သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ရေဘေး ပြန်လည်ထူထောင်မှု စတင်

  • သိင်္ဂီထိုက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘုန်း ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ရေဘေးဒက္ခသည်များ။

ရေဘေးသင့် ဒေသတချို့ကို ပြန်လည်ထူထောင်ဖို့ မြန်မာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို သမ္မတက ညွှန်ကြားထားတယ်လို့ အစိုးရတာဝန်ရှိသူတို့က ပြောပါတယ်။ ပြည်ထောင်စု အစိုးရဘက်ကတော့ ပြန်လည် ထူထောင်ရေးအတွက် စီမံကိန်းတွေ ချမှတ်နိုင်ဖို့ ကော်မတီတွေ ပြန်လည်ဖွဲ့စည်းနေကြပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံတ၀န်းက လူပေါင်း ၁ သန်းကျော် ရင်ဆိုင်နေရတဲ့ ရေဘေးသင့်နေတဲ့အထဲက အဆိုးရွားဆုံး ဒေသတခု ဖြစ်တဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တချို့က ဦးဆောင်ကြဖို့ သမ္မတ ဦးသိန်းစိန်က စီမံပေးခဲ့တယ်လို့ ရခိုင် အစိုးရရဲ့ပြောခွင့်ရလည်းဖြစ်၊ ဥပဒေချုပ်လည်း ဖြစ်တဲ့ ဦးလှသိန်းက ပြောပါတယ်။

“သမ္မတကြီး ခရီးစဉ်ပြီးတဲ့နောက်မှာ တကယ်လုပ်နိုင်မယ့် လုပ်ငန်းရှင်တွေပေါ့ သမ္မတကြီးက လူနာမည်တွေတပ်ပြီးတော့ ခင်ဗျားတို့ ၀ိုင်းလုပ်ပေးပါလို့ အဲဒီလို ပြောသွားပါတယ်။ အဲဒီထဲမှာ ကျနော်တို့ မင်းပြားဆိုလို့ ရှိရင် ရွှေသံလွင် ဦးကျော်ဝင်းပေါ့နော်။ မင်းပြားရဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ပေါ့၊ သူ့ကို တာဝန်ပေးပါတယ်။ နောက် မြောက်ဦးနဲ့ ပတ်သက်လို့ကတော့ကား CB ဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးကို တာဝန်ပေးပါတယ်။ ဆိုတော့ သူတို့ကတော့ မနေ့ကလည်း ကျနော်တို့ ဒီမှာ ပြန်လည်ထူထောင်ရေး ကိစ္စနဲ့ပတ်သက်ပြီးတော့ ပျက်စီးတဲ့အိမ်တွေကို ပြန်ဆောက်ပေးဖို့ ကိစ္စရယ်၊ မျိုးစပါးတွေ အမြန်ဆုံး ဖြန့်ဖြူးနိုင်ဖို့ရယ်၊ လယ်ယာမြေတွေကို ပြန်ထွန်ယက်ပေးမယ့်ကိစ္စတွေရယ်၊ နောက် စာသင်ကျောင်းတွေ ပျက်တဲ့ကိစ္စကို ဦးစားပေးပြီး ပြင်မယ့်ကိစ္စတွေရယ်၊ နောက် ရေ၀င်တဲ့ရေကန်တွေ သန့်ရှင်းရေး လုပ်မယ့်ကိစ္စတွေရယ်၊ နောက် အများကြီးပေါ့နော်။ ဆေးဝါးကုသတဲ့အပိုင်းတွေပါ အကုန်လုံးကို ကျနော်တို့ စနေပြီလို့ ပြောလို့ ရပါတယ်။”

အရေးပေါ်အခြေအနေ ကြေညာထားရပြီး ရေဘေးကြောင့် လူပေါင်း ၅၀ ကျော်တို့လည်း သေဆုံးခဲ့ရတဲ့ ရခိုင်ပြည် နယ်တွင်းက မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီလို့လည်း ရခိုင်အစိုးရက ပြောပါတယ်။ ဒါ့အပြင် အခု ပြန်လည်ထူထောင်ရေးကို ဦးဆောင်ကြမယ့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေကလည်း ငွေကြေးတောင့်တင်းကြတာမို့ ပြန်လည်ထူထောင်ရေးကို အားစိုက်လုပ်ဆောင်နိုင်ဖို့ ရခိုင် အစိုးရကမျှော်လင့်ထားတာပါ။ ပြည်ထောင်စု အစိုးရဘက်ကတော့ ရခိုင်ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သန်း ၁,၅၀၀ ကနဦး ချထားပေးတဲ့ အကြောင်းလည်း ရခိုင်အစိုးရပြောခွင့်ရက ပြောပါတယ်။

လူပေါင်း ၁ သန်းလောက် ထိခိုက်နေတဲ့ နိုင်ငံတ၀န်း ရေဘေး ပြန်လည်ထူထောင်ရေးဟာ နိုင်ငံသားတဦးချင်းအတွက် သိပ်ကို အရေးကြီးတာကြောင့် နိုင်ငံရဲ့ သယံဇာတ ၀င်ငွေ၊ အခွန်အခ ၀င်ငွေတွေကို စီမံခန့်ခွဲနေတဲ့ အစိုးရက ဦးဆောင် လုပ်ကိုင်ဖို့လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ အကြီးအကဲ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

“အရေးကြီးတဲ့ လူ့ဘ၀တခုရဲ့ အသက်အိုးအိမ် စည်းစိမ်အပါအ၀င် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းတခုလုံးကို သဘာဝ ဘေးအန္တရာယ် စသဖြင့်ပေါ့နော် အစိုးရရဲ့ ကိုယ်တွယ်ပုံ ညံ့ဖျင်းရင် ညံ့ဖျင်းသလိုခံရတဲ့ ဒီလို လုပ်ငန်းမျိုးမှာ အစိုးရရဲ့ Rehabilitation Period (ပြန်လည်ထူထောင်ရေး ကာလ) မှာ ၀င်ရောက်ကူညီမှုဟာ အင်မတန် အရေးကြီးပါတယ်။ အစိုးရ ဆိုတာ နိုင်ငံတကာ အစိုးရအဖွဲ့အစည်းတွေ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့မှ အမြန်ဆုံး (Quick Action) လုပ်နိုင်တဲ့ တခုတည်းသော ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်နိုင်မှုသည်သာလျင် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

သူတို့ရဲ့ ကုမ္ပဏီလုပ်ငန်းဟာလည်း ကျနော်တို့ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ တိုက်ရိုက် ပါဝင်ပတ်သက်ဖို့ တာဝန်မရှိပါဘူး။ ကျနော်တို့ဆိုလိုတာက ဒီပုဂ္ဂလိက လုပ်ငန်းတွေကို နိုင်ငံတော်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တိုက်ရိုက် တာဝန်ပေးတာဟာ ပြည်သူလူထုကို စော်ကားသလို ဖြစ်နေပါတယ်။ အစိုးရ တာဝန်ယူမှုမရှိဘူးဆိုတဲ့ အစိုးရရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကို ဖော်ပြသလိုလည်း ဖြစ်ပါတယ်။”

နိုင်ငံတ၀န်း တိုင်းဒေသကြီး ပြည်နယ် ၁၂ ခုတို့မှာ ကြုံတွေ့နေရတဲ့ ရေဘေးအတွက် ကုလအပါအ၀င် နိုင်ငံတကာရဲ့ လှူဒါန်းမှုတွေ၊ ပြည်တွင်းပုဂ္ဂလိက အလှူရှင်တို့ရဲ့ လှူဒါန်းမှုတွေကို မြန်မာအစိုးရက စီမံခန့်ခွဲဖြန့်ဝေပေးနေသလို ပြည်တွင်း ပုဂ္ဂလိက အလှူရှင်တို့ကလည်း တနိုင်တပိုင် ကူညီနေကြတာဖြစ်ပေမယ့် အကူအညီတွေကတော့ လုံလောက်မှု မရှိသေးပါဘူး။ လက်ရှိ ပြန်လည်ထူထောင်ရေးအတွက် ပြည်ထောင်စု အစိုးရဘက်က ဆောင်ရွက်ချက်တွေကိုတော့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက အခုလို ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးလုပ်ငန်း မစသေးဘူးဆိုတာက အခုအချိန်ထိအောင်က ဧရာဝတီရဲ့ ခုနက ဇလွန်တို့ ငသိုင်းချောင်းတို့ ရေကြည်တို့မှာက ရေကြီးနေတယ်ပေါ့နော်။ ရေ တိုးပြီးတော့မှ ဆင်းနေတယ်ပေါ့။ အဲဒီတော့ ဟိုဘက်က ရေကျသွားပြီ ဆိုတဲ့ ကျနော်တို့ မုံရွာ တ၀ိုက် နောက်တခါ ကလေးတ၀ိုက် နေရာတွေဟာလည်း အခုလက်ရှိမှာ ကျနော်တို့က သန့်ရှင်းရေးတွေ လုပ်နေတာ တွေ့မှာပါ။ အဲတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကိုပေါ့နော် စပြီးတော့မှ မလုပ်နိုင်သေးပါဘူး။”

ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီးတွေက ပျက်ဆီးဆုံးရှုံးမှု အခြေအနေတွေကို ကောက်ယူပြီး ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။ လတ်တလောမှာတော့ နိုင်ငံတ၀န်း တိုင်းနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ရေဘေးသင့်တာကြောင့် လူပေါင်း ၁ သန်းကျော် ထိခိုက်ရသလို သေဆုံးသူဟာလည်း ၁၀၀ နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ရေဘေးကြောင့် ဒုက္ခသည် စခန်းဖွင့် ကယ်ဆယ်ထားရတဲ့ အရေအတွက်ကလည်း ၂ သိန်းကျော်ရှိပြီး ရေပြန်ကျလာပြီ ဖြစ်ပေမယ့် ကျေးရွာတွေ ရွှံ့နွံဖုံးတာတွေ အပါအ၀င် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အိုးအိမ် ပျက်စီးမှုတွေကြောင့် အများစုကတော့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG