သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလမ်းမ ပျက်စီးမှုကြောင့် ကုန်စည်စီးဆင်းမှုတွေထိခိုက်


မြဝတီ ကော့ကရိတ် လမ်းဟောင်းတနေရာ​​ (သြဂုတ်၊ ၂၀၂၃)
မြဝတီ ကော့ကရိတ် လမ်းဟောင်းတနေရာ​​ (သြဂုတ်၊ ၂၀၂၃)

ကရင်ပြည်နယ်ထဲက ကော့ကရိတ် မြဝတီသွားတဲ့ အာရှလမ်းမကြီးပေါ်မှာ ရေကြီးပြီး မြေပြိုတာတွေကြောင့် ကျိုးကျေပျက်စီးသွားတဲ့ လမ်းမပိုင်းကို ပြင်ဆင်နေတဲ့ ကာလမှာ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကိုသာ သုံးနေရပြီး သွားလာရေး ခက်ခဲနေပါတယ်။ ခရီးသည်တင်ကားနဲ့ ကုန်ကားငယ်တွေသာ သွားလာလို့ရပြီး အဆင်းတရက်၊ အတက်တရက် အလှည့်ကျ အကန့်အသတ်နဲ့ သွားလာရလို့ ကုန်ပစ္စည်းနဲ့ ကားခတွေလည်း ပိုပြီး ဈေးတက်သွားတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်အတွင်း မိုး အဆက်မပြတ် ရွာပြီး ရေကြီး မြေပြိုတာတွေ ကြုံရပြီးတဲ့နောက် ကော့ကရိတ် မြဝတီ သွားတဲ့ အာရှလမ်းမကြီး နေရာတချို့ ပျက်စီးသွားခဲ့တာပါ။ ကားတွေ သွားလာလို့ မရတော့လောက်အောင် ကျိုးကျေ ပျက်စီးသွားတာကြောင့် လမ်းဟောင်း နေရာကနေပဲ အဆင်းတရက် အတက်တရက် အလှည့်ကျ သွားလာနေရတယ်လို့ ကုန်သည်တဦးက ဗွီအိုအေကို ပြောပြပါတယ်။

"အဆင်းတရက်။ အတက်တရက်လုပ်တယ်။ အရင်တုန်းကလိုပဲ လမ်းဟောင်းနေရာကိုလေ။ ကော့ကရိတ် အောက်ဘိုတဲ အလယ်ဘိုတဲ တံတားကျိုး လမ်းဟောင်းနေရာပါ။ အဆင်းတရက် အတက်တရက်ပဲ သွားတယ်။ အဆင်းရော အတက်ရော ပြိုင်တူမရဘူး။ ကုန်ကားတွေ သွားလို့မရဘူး။ ကားခတွေက ၇ သောင်း။ ရန်ကုန်နဲ့ မြဝတီကို ၇ သောင်း။ ကျနော်တို့ ကားလေးတွေနဲ့ ကုန်တွေ တင်ကြတာပေါ့။"

အခု သွားလာနေတဲ့ လမ်းဟောင်းနေရာမှာလည်း လမ်းတွေ ရေတိုက်စား ခံရပြီး ပျက်စီးနေတဲ့ နေရာတချို့ ရှိသလို သွားလာရေး အတော်ကြီး ခက်ခဲလာတယ်လို့လည်း သူက ပြောပါတယ်။

"ပျက်တယ်ဆိုတော့ နဂိုကတည်းက ရေကြီးလို့ တောင်တွေ ပြိုထားတာ သုံးလေးနေရာပေါ့။ လမ်းဟောင်းပဲ ကားလေးပဲ သွားလို့ရတယ်။ ကျနော်တို့ အံစာတုံးကား (ဗင်ကား) တွေပဲ သွားလိုရတယ်။ ကုန်ကား Express ကားတွေ သွားလို့မရဘူး။ ထိုကော့ကိုးလမ်း တလမ်းတော့ ရှိသေးတယ်။ မိုးတွင်းဆိုတော့ အဲဒီနေရာကလည်း လမ်းတွေ ပျက်နေတယ်။ ကားကြီးတွေလည်း သွားလို့မရဘူး။"

ပြီးခဲ့တဲ့ တပတ်လောက်က စပြီး ကရင်ပြည်နယ်မှာ မိုးဆက်တိုက်ရွာပြီး မြဝတီမြို့နဲ့ ကောကရိတ်မြို့ကြား အာရှလမ်းသစ်မှာ ရေကြီး မြေပြိုရာက ကတ္တရာ လမ်းပိုင်းတချို့ ပြိုကျ ပျက်စီးသွားတာပါ။ မြေပြိုကျတဲ့နေရာမှာ လမ်းမတခုလုံး ပြတ် ထွက်သွားတဲ့အတွက် ခရီးသည်တင် ကားတွေရော၊ ကုန်ကားတွေပါ အသွားအလာတွေ ရပ်တန့်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သွားလို့ရတဲ့ လမ်းဟောင်းနေရာကို အဓိက သုံးလာကြပြီး လမ်းဟောင်းတွေမှာလည်း ပျက်စီးတာတွေ များလာပါတယ်။ ပြိုကျ ပျက်စီးသွားတဲ့ အာရှလမ်းကိုတော့ အာဏာပိုင်တွေက တလအတွင်း ပြီးစီးအောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

"နောက် ၁၀ ရက်၊ ၁၅ ရက်လောက် ဆိုရင်တော့ သွားလို့ရမယ် ပြောတယ်။ အခုတော့ တောင်တွေ ဖြိုနေတယ်။ နောက် မိုးပါးသွားရင်တော့ သွားလို့ ရနိုင်မယ်။"

ဒီ အာရှလမ်းမကြီး ဟာ ထိုင်း - မြန်မာ ကုန်စည် သယ်ယူ ပို့ဆောင်မှုတွေမှာ အရေးပါတဲ့ အဓိက လမ်းကြောင်းတခု ဖြစ်ပြီး ကုန်တင်ယာဉ်တွေ နေ့စဉ် သွားလာနေကြသလို၊ ထိုင်းဘက်ကို အလည်အပတ်လာတဲ့ အိမ်စီးကားတွေလည်း နေ့စဉ်ဆိုသလို ရှိနေတာပါ။ ဒီလမ်း ပြိုကျ ပျက်စီးသွားတဲ့ အတွက် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာပြီး ထိခိုက်လာတဲ့အတွက် အမြန်ဆုံး ပြီးစီးနိုင်ဖို့အတွက်လည်း မြန်မာ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်ရှင်။

XS
SM
MD
LG