သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမြေပြိုမှုတွေကြောင့် ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ထိခိုက်ပျက်စီး


ရေကြီးမြေပြိုလို့ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်း ၂ ခု ထိခိုက်ပျက်စီး (သြဂုတ်၊ ၂၀၂၃)
ရေကြီးမြေပြိုလို့ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်း ၂ ခု ထိခိုက်ပျက်စီး (သြဂုတ်၊ ၂၀၂၃)

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင် ခရိုင်အတွင်းက ကရင်ဒုက္ခသည်စခန်း ၂ ခုမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီး မြေပြိုတာတွေကြောင့် လူနေအိမ်နဲ့ အဆောက်အဦး ရာနဲ့ချီ ပျက်ဆီးသွားပါတယ်။ တချို့ အိမ်အလုံးလိုက် ပါသွားတာတွေလည်း ရှိပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင် ခရိုင်အတွင်းမှာရှိတဲ့ ကရင်ဒုက္ခသည်စခန်း ၂ ခုဖြစ်တဲ့ မယ်ရာမိုနဲ့ မယ်လအူး ဒုက္ခသည်စခန်း ၂ ခုမှာ ဒီလ ၁ ရက်နေ့ကစပြီး ရေကြီး မြေပြိုတာတွေ ဖြစ်နေတာပါ။ အခုဆိုရင် အများသုံး အဆောက်အဦးနဲ့ နေအိမ် စုစုပေါင်း အလုံး ၁၅၀ ကျော် ပျက်စီးခဲ့ပြီး တချို့ ရေထဲမျောကုန်တာ ရှိသလို၊ မြေပြိုချိန်မှာ အိမ်အလုံးလိုက် ပါကုန်တာတွေလည်း ရှိပါတယ်။ မယ်ရာမူ စခန်း အခြေအနေကိုတော့ မယ်ရာမူ ကရင်ဒုက္ခသည်စခန်း ကော်မတီဥက္ကဋ္ဌ ဆရာဌေးအေးက VOA ကို အခုလို ပြောပြပါတယ်။

"ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကစပြီး တပတ်လုံး မိုးရွာတော့ ရေကြီးပြီး အိမ် ၁၃ လုံးက ရေထဲပါသွားတယ်။ ၂ လုံးက မြေပြိုတဲ့အထဲ ပါသွားတယ်။ အိမ်လုံးကျွတ်ပေ့ါနော်။ အဆောက်အဦးတွေလည်း ပါသွားတယ်။ ကွန်မြူနတီ အဆောက်အဦးတွေ၊ ရုံးတွေ၊ ကျောင်းတွေ၊ အန်ဂျီအို အဆောက်အဦးတွေ ပါသွားတယ်။ အားလုံးပေါင်း စုစုပေါင်း ၈၈ လုံး စာရင်း ရထားပါတယ်။"

မယ်လအူး စခန်းဘက်မှာလည်း အိမ်အလုံးရေ ၇၀ ကျော် ပျက်စီးတာ၊ ရေထဲမျောတာ၊ မြေပြိုတဲ့အထဲ ပါတာတွေ ဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။

"အိမ်လုံးကျွတ် အကုန်ပါသွားတာက ၇ လုံး။ တချို့ပျက်စီးသွားတာက ၆၀ ကျော်ပါတယ်။"

စခန်းတွင်း ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပြီးတဲ့နောက် စခန်းတွင်းက စာသင်သားကလေးတွေ အသုံးပြုနေတဲ့ တံတားတွေလည်း ပျက်စီးသွားပါတယ်။ တချိန်တည်းမှာပဲ တောင်ကျရေကလည်း အဆက်မပြတ် ကျနေတာကြောင့် စခန်းတွင်း စာသင်ကျောင်းကို တလ လောက်အထိ ပိတ်ထားရဖို့ ရှိနေပြီး ဖြတ်သန်း သွားလာဖို့အတွက် အန္တရာယ်ရှိတယ်လို့ ဆရာဌေးအေးက ပြောပါတယ်။

"ကျောင်းတွေက ပြန်မဖွင့်နိုင်သေးဘူး။ ကျောင်းတွေကလည်း တလလုံး ပိတ်ထားမယ်။ တံတား မရှိတော့တဲ့အတွက် ကလေးတွေက ဖြတ်သန်းသွားလာဖို့က အဆင်မပြေဘူး။"

စခန်းတွင်းမှာ လူတဦးကို တလကို ဘတ်ငွေ ၂၀၀ ကျော်သာရတဲ့ အစားအသောက် ဝယ်ယူလိုရတဲ့ ကဒ်ကို မှီခိုနေရတာဖြစ်ပြီး အခု ဒီကဒ်နဲ့ ဝယ်ထားတဲ့ အစားသောက်တွေလည်း ရေထဲမျောပါ ပျက်စီးသွားတာကြောင့် စားသောက်ရေး အခက်ကြုံလာရပါတယ်။ စားနပ်ရိက္ခာ အကူအညီတွေ အရေးကြီး လိုအပ်နေတဲ့အပြင် အမိုးအကာနဲ့ နေစရာနေအိမ်တွေ ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။

ရေကြီးမြေပြိုလို့ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်း ၂ ခု ထိခိုက်ပျက်စီး (သြဂုတ်၊ ၂၀၂၃)
ရေကြီးမြေပြိုလို့ ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်း ၂ ခု ထိခိုက်ပျက်စီး (သြဂုတ်၊ ၂၀၂၃)

ဒီဒုက္ခသည် စခန်းတွေဟာ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိုင်းနယ်စပ်ဖြတ် ထွက်ပြေးလာကြတဲ့ ကရင်ဒုက္ခသည်တွေ တသောင်းဝန်းကျင်လောက်စီ အထိ ခိုလုံနေထိုင်နေကြတဲ့ ဒုက္ခသည် စခန်းကြီးတွေ ဖြစ်ပါတယ်။

မယ်လအူး ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အလားတူ မြေပြိုမှုမျိုး ကြုံခဲ့ရဖူးပြီး ဒုက္ခသည် ၈ ဦး သေဆုံးခဲ့ရသလို၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ဖူးပါတယ်။ လတ်တလော ဖြစ်စဉ်မှာတော့ လူထိခိုက်သေဆုံးတဲ့ သတင်း မကြားရသေးပါဘူး။ ဒီရက်ပိုင်းတွေအတွင်း မိုးဆက်တိုက် ရွာနေတာကြောင့် သောင်ရင်းမြစ် နဲ့ သံလွင်မြစ် ရေကြီးပြီး အခုလို ဒုက္ခသည်စခန်းတွေမှာ ရေကြီးရေလျှံတာတွေ ကြုံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG