သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရေဘေးအန္တရာယ်


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေလွှမ်းမိုးတဲ့မြင်ကွင်း-ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ-နိရဉ္စရာ)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းက ရေလွှမ်းမိုးတဲ့မြင်ကွင်း-ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ-နိရဉ္စရာ)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စတဲ့ မြို့နယ်တွေ မှာ ဒီလဆန်းပိုင်းကစလို့ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ကုလားတန်နဲ့ လေးမြို့ မြစ်ရေတွေ မြင့်တက်လာတာကြောင့် ဒေသတလွှား ရေကြီးရေလျှံမှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီရေကြီးရေလျှံမှုကြောင့် တနင်္လာနေ့က မင်းပြားမြို့နယ်မှာ ၂ ဦး သေဆုံးခဲ့ရသလို မနေ့ အင်္ဂါနေ့မှာတော့ ဒီရေပါတိုးလာပြီး မြစ်ချောင်းအနီးနေထိုင်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။


မြောက်ဦးမြို့နယ်မှာရှိတဲ့ မြတ်တန်ဆောင်း စစ်ဘေးဒုက္ခသည်စခန်းဆိုရင် စခန်းတခုလုံး ရေမြုပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ မြတ်တန်ဆောင်းဆရာတော်က မိန့်ပါတယ်။

" ၇ ရက်နေ့မှာတော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လာတယ်။ ၄ ပေ ပတ်ဝန်းကျင်လောက် ရေတက်တယ်။ ... ဆိုတော့ ဦးဇင်းတို့က နေမကောင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ပြီးတော့ သက်ကြီးတွေ အဲလိုမျိုးတွေ ပိုပြီးတော့ထိခိုက်လွယ်တဲ့အုပ်စုတွေကို ရွှေ့လိုက်တယ်။ ပြီးတော့ တရက်လောက် စောင့်ကြည့်တယ်။ မနေ့က ၇ ရက်နေ့မှာတော့ အခြေအနေမကောင်းဘူးဆိုပြီး အကုန်လုံးကို ရွှေ့လိုက်တယ်။ ဒီနေ့က ပိုဆိုးလာတယ်။ ၇ ပေလောက်အထိရေတက်လာတယ်။ ဒီနေ့မှာ ပစ္စည်းတွေရော၊ လူတွေရော အကုန်လုံးကို ရွှေ့လိုက်ရတာပေါ့။ ကမ့်ထဲမှာတော့ ခြေထောက်နဲ့ သွားလို့မရတော့ဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ သွားလို့မရတော့ဘူး။ လှေနဲ့သွားနေကြရတယ်။ နေရေးထိုင်ရေး အခက်ခဲရှိတယ်။ စားဝတ်နေရေး အခက်အခဲရှိတယ်။ အဝတ်အထည်တွေ လိုတယ်။ နောက်တခုကတော့ သောက်ရေ အခက်အခဲရှိပါတယ်။"

အခုလို ရေကြီးရေလျှံမှုတွေကြောင့် ရခိုင်မြောက်ပိုင်းမှာ သေဆုံးသူနှစ်ဦးရှိသလို တခြား ကျွဲ၊ နွားတိရစ္ဆာန်တွေသေဆုံးတာတွေနဲ့ စာသင်ကျောင်း ၁ဝဝ ကျော်လောက်ကိုလည်း ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေ ပြောဆိုကြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ တနင်္လာ ညနေပိုင်း တိုင်းထွာချက်တွေအရ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၃ ပေခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြေနိမ့်ပိုင်းနေသူတွေ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG