သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ကော့ကရိတ်−မြဝတီ အာရှလမ်း ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေဆဲ


ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ထဲ လက်နက်ကြီးကျည်ကျပြီး မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃/ဓာတ်ပုံ-CJ)
ကရင်ပြည်နယ်၊ မြဝတီကုန်သွယ်ရေးဇုန်ထဲ လက်နက်ကြီးကျည်ကျပြီး မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ (မတ်လ ၂၅၊ ၂၀၂၃/ဓာတ်ပုံ-CJ)

ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီးတဲ့နောက် ပိတ်ထားရတဲ့ ကော့ကရိတ်−မြဝတီ အာရှလမ်းကို ဒီနေ့ မတ်လ ၃၀ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပါတယ်။ ဒီနေ့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အတွက် လမ်းကိုယာယီပြန်ပိတ်လိုက်ရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ တိုက်ခိုက်ခံရတဲ့ မြဝတီကုန်သွယ်ရေးဇုန်ကတော့ ကုန်စည်စီးဆင်းမှုလုပ်ငန်းတွေ ရပ်နားထားရဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်တွေမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ရက် နေ့ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး မြဝတီမြို့က နယ်စပ် ကုန်သွယ်ရေးဇုန် နေရာလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ ကော့ကရိတ် အဝင်အထွက်လမ်းတွေကတော့ ဒီကနေ့မှာ ပြန်ဖွင့်ခဲ့ပြီး ကားတွေပြန်ပြီး သွားလာကြတယ်လို့ ကုန်သည်တစ်ဦးက ဗွီအိုအေကို ပြောပြပါတယ်။

“လမ်းဖွင့်တယ်၊ ကျနော်တို့တက်လာတယ်။ အခုတော့ လမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ညီနောင်ဘက်မှာ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်ချိန်တော့ သူတို့ကတော့ ခဏပိတ်ထားတာပေါ့။”

ကားတွေသွားလာပြီး နေ့လည်ပိုင်း ၂ နာရီ၊ ၃ နာရီလောက်မှာတော့ တိုက်ပွဲပြန်ဖြစ်လို့ ကားတွေ ပြန်ပိတ်မိနေပါတယ်။ ဒါကြောင့်လည်း ကော့ကရိတ်−မြဝတီ အာရှလမ်းမှာ ကားတွေ ရပ်ထားရပါတယ်။ မနေ့ညနေတုန်းကလည်း ပိတ်မိနေတဲ့ ကားတချို့ကို သွားလာခွင့် ပြုခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်တုန်း တိုက်ခိုက်ခံရတဲ့ မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန်ကတော့ အခု တစ်ပတ်နီးပါးကြာတဲ့အထိ ပုံမှန်လုပ်ငန်းတွေ မလည်ပတ်သေးပဲ ထိုင်းနိုင်ငံကလာတဲ့ ကုန်စည်စီးဆင်းမူတွေလည်း ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

“မီးရှို့ထားတော့ တရားဝင် ဂျူတီဆောင်ပြီး သွားတာတွေကိုတော့ ခဏရပ်ထားတာပေါ့။ သူတို့ ကာစတန် (Custom) ရုံးက ပစ္စည်းတွေ၊ စာရွက် ရုံးကိုပဲ မီးရှို့သွားတာပေါ့။”

ထိုင်းနဲ့မြန်မာက တင်ပို့တဲ့ကုန်တွေကို မြဝတီ ကုန်သွယ်ရေးဇုန်မှာ လက်မှတ်လုပ်ပြီးမှ သွားလာရတာဖြစ်လို့ အခုဆိုရင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုအတွင်းမှာ X−Ray နေရာတွေ ပျက်ဆီးသွားတာ အပါအဝင် စာရွက်စာတမ်းတွေထားတဲ့ ရုံးတွေ မီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့အတွက် ကုန်စည် စီးဆင်းတဲ့လုပ်ငန်းတွေ ရပ်နားထားရပါတယ်။ ဒီကနေ့ အာရှလမ်း ပြန်ဖွင့်ချိန်မှာ အရင်နေ့ကတင်ပြီးသား ကုန်တချို့နဲ့ ခရီးသည်တင်ကားတွေသာ သွားလာနိုင်ကြတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဇုန်ကတော့ နေ့စဉ် ကုန်ဝင် ကုန်ထွက်တော့ ရပ်ဆိုင်းထားရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အတွက် ကားတန်းတွေနဲ့ လမ်းမှာ ပိတ်မိနေတာတွေလည်း ရှိနေတယ်လို့ ကုန်သည်တချို့က ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}









XS
SM
MD
LG