သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး ဒေသတဝိုက် တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေဆဲ


ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Cobra column
ကရင်ပြည်နယ်ထဲက လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Cobra column

ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့နေရာတွေမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ညတိုင်းလည်း စစ်ကောင်စီဘက်က ကရင်ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။ ဒီအတွက် ဒေသခံပြည်သူတွေကလည်း ဘေးလွတ်ရာကို ရှောင်ပြေးနေရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း−မြန်မာနယ်စပ်၊ ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး စတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ PDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကစပြီး တိုက်ပွဲတွေ ပြင်းထန်းခဲ့ပြီးတဲ့နောက် အခုရက်ပိုင်းမှာလည်း နေစဉ်တိုက်ပွဲတွေ ဆက်ရှိနေတာပါ။

တိုက်ပွဲတွေ မပြင်းထန်ပေမယ့် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစောမွန်က အခုလို ပြောပြပါတယ်။

“တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတယ်။ နေ့တိုင်း ရွာတွေထဲဘက်ကို သူက(စကစ) က လိုက်ပစ်နေတယ်။ သူတို့ကတော့ ကေအဲန်ယူတွေ၊ ပီဒီအက်ဖ်တွေ ရှိနိုင်မယ့်နေရာတွေကို လိုက်ပစ်နေတာပေါ့။ စစ်ဘေးရှောင် ဒေသခံရွာသားတွေကတော့ ဇာတိမြေကို မပြန်နိုင်ကြတော့ဘူး။ အခြေမချနိုင်တော့ဘူး။ အလုပ်ခွင်တွေထဲကိုလည်း ပြန်မဝင်နိုင်ကြတော့ဘူး။ ဒီအတွက် အခက်အခဲတွေတော့ ရှိတာပေါ့။ ပြေးနေရတုန်းပဲ၊ ရွာထဲကို ပြန်မဝင်ရဲဘူး။ လှမ်းလှမ်းပစ်နေလို့လေ။”

ပြီးခဲ့တဲ့မတ်လ ၂၅ရက်နေ့က မြဝတီ ကုန်သွယ်ရေးဇုန်ကို ပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက် မီးရှို့ခဲ့ပြီးတဲ့နောက် အနီးတဝိုက်ကို စိုးမိုးထားဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မဲ့ကနယ် နေရာ၊ သင်္ကန်းညီနောင် အနီးတဝိုက် မဲ့ကနယ် ဘက်ကိုတော့ ကျနော်တို့က စိုးမိုးထားတယ်။ သူတိုကို (စကစ) ကိုယ့်နယ်မြေမှာ လှုပ်ရှားခွင့်မပေးဘူးပေါ့။”

ဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီဘက်ကလည်း မဲကနယ် ကျေးရွာတဝိုက်က ဒေသခံတွေ နေထိုင်ရာနေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပြီး ကျေးရွာလူထုတွေဟာ စစ်ဘေးရှောင်နေရတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“တပ်မ ၃ ခုကပေါ့ ၊ ခလရ ၃၅၅ နဲ့ ၃၅၆ နဲ့ ခမရ ၂၇၅ တို့က ညှပ်ပြီး ထုနေတာ။ ပြည်သူကတော့ တစ်ယောက်မှတော့ မရှိတော့ဘူး။ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ကျောင်းတွေမှာ နေထိုင်တယ်။ ခရစ်ယာန်တွေကလည်း ကူညီကြပါတယ်။ ခရစ်ယာန်ကျောင်းနေရာမှာ သူတို့နေရာတွေမှာ ပေးထားပါတယ်။”

ပြီးခဲတဲ့မတ်လ၂၅ ရက်နေ့က ကရင်ပြည်နယ်၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ ခရိုင်တွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများသလို ပူးပေါင်းတပ်ဖွဲ့တွေက စစ်သုံ့ပန်းအဖြစ် ဖမ်းမိသူတွေလည်း ရှိနေပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ဒေသခံ ကလေးသူငယ်တွေအပါအဝင် ပြည်သူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ၊ အိုးအိမ်တွေ ပျက်စီးတာတွေလည်း ဖြစ်ခဲ့ပြီး ဒေသခံ သောင်းဂဏန်းလောက် စစ်ဘေးရှောင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG