သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းလုံခြုံရေးတိုးမြှင့်


မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းမှာ လုံခြုံရေးတိုးမြှင့်ထား
မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းမှာ လုံခြုံရေးတိုးမြှင့်ထား

ထိုင်းနိုင်ငံနဲ့ အစပ် ကရင်ပြည်နယ် မြဝတီမြို့အတွင်းမှာ မြန်မာစစ်တပ် နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား နယ်စပ်တလျှောက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာပါ လုံခြုံရေး တင်းကျပ်ထားပါတယ်။ မနေ့က တာခ့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး လုံခြုံရေးအတွက် ပြင်ဆင်တာတွေလည်း ရှိနေတဲ့အကြာင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထိုင်းအာဏာပိုင်တွေဟာ မနေ့ သြဂုတ်လ ၁၅ ရက်နေ့က တာခ့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ် အစည်းဝေးခေါ် ယူခဲ့ပြီး လုံခြုံရေးအတွက် ပြင်ဆင်တာတွေ လုပ်နေသလို၊ နယ်စပ်မြို့ မဲဆောက်မှာ လုံခြုံရေး တင်းကျပ် စစ်ဆေးတာတွေ ပိုပြီး လုပ်ဆောင်နေပါတယ်။

နယ်စပ် မြဝတီမြို့မှာရှိတဲ့ လက်ခတ်တောင် တပ်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိပ်မကြာခင်ကပဲ သိမ်းယူခဲ့ပြီးတဲ့နောက် ဒီစခန်းကို ပြန်လည် ရယူဖို့ စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ ကြိုးပမ်းနေတာနဲ့အမျှ ဒီရက်ပိုင်း နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နယ်စပ်တဝိုက် စစ်လေယာဥ်တွေ ဝဲပျံနေတာတွေကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းကို ကျော်ပြီး လက်နက်ကျည်တွေ ကျမှာကို ထိုင်းဘက်က စိုးရိမ်သလို၊ မြန်မာဘက်ကနေ တရားမဝင် ဝင်ရောက်မှုတွေ ပိုများလာမှာကိုလည်း မလိုလားပါဘူး။ ဒါကြောင့် နယ်စပ်တလျှောက် လုံခြုံရေး စောင့်ကြပ် စစ်ဆေးတာ ကင်းလှည့်တာတွေ ပိုပြီး လုပ်လာနေတယ်လို့ ထိုင်းနယ်စပ်မြို့ မဲဆောက်မှာ နေထိုင်တဲ့ မြန်မာပြည်သားတဦးက သူ မြင်တွေ့ရတာကို ဗွီအိုအေကို ပြောပြပါတယ်။

မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းမှာ လုံခြုံရေးတိုးမြှင့်ထား
မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် ထိုင်းမှာ လုံခြုံရေးတိုးမြှင့်ထား

"အဓိကအားဖြင့် ထိုင်းနိုင်ငံအခြေစိုက် အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေရယ်၊ အထူးတပ်ဖွဲ့တွေ၊ ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေမှာ ကင်းလှည့်တာ၊ ပတ်ကင်းလုပ်တာတွေ တွေ့နေရတယ်။ ထိုင်းဘက်ကတော့ မြန်မာဘက်က တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာဆိုရင် သူတို့ဘက်ခြမ်းကို စိုးရိမ်လို့ စခန်းချတာ၊ ကင်းစောင့်တောစစ်ဆေးတာ၊ လှည့်ကင်းတွေ လုပ်နေတာတွေ့ရတယ်။ အဓိက ကတော့ သူတို့က ဆိုင်ကယ်တွေကို စစ်တယ်။ စက်ဘီးတွေကို စစ်တယ်။ ပြီးတော့ လမ်းသွားလမ်းလာတွေကိုလည်း စစ်တယ်။ ဈေးဘက်မှာဆိုလည်း ပုလိပ်ဆိုင်ကယ်တွေ မော်တော်ပီကယ်တွေကော အများကြီး ပတ်တာလည်း တွေ့ ရတယ်။"

မနေ့တုန်းကလည်း မဲဆောက်နယ်မြေ ဘန်ဝမ်တာခန်ကျေးရွာ အမှတ် (၇) က စက်ရုံ ၅ ရုံကို ထိုင်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးခဲ့ပြီး စက်ရုံအတွင်း တရားမဝင် မြန်မာနိုင်ငံသားတွေ လာရောက် နေထိုင်နေခြင်း ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

ခုချိန်မှာ ထိုင်းစစ်တပ်ဘက်က နယ်စပ် လုံခြုံရေး စိုးရိမ်ပြီး တင်းကျပ်တာတွေ ရှိသလို ထိုင်းပြည်သူတွေ ကြားမှာလည်း မြန်မာဘက်ခြမ်း တိုက်ပွဲတွေကနေ ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျည်ဆံတွေ ကျရောက်မှာ စိုးရိမ်တာကြောင့် နယ်ခြားနေရာတွေမှာ မနေရဲဘဲ တိမ်းရှောင်နေကြသူတွေလည်း ရှိတယ်လို့လည်း မဲဆောက်မှာ နေထိုင်သူက ပြောပါတယ်။

"မနေ့က ဆိုရင်လည်း လေယာဉ်တွေနဲ့ ပတ်တာ။ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ မြန်မာဘက်မှာရှိတော့ ထိုင်းစစ်တပ်သာမကဘူး ထိုင်းပြည်သူတွေကပါ စောင့်ကြည့်နေကြတယ်။ ပြောဆိုနေကြတယ်။ သူတို့ဘက် လေယာဉ်လာပြီဆိုရင် သောင်ရင်းမြစ်အနီး ထိုင်းနယ်စပ်နဲ့ အရမ်းနီးကပ်နေတော့ တချို့လေယာဉ်က ပစ်တဲ့လက်နက်ကြီးတွေက သူတို့ထိုင်းဘက်ကို ကျလေ့ကျထ ရှိတယ်။ အရင်ကဆိုရင် ထိုင်းဘက်က ကျောင်းတွေပိတ်ရတာ။ ကမ်းနဘေးက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်ရတာတွေ ရှိတော့ ထိုင်းဘက်က စိုးရိမ်နေတယ်။ အရင်တုန်းကလည်း အဲဒီလိုမျိုး ကျလေ့ကျထလည်း ရှိခဲ့ဖူးတော့ အခုလည်း ကျနိုင်တယ်ပေါ့။ မြန်မာဘက်က လက်ခတ်တောင်က ထိုင်းနဲ့ နီးနေတော့ မနေ့က လေယာဉ်လာတာတွေ ရှိတယ်၊။ ထိုင်းဘက်ကလည်း အဲ့ဒါကို စောင့်ကြည့်နေတဲ့ သဘောပေါ့။ အဲဒါကို ကျနော်တို့ တွေ့ရတယ်။"

ဒီကနေ့ ၁၆ ရက်နေ့မှာတော့ ထိုင်း−မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက် နယ်ခြား ထိစပ်နေတဲ့ နေရာတွေမှာ နယ်ခြားစောင့်တပ် ၃၄၆ နဲ့ မဲဆောက်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာဘက်ကနေ ဝင်လာမယ့် မြစ်ကူးလမ်းတွေမှာ ကင်းတွေချ စောင့်ကြပ်ပြီး လမ်းသွားလမ်းလာတွေကို ရပ်တန့် စစ်ဆေးနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ထိုင်း−မြန်မာ နယ်စပ် ဖွတ်ဖရ မြို့နယ်၊ ထဆောင်ရမ်း မြို့နယ်အတွင်းက တောလမ်း တွေမှာပါ လုံခြုံရေး တိုးချပြီး လမ်းတွေကို ယာယီ ပိတ်ထားဖို့ ထိုင်းဘက်က ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။ မြန်မာဘက်က စစ်တပ်နဲ့ နယ်ခြားစောင့်တပ်က တိုက်ပွဲတွင်း ဒဏ်ရာရ သူတွေကိုတော့ မြဝတီဆေးရုံနဲ့ ထိုင်းဘက်အထိ ပို့ဆောင် ကုသနေတာတွေ ရှိနေတယ်လို့လည်း မြဝတီ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG