သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိ


ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)
ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာ ကျေးရွာအုပ်စုက မန မှော်မှာ မြေစာပုံပြိုကျပြီး လူ ၄၀ ဝန်းကျင် ရေလှိုင်းရိုက် ပျောက်ဆုံးခဲ့ရာမှာ ဒီကနေ့ ညနေပိုင်းအထိကတော့ ရုပ်အလောင်း ၂၀ ဝန်းကျင်လောက် ရှာတွေ့ထားပါတယ်။ ရှာဖွေရေး လုပ်ငန်းတွေကိုတော့ ဖားကန့်မြို့နယ်မှာ ရှိတဲ့ လူမှုရေးအဖွဲ့တွေက အဓိက ဆောင်ရွက်နေပြီး မြေပြိုတာတွေ ထပ်ဖြစ်တဲ့အပြင် မိုးကလည်း အဆက်မပြတ် ရွာနေတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကြန့်ကြာမှုတွေ ရှိနေတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန် က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ်၊ အေးမြသာယာ ကျေးရွာအုပ်စုက မန မှော်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေ ၃ နာရီခန့်က မြေစာပုံ ပြိုကျခဲ့တာပါ။ ရေမဆေးကျောက် ရှာသူတွေနဲ့ ရွှေမျောတိုက်သူတွေဟာ ရေကန်လိုဖြစ်နေတဲ့ ကျင်းဟောင်း နဘေးမှာ အလုပ်လုပ်နေတဲ့အချိန် အမြင့်ပေ ၃၀၀ ကျော်ရှိတဲ့ မြေစာပုံကြီးက ကျင်းဟောင်းရေကန်ထဲ ပြိုကျပြီး ရေလှိုင်းရိုက်တာကြောင့် လူ ၄၀ လောက် မျောပါ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဖားကန့်မြို့က လူမှုကူညီရေး အဖွဲ့တွေက ပျောက်ဆုံးသူတွေကို ရှာဖွေခဲ့ပေမဲ့၊ တနင်္လာနေ့က တလောင်းမှ မတွေ့ခဲ့ပါဘူး။ ဒီကနေ့ နေ့ခင်း ၁ နာရီခန့်မှာတော့ ရုပ်အလောင်း ၁၂ လောင်း စတင်တွေ့ခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေသူတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ ၁ နာရီအထိတော့ အလောင်း ၁၂ လောင်း ပေါ်ခဲ့ပြီပေါ့နော်။ ပျောက်ဆုံးတာက စာရင်းလာပေးထားတာ အကုန်လုံး ၃၆ ယောက်ရှိတယ်။ တခြား ပိုင်ရှင်မဲ့တွေလည်း ရှိနိုင်သေးတယ်။ ပြီးရင် ဆေးရုံမှာ အသေးအဖွဲ ဒဏ်ရာရတဲ့သူက ၈ ယောက်ရှိတယ် အကုန်လုံး။ ၃ ရက်မြောက်နေ့မှ အလောင်းတွေ ပေါ်လာတာပေါ့နော်။”

ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)
ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)

ညနေ ၃ နာရီ အချိန်ခန့်မှာတော့ အလောင်း ၁၈ လောင်းအထိ တွေ့ထားကြောင်းနဲ့ လက်ရှိမှာ ပြိုကျတဲ့ မြေစာပုံ အလယ်ကနေ ရေစိမ့်ကျပြီး မြေထပ်မံ ပြိုတာကြောင့် ရှာဖွေရေး ဆောင်ရွက်ရာမှာ အခက်အခဲ ရှိနေတဲ့အကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးကလည်း ပြောပါတယ်။

“ မနက အလောင်း ၁၈ လောင်း ဟုတ်တယ်။ အခုက တောင်ပြိုလို့လေ။ တောင်ပြိုလို့ ကျနော်တို့တောင် ပြန်ပြီးတော့ ပြေးလာရတာ။ မိုးကရွာ တောင်က ပြန်ပြိုတယ်လေ။ ပြိုထားတဲ့တောင်က ရေအလည်ကနေပြီး ဖောက်ထွက်လာပြီးမှ ပြိုလို့လေ။ ”

အခြား ကယ်ဆယ်ရေးဆောင်ရွက်နေသူ တဦးကတော့ ညနေ ၄ နာရီခန့်မှာ ၂၁ လောင်း တွေ့ထားကြောင်းနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေအတွက် ကရုဏာကြေး ထောက်ပံ့ဖို့ ပြင်ဆင်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“ အခု ၂၁ နောက်ထပ် ထပ်ပေါ်တယ်လေ။ ထောက်ပံ့အနေအထားတွေကတော့ ဒဏ်ရာရတဲ့သူကတော့ ၄ သိန်းလို့ ကြားတယ်။ ဟိုဟာတော့ ၁၀ သိန်းလို့ ကြားတယ်။ သေတဲ့သူတွေကတော့။ ဘယ်က ပေးတယ်ဆိုတာတော့ မသိသေးဘူး။ ကျနော်တို့လည်း အလုပ်က ရှုပ်နေတာဆိုတော့ ဂဃနဏမမေးမိသေးဘူး။ ”

၄ နာရီခွဲ အချိန်မှာတော့ ၂၃ လောင်း တွေ့ရှိထားပြီ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ မြေစာပုံပြိုကျတာကြောင့် မြေပိ ဒါမှမဟုတ် ရေနစ် သေဆုံးတာတွေ မကြာခဏ ဖြစ်တတ်တာပါ။ ဒီလ ၅ ရက်နေ့ကလည်း မှော်စီစာ ကျေးရွာမှာ မြေပြိုကျတာကြောင့် လူတဦး သေဆုံးခဲ့ရပါတယ်။
၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားတဲ့ ဝေခါမှော် မြေစာပုံပြိုကျမှုမှာ လူ ၁၇၀ ကျော် သေဆုံးခဲ့ရပြီး ဒါဟာ ဖားကန့်မြို့နယ်မှာ အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)
ဖားကန့်မြေစာပုံ ပြိုကျမှုမှာ သေဆုံးသူ အလောင်း ၂၀ ခန့် ရှာဖွေတွေ့ရှိထား (သြဂုတ် ၁၅၊ ၂၀၂၃)

ဒီဖြစ်စဉ်မှာတော့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကနဦးအနေနဲ့ ဒဏ်ရာရသူ တဦးကို ကျပ်ငွေ ၂ သိန်းနဲ့ သေဆုံးတဦးအတွက် မိသားစုကို ၅ သိန်း ထောက်ပံ့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပအလှုရှင်တွေရဲ့ စုပေါင်းငွေနဲ့ ဒဏ်ရာရသူတဦး အတွက် ကျပ်ငွေ ၅ သိန်း နဲ့ သေဆုံးသူတဦးအတွက် ကျပ်ငွေ သိန်း ၃၀ ထောက်ပံ့ ပေးအပ်ခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စက်ယန္တားကြီးတွေ အသုံးပြုပြီး အလွန်အကျွံ ကျောက်စိမ်းတူးဖော်တာနဲ့ စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်တာကြောင့် မြေစာပုံပြိုပြီး ခုလို လူထိခိုက် သေဆုံးတာတွေ ကြုံရသလို၊ မြေစာတွေ ဥရုချောင်းအတွင်း ကျရောက်တာကြောင့်လည်း နှစ်စဉ် မိုးရာသီမှာ ရေကြီး ရေလျှံတာတွေ ဖြစ်ရတာလို့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေက ဝေဖန် ပြောဆိုကြပါတယ်။

ကချင်လူထုအခြေပြု လူမှုအသင်းအဖွဲ့ ၁၆ ဖွဲ့ကတော့ အစိုးရအဆက်ဆက် သာမက ကချင်လက်နက်ကိုင် အဖွဲ့တွေနဲ့ ကုမ္ပဏီကြီးတွေကပါ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ကျောက်စိမ်း တူးဖော်တာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး လူတွေ အသက်ဆုံးရှုံးရကြောင်း၊ ဒီအဖြစ်မျိုး ထပ်မံ မကြုံတွေ့ရအောင် ကျောက်စိမ်းတူးဖော်တာနဲ့ စီမံခန့်ခွဲတာကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG