သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့တွေ လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်


KIA တပ်သားများ (ယခင်ပုံဟောင်း)
KIA တပ်သားများ (ယခင်ပုံဟောင်း)

နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးမှာ မနေ့ ကြာသပတေးနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ညပိုင်းမှာတော့ နမ့်ဆန်ယန်အနီးမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းက ဒုံးကျည်နဲ့ ပစ်ခတ်တာအပြင် ဗုံးကြဲ တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်းနဲ့ အထိအခိုက် သတင်းတော့ မရရှိသေးကြောင်း KIO က ပြောပါတယ်။ ဒီရက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေကို ကိုရန်နိုင် က စုစည်း တင်ပြထားပါတယ်။

KIO ဌာနချုပ်လိုင်ဇာအနီး၊ မြစ်ကြီးနား - ဗန်းမော် ကားလမ်းတလျှောက်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတာမှာ မနေ့ ကြာသပတေးနေ့က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အထက် မဒီယန် ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တနေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ ညပိုင်းမှာတော့ တိုက်ပွဲ ဖြစ်ရာဘက်ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိတယ်လို့ မိုးမောက်မြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ဟို ဒေ့ါဖုန်း(ယန်) အထက်ပေါ့နော်။ မဒီးယန်ဘက်မှာ အကြီးအကျယ် ဖြစ်တယ်တဲ့။ သူတို့ မဒီးယန်၊ ခါရာနဲ့ ဂျာအိန်ယန် အဲဒီဘက်မှာ သူတို့က ပိတ်မိလို့ ညက လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာပေါ့။”

KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူ ကလည်း မဒီးယန်ဘက်မှာ တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ အချို့ ပိတ်မိတာတွေ ရှိကြောင်းနဲ့ ည ၁၁ နာရီလောက်မှာ လေကြောင်းက တိုက်ခိုက်တာ ဖြစ်ကြောင်း ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“မနေ့က ၁၀ နာရီခွဲ အချိန်လောက်ပေါ့။ ၁၁ နာရီ ဝန်းကျင်လောက်မှာ လာပြီးမှ ဗုံးကြဲတာရှိပါတယ်။ ရော့ကက်နဲ့ ပစ်တာတွေ၊ ဗုံးကြဲတာတွေ ရှိပါတယ်။ ထိခိုက်မှုတွေကတော့ ကျနော်တို့ ဘာမှ မကြားဘူး။ သူတို့ မသင်္ကာတဲ့ဘက်မှာပဲ ဗုံးကြဲတယ်လို့ ထင်ပါတယ်။ ရော့ကက်နဲ့ ၃ ကြိမ်လောက်ပေါ့။ ဗုံးတစ်လုံးလောက် ကြဲတယ်လို့တော့ ကြားရတယ်။ အဲဒါ နမ့်ဆန်ယန်ဘက်မှာပဲ ဖြစ်ပါတယ်။ အဲဒီနေရာက သူတို့ စစ်ကြောင်းတွေလည်း ထိုးနေတဲ့နေရာ ဖြစ်ပါတယ်။ မနေ့က တနေကုန်လောက် အဲဒီဘက်မှာ မြေပြင်တိုက်ပွဲတွေပေါ့။ ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်။ အဲဒါကြောင့် သူတို့က လေကြောင်းတွေလည်း လာပစ်ကူတာ ထင်တယ်။”

နမ့်ဆန်ယန်ဒေသဘက်မှာ ဒီလ ၂၁ ရက်နေ့ ညပိုင်းကလည်း လေကြောင်းက တိုက်ခိုက်တာ ရှိခဲ့ပါတယ်။ ဒီလ ၂၅ ရက်နေ့ကတော့ မြစ်ကြီးနား- ဗန်းမော်ကားလမ်း ဒေါ့ဖုန်းယန်အနီးက ခါလားမှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဗိုလ်မှုးကြီး နော်ဘူကတော့ ဒီတိုက်ပွဲသတင်းကို အတည်ပြုချက် မပေးပါဘူး။ ဒါပေမဲ့ အဲဒီနေ့က ဝိုင်းမော်မြို့နယ် ဒဘတ်ယန်နဲ့ ကဇူးဘက်မှာတော့ တိုက်ပွဲ တနေ့တည်း ၂ ကြိမ်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

လိုင်ဇာအနီး မြစ်ကြီးနား- ဗန်းမော် ကားလမ်းတလျှောက်မှာ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်နေချိန်မှာပဲ ဒီလ ၂၆ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ်၊ ဆဒုံး- ကံပိုက်တည် ကားလမ်းက လဂျောင် အနီးမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ကို KIA က ကြားဖြတ် တိုက်ခဲ့ကြောင် ဝိုင်းမော် ဒေသခံက ပြောပါတယ်။
ဗိုလ်မှုးကြီးနော်ဘူကတော့ ဆဒုံးဒေသ တိုက်ပွဲကို သူမကြားကြောင်း ပြောဆိုပြီး ၂၅ ရက်နေ့မှာတော့ တနိုင်းမြို့နယ် အတွင်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာ ရှိကြောင်း ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ တနိုင်းမြို့နယ်အတွင်းတိုက်ပွဲမှာ ဒေသခံတဦး သေနတ် ထိမှန်ဒဏ်ရာရခဲ့သလို၊ စစ်ကောင်စီ စစ်ကြောင်းက ရွာသားတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဖော်ပြတာတွေ ရှိနေပါတယ်။ ဗွီအိုအေ အနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီရက်ပိုင်းတွေ အတွင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ပြင်းထန်တာတွေ ရှိသလို စစ်ကောင်စီတပ်နဲ့ TNLA တအန်း (ပလောင်) တပ်အကြားမှာလည်း တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ TNLA ကတော့ ဒီလ ၂၇ ရက်နေ့က ကွတ်ခိုင်မြို့နယ် အီနိုင်းရွာနဲ့ ၂၅ ရက်နေ့က ဆိုင်ခေါင်ရွာကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG