သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတလွှား မိုးသည်းထန်ရေကြီးမှုတွေကြုံ 


ရခိုင်မှာ မိုးကြီးလို့ ကျောက်‌တော်မြို့နယ် ညောင်ချာင်း စစ်ဘေးဒုက္ခသည်စခန်း ရေဝင်နေစဉ် (သြဂုတ် ၇၊ ၂၀၂၃)
ရခိုင်မှာ မိုးကြီးလို့ ကျောက်‌တော်မြို့နယ် ညောင်ချာင်း စစ်ဘေးဒုက္ခသည်စခန်း ရေဝင်နေစဉ် (သြဂုတ် ၇၊ ၂၀၂၃)

မြန်မာနိုင်ငံတဝန်းမှာ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်နေတာကြောင့် အနိမ့်ပိုင်း ဒေသတချို့မှာ ရေကြီးရေလျှံတာတွေ ဆက်တိုက် ကြုံနေရပါတယ်။ ရေဘေး တိမ်းရှောင်ရသူတွေ အများအပြား ရှိနေပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတဝန်းက ရေဘေးသတင်းတွေကို စုစည်းပြီး မဆုမွန် တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မောင်တော မြို့နယ်တွေမှာ အခုဩဂုတ်လဆန်းပိုင်းကစလို့ မိုးအဆက်မပြတ် ရွာသွန်းပြီး၊ မြစ်ရေ တက်လာတာကြောင့် ရေကြီးရေလျှံတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တနေ့ထက်တနေ့ ဒီရေတိုးလာပြီး၊ မြစ်ချောင်းအနီး နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထား ရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ်က မြတ်တန်ဆောင်း စစ်ဘေးဒုက္ခသည် စခန်းမှာ စခန်းတခုလုံး ရေမြှုပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ မြတ်တန်ဆောင်း ဆရာတော်က မိန့်ပါတယ်။

"နေမကောင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပြီးတော့ သက်ကြီးအရွယ်တွေ၊ ပိုပြီးတော့ ထိခိုက်လွယ်တဲ့ အုပ်စုတွေကို အရင်ရွှေ့လိုက်တယ်။ ပြီးရင် တရက်လောက် စောင့်ကြည့်တယ်။ မနေ့က ၇ ရက်နေ့မှာတော့ အခြေအနေမကောင်းဘူး။ အဲဒါနဲ့ အကုန်လုံးကို ရွှေ့လိုက်တယ်။ ဒီနေ့က ပိုဆိုးလာတယ်၊ ၇ ပေလောက် ရေတက်လာတယ်။ ဒီနေ့မှာ ပစ္စည်းတွေရော၊ လူတွေရော အကုန်လုံးကို ရွှေ့လိုက်ရတာပေါ့။ စခန်းမှာက ခြေလျင်သွားလို့ မရတော့ဘူး။ ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေ သွားလို့မရတော့ဘူး။ လှေနဲ့ သွားနေရတဲ့ အနေအထားရှိတယ်။"

ရေဘေးရှောင်နေရသူတွေအတွက် နေထိုင်ရေး အခက်အခဲ ရှိနေပြီး၊ စားသောက်ရေးနဲ့ အဝတ်အထည် လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။ သောက်သုံးရေ အခက်အခဲလည်း ရှိနေတာပါ။ ရေဘေးကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သေဆုံးသူ ၂ ဦး ရှိခဲ့ပြီး၊ ကျွဲ၊ နွား တိရစ္ဆာန် သေဆုံးတာတွေလည်း ရှိပါတယ်။ အခြေခံပညာကျောင်း ၁၀၀ ကျော်ကိုလည်း ရေဘေးကြောင့် ယာယီ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က အနိမ့်ပိုင်း နေရာတွေမှာလည်း မြစ်ရေတက်ပြီး ရေဘေးကြုံနေရသလို၊ သွားလာရေး အခက်အခဲကြောင့် စာသင်ကျောင်းတချို့ကို ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာ မြစ်ရေ စတက်လာပြီး ဒီနေ့အချိန်အထိ မြစ်ရေ တက်နေဆဲဖြစ်လို့ ဘေးလွတ်ရာ ပြောင်းရွှေ့ နေရသူတွေလည်း ရှိတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

"ကျိုက်မရော မြို့ပေါ် ရပ်ကွက်တွေရော၊ ကျေးရွာတွေရော မြစ်ရေတိုးမှုကြောင့် တော်တော်များများတော့ မြုပ်နေတယ်။ တချို့နေရာတွေဆို အိမ်အောက်ထပ်တွေပါ မြုပ်တာရှိတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက မြစ်ရေက ဒူးခေါင်းလောက်ရှိတယ်။ အဲ့လောက်ပဲ ရေစတက်တာ။ မနေ့တုန်းကတော့ ပိုတိုးလာတာပေါ့။ ဒီနေ့ကတော့ မနေ့ကထက် နည်းနည်းလေး ပိုတိုးလာတယ်။ ဘာဖြစ်လို့လဲဆို မိုးအဆက်မပြတ် ရွာနေတော့လေ။ မိုးထပ်ရွာမယ်ဆို မြစ်ရေ ဒီထက်ထပ်တိုးဖို့ပဲ ရှိမယ်ဗျ။ လက်ရှိမှာတော့ ကယ်ဆယ်ရေး စခန်းရယ်လို့ လုပ်ထားတာ မရှိဘူးဗျ။ ၂ ထပ်ရှိတဲ့ အိမ်ဆိုရင်တော့ အပေါ်ထပ်မှာ နေကြတာပေါ့။ အခုက ထောက်ပံ့ရေးပိုင်းတွေလည်း နည်းနေတော့ သူတို့ဟာသူတို့ လှေနဲ့သွားပြီး ဟင်းချက်စရာ ဝယ်ယူပြီးတော့ အပေါ်ထပ်မှာပဲ ဖြစ်သလိုပဲ မီးဖိုပြီးတော့ စားနေရတာပေါ့။"

မိုးအဆက်မပြတ် ရွာသွန်းတဲ့ အရှိန်ကြောင့် ကျိုက်ထိုမြို့နယ်က ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ဝက်ဝံချောင်းတံတားလည်း ပြိုကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မော်လမြိုင်အနိမ့်ပိုင်းရပ်ကွက်တချို့ ရေလျှံ (ဇူလိုင် ၂၀၊ ၂၀၂၃)
မော်လမြိုင်အနိမ့်ပိုင်းရပ်ကွက်တချို့ ရေလျှံ (ဇူလိုင် ၂၀၊ ၂၀၂၃)

သံလွင်မြစ်ရေ တက်လာတဲ့အရှိန်ကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့က မြစ်ကမ်းဘေး နေထိုင်သူတွေနဲ့ ရပ်ကွက်အနိမ့် ပိုင်းတွေမှာလည်း ရေကြီး ရေလျှံတာတွေ ကြုံနေရပြီး အရေးပေါ် ရွှေ့ပြောင်းနေရတာလည်း ရှိပါတယ်။ တချို့နေရာတွေမှာ လမ်းပေါ်ရေကျော်လို့ သွားလာရေး အခက်တွေ့နေပါတယ်။ ကော့ကရိတ် မြို့နယ်မှာလည်း စာသင်ကျောင်းခန်းထဲ ရေဝင်လို့ စာသင်ကျောင်းတချို့ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကျရေ ညအရှိန်ကြောင့် အနိမ့်ပိုင်းမှာ နေထိုင်သူတွေကတော့ ဓမ္မာရုံနဲ့ ရေဘေးလွတ်တဲ့ အသိမိတ်ဆွေတွေဆီ ယာယီ ခိုလှုံနေရတယ်လို့ ကူညီပေးနေသူ တဦးက ပြောပါတယ်။

"အခုကတော့ အမှတ် ၅ ရပ်ကွက်တို့၊ အမှတ် ၆ ရပ်ကွက်တို့၊ ရေလယ်ကုန်း အဲလိုအပိုင်းတွေပေါ့။ နောက် ဝန်ကြီးကွက်သစ် အနိမ့်ပိုင်းတွေ၊ တောနော် အမှတ် ၁ ရပ်ကွက် ကွက်သစ်အနိမ့်ပိုင်းတွေမှာ ရေဝင်တာရှိတယ်ဗျ။ တချို့အပိုင်းတွေမှာ ရေတွေပြန်ကျသွားပြီ။ တချို့အိမ်တွေဆို လုံးလုံးမြှုပ်တာပေါ့။ ဒီလမ်းမဘေး တချို့နေရာတွေမှာဆို အနိမ့်ပိုင်းတွေမှာ ခါးစောင်းလောက်ထိ ရှိတယ်ဗျ။ ကွက်သစ် ၆ လမ်း၊ ၇ လမ်းတွေဆို အိမ်တွေက လုံးဝမြုပ်သွားပြီလေ။ ရေမြုပ်တဲ့ ရပ်ကွက်တွေမှာက ဓမ္မာရုံတွေ ရှိတယ်ဗျ။ ဓမ္မာရုံတွေမှာ သူတို့ရှောင်နေကြတယ်။ တချို့ကလည်း အသိမိတ်ဆွေ အိမ်တွေမှာ သွားနေကြတာ ရှိတယ်ဗျ။"

မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသတွေမှာ ခုလို မိုးများတဲ့ ကာလတွေမှာ ရေကြီးရေလျှံတာတွေ နှစ်စဉ်ကြုံရလေ့ ရှိပါတယ်။ မိုးဇလဌာနက ဒီရက်ပိုင်း မြစ်ရေသတိပေးချက် ထုတ်ပြန်ထားတာမှာတော့ မဒေါက်မြို့၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ ဘီးလင်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်က မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေ မြစ်ရေကြီးမှု သတိပြုနေထိုင်ဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG