြီး သွားလာလို့မရအောင် ပြိုကျသွားတာကြောင့် အိမ်စီးကားတွေနဲ့ ကုန်ကားတွေ အားလုံး လမ်းတဝက်မှာ ပိတ်မိနေကြပြီး နောက်ထပ် တခြား နေရာတွေမှာပါ မြေပြိုတာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
ဒီ အာရှလမ်းမကြီးဟာ ထိုင်း - မြန်မာ ကုန်စည် သယ်ယူ ပို့ဆောင်မှုတွေမှာ အရေးပါတဲ့ အဓိက လမ်းကြောင်းတခုဖြစ်ပြီး ကုန်တင်ယာဥ်တွေ နေ့စဉ် သွားလာနေကြသလို၊ ထိုင်းဘက်ကို အလည်အပတ်လာတဲ့ အိမ်စီးကားတွေလည်း နေ့စဥ်ဆိုသလို ရှိနေတာပါ။ ဒီလမ်း ပြိုကျ ပျက်စီးသွားတဲ့အတွက် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာပြီး ထိခိုက်လာနိုင်တယ်လို့ ကုန်သည်တွေကလည်း ပြောဆိုနေကြပါတယ်။