ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး တဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့သလို၊ မြေပြင်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီနေ့အထိလည်း အခြေအနေက တင်းမာနေဆဲ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနားက ပြည်သူ ၃,၅၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဖားကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေကို မအေးသန္တာကျော် က တင်ပြပေးပါမယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်နဲ့ နမ့်မှော် တပ်စခန်းတွေကို ဒီလ ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ကသိုင်းတောင်စခန်းကို သိမ်းယူခဲ့တာပါ။ ဒီလ ၈ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေ ရှိသလို၊ မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်းနဲ့ လက်ရှိမှာလည်း နှစ်ဘက်အကြား စစ်ရေး တင်းမာမှုတွေ ရှိနေတယ်လို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။
“၈ ရက်နေ့မှာ ကသိုင်းတောင် စခန်းဘက်မှာ လေကြောင်းကနေ အကြီးအကျယ် ဗုံးလာကြဲတဲ့ ဖြစ်စဉ်တွေရှိတယ်။ နောက် မြေပြင်ဘက် ကလည်း ထိုးစစ်ဆင်တယ်။ မနေ့ကတော့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်တဲ့ဟာ ရှိပါတယ်။ ဒီနေ့ကတော့ အဲဒီဘက် အသံတွေ ပြန်မကြားတော့ဘူး။ ဆိုတော့ အဲဒီ ကသိုင်းတောင်မှာကတော့ သူတို့ ပြန်ထိုင်နေပြီလားပေါ့နော်။ မသိရသေးဘူး။ ကျနော်တို့လည်း မေးတော့ မေးကြည့်တယ်။ ခုထိကတော့ ဘာမှ Reply (ပြန်ပြောလာတာ) ကတော့ မရသေးဘူး ဖြစ်နေတယ်။ အားလုံးကတော့ တင်းမာနေတဲ့ အနေအထားပဲ ဖြစ်ပါတယ်။”
စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်သလို ဖားကန့်နဲ့ ဆန်းကြွယ် တပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ကသိုင်းတောင်နဲ့ နမ့်မှော်ဒေသဘက်က ပြည်သူတွေဟာ မှော်ရှန်နဲ့ ဆိုင်းအောင် ကျေးရွာတွေဘက်ကို ထပ်မံ တိမ်းရှောင်လာနေကြပါတယ်။
လောလောဆယ်မှာတော့ စစ်ရှောင်တွေဟာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေကြပြီး စုစုပေါင်း ၃,၅၀၀ လောက် ရှိနိုင်တယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင်က သင်္ခါလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးညီညီက ပြောပါတယ်။
“မှော်ရှန်ကျောင်းမှာက ၂,၅၀၀ ရှိတယ်။ စိန္တသုခကျောင်းမှာက ၁၅၀ ရှိတယ်။ နောက် ကချင် RC ကျောင်းမှာက ၁၀၀။ နောက်ထပ် ကချင် RC ကျောင်းတခုမှာက ၂၀၀ လောက် ရှိတယ်။ ဆိုင်းညံ RC ပေါ့။ နောက်ပြီး ကျောက်သွေးတောင် ဘုန်းတော်ကြီးကျောင်းပေါ့။ ကျောက်သွေးတောင် ကျောင်းမှာက ၁၅၀ လောက် ရှိတယ်။ နောက်ပြီး မော်လကင် ကျောင်းမှာက ၁၀၀ လောက် ရှိတယ်။ မော်လကင် ဘုန်းကြီးကျောင်းပေါ့။ နောက်ပြီး ဝေခါကျောင်းမှာ ၂၀၀ လောက် ရှိတယ်။ အားလုံးပေါင်း ခန့်မှန်းခြေ ၃,၅၀၀ လောက်ရှိမယ်။ ခုက ရွာတွေ ၄ ရွာလောက်က ပြန်ရွှေ့လာတာ။ နေလို့ မရလို့လေ။ ပထမရက်က သိပ်မရှိဘူး။ မနေ့က လေယာဉ်တွေဘာတွေ လာတဲ့အခါ အားလုံးရွာတွေက နေလို့ မရလို့ ပြန်ရွှေ့လာတာ ဘုန်းတော်ကြီးကျောင်းကို။”
စစ်ရှောင်တွေကိုတော့ သင်္ခါလူမှုကူညီရေးအသင်းက ကမကထပြုပြီး အခြားလူမှုရေးအသင်းတွေနဲ့ ရပ်မိရပ်ဖတွေက စားသောက်ရေးကို ဆောင်ရွက်ပေးနေသလို မေတ္တာရှင်အသင်းက ဆေးကုသပေးနေကြောင်း ပြောပါတယ်။
ဒေသခံအချို့ကတော့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရားကျောင်းမှာ ခိုလှုံနေသူတွေ ရှိကြောင်းနဲ့ လူဦးရေ စာရင်းတော့ မသိကြောင်း ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ကသိုင်းတောင်ဘက်မှာ ဒေသခံ ၆၀၀ လောက် တိုက်ပွဲအတွင်း ပိတ်မိတာရှိကြောင်း ဖော်ပြပေမဲ့ ဗွီအိုအေ အနေနဲ့တော့ ဒါကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
ကချင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက KIA ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒေသအနှံ့မှာပါ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့သလို စစ်ရေး တင်းမာမှု အရှိန် မြင့်တက်နေတာ ဖြစ်ပါတယ်။