သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို မသုံးကြဖို့ KNLA နဲ့ပူးပေါင်းတပ်တွေသတိပေး


အာရှလမ်းမကြီး
အာရှလမ်းမကြီး

ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်လိုဖြစ်နေတဲ့ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ထဲက ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာမှုတွေ လုံးဝ မလုပ်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းစစ်တပ်ကြောင်းတွေက ကြေညာချက် ထုတ်ပြန်ထားမြစ်ထားပါတယ်။ လက်ရှိမှာလည်း မြဝတီခရိုင်၊ ရွှေကုက္ကိုဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထောင်နဲ့ချီရှိတဲ့ စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို ထွက်ပြေးနေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်အတွင်းက ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်တွေက အရပ်သားကားတွေနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်နေတာကြောင့်ဆိုပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်း စစ်ကြောင်းတွေက ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက် နေ့အထိ အာရှလမ်းကို ပိတ်လိုက်ကြောင်း ပြည်သူတွေ ခရီးသွားလာတာတွေ မလုပ်ဖို့အတွက် တပ်ရင်းမှူးများ၊ ဗျူဟာမှူးများ အပါဝင် စစ်ကြောင်းမှူးတွေက လက်မှတ်ထိုးပြီး တရားဝင်အမိန့် ထုတ်ပြန်လိုက်တယ်လို့ ပူးပေါင်းစစ်ကြောင်းက တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“စစ်ကြောင်း ဘယ်နှစ်ခုလဲဆိုတော့ Lion Battalion ၊ Cobra ပါမယ်၊ ကျားသစ်နက်ပါမယ်၊ ကျားဖြူပါမယ်၊ ဒရုန်းအဖွဲ့ကတော့ Federal wings ပါမယ်၊ ရောင်နီပါမယ်၊ Eagle ပါမယ်၊ စစ်ကြောင်းတွေက အကုန် ပူးတွဲလှုပ်ရှားမှာဖြစ်လို့ ပိုပြီး တိုက်ပွဲပြင်းထန်လာမယ်။ ကျနော်တို့က ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်မစ်ရှင်လုပ်မယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူး။ ဒီတော့ ကျနော်တို့က ပြည်သူတွေကို ကန့်သတ်ထားတဲ့ ဒီရက်ကနေ ဒီရက်တွေ ပြည်သူတွေကို လိုက်နာပေးဖို့ ကျနော်တို့တောင်းဆိုတာပါ။ တချို့ကိစ္စတွေမှာ ပြည်သူတွေက ရုတ်တရက်ဝင်လာတော့ မတော်တဆ ထိခိုက်မှာစိုးလို့ ကျနော်တို့က တောင်းဆိုတာပါ။”

အာရှလမ်းဟာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့လမ်းဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကစပြီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ကုန်သွယ်စီးဆင်းမူတွေရပ်ထားပြီးအာရှလမ်းယာယီပိတ်လိုက်ရချိန်မှာလဲ ကုန်တွေ ဈေးတက်တာတွေ အပြင်ထိုင်းမြန်မာနှစ်နိုင်ငံအတွက် စီးပွားရေး ထိခိုက်မူတွေလည်းဖြစ်ခဲ့ပါတယ်။ မြန်မာဘက်ကလည်း ဒီလမ်းကြောင်းကနေ ကုန်သွယ်မူတွေအများဆုံးလုပ်နေတာဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသက စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion Battalion ဗျုဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲတွေက ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့လည်း သူက ပြောပြပါတယ်။

“တိုက်ပွဲကတော့ တောက်လျှောက်ပြင်းထန်နေတယ်။ နှစ်ဖက်ထိတွေ့မှုရှိတယ်။ နားတဲ့အချိန်မှာ စကစဘက်က လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေနည်းပါတယ်။”

Lion Battalion စစ်ကြောင်း၊ KNU/KNLA (PC) တပ်ရင်းမှူး၊ KNU/KNLA (PC) ဗျူဟာမှူး၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဋ္ဌုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း ၊ ကော်ဘရာ စစ်ကြောင်း၊ နဂါးဖြူ စစ်ကြောင်း၊ ဒုစစ်ဒေသမှူး ၂ စစ်ဒေသခွဲ အမှတ် ၃ တောင်ပိုင်း စစ်ဒေသတို့ ပါဝင် လက်မှတ်ရေးထိုးထားကြပြီး အားလုံးပူးပေါင်းပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

ကော့ကရိတ်နဲ့ ကျုံဒိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ပူးပေါင်းတပ်တွေဘက်က လိုက်လံ တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ ဒီအတွက် အရပ်သားနေအိမ်တွေ မီးလောင် ပျက်ဆီးတာတွေလည်း ဖြစ်ပေါ်နေပါတယ်။

လတ်တလောမှာတော့ မြဝတီ၊ ရွှေကုက္ကို ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာသူ ၂ရက်အတွင်း ၈,၀၀၀ကျော်လောက် ရှိလာပြီး နေရပ်ကို မပြန်ရဲကြသေးဘူးလို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အင်အား ၈၀ကျော် လောက်ကျဆုံးပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၃ဦး ကျဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေမေမယ့် သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒီဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အခြေအနေတွေ ရှုပ်ထွေးနေပြီး မကြာခင် ရက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပိုပြင်းထန်လာဖွယ်ရှိတယ်လို့လည်း ပူးပေါင်းစစ်ကြောင်းတွေဘက်က ပြောဆိုခဲ့ပါတယ်။

{Unicode}












XS
SM
MD
LG