သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မှာ တနေ့တည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်


ဝိုင်းမော်မြို့
ဝိုင်းမော်မြို့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား စစ်ရေး တင်းမာနေချိန် ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာလည်း အင်္ဂါနေ့က တနေ့တည်းမှာတင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။ မိုးမောက်မြို့နယ် အတွင်းမှာလည်း တိုက်ပွဲ တကြိမ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေကတော့ ပြောပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာတော့ စစ်ကောင်စီတပ်က TNLA တအန်း(ပလောင်) တပ်ကို လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတဲ့အကြောင်း ကချင်နဲ့ ရှမ်းပြည်နယ်ဘက်က စစ်ရေး အခြေအနေတွေကို ကိုငြိမ်းချမ်းကစုစည်း တင်ပြပေးပါမယ်။

စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီလ ၃ ရက်နေ့က လိုင်ဇာအနီး နမ့်ဆန်ယန်မှာ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်တက်နေခဲ့သလို တိုက်ပွဲတွေလည်း ဆက်တိုက် ဖြစ်နေတာပါ။ ဒီလ ၂၅ ရက်၊ အင်္ဂါနေ့ မှာတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ကြောင်း KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ မြစ်ကြီးနားဘက်က စစ်ကူစစ်ကြောင်းတွေကို ကျနော်တို့ လမ်းမှာ ကြားဖြတ်ပြီးမှ ခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ၂ ကြိမ်ပေါ့။ ဟို ကဇူး၊ ဒဘတ်။ အဲ့ဒီဘက်မှာ ဖြစ်တာဖြစ်ပါတယ်။ နေရာကတော့ မလားယန်ပေါ့။”

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်မှု အခြေအနေကိုတော့ အသေးစိတ် ပြောဆိုတာမရှိပါဘူး။ မိုးမောက်မြို့နယ် အတွင်းမှာလည်း ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းကို ဒေါ့ဖုန်းယန်အထက် ခလားယန်ရွာ အနီးမှာ KIA က ကြားဖြတ် တိုက်ခိုက်ခဲ့တာရှိကြောင်း မိုးမောက်ဒေသခံ တဦးက ပြောပါတယ်။

“ဒီဘက်က အတက်နဲ့ ဟို.. ခါလား မရောက်ခင် ချောင်းဆုံမှာဖြစ်တာ။ ပြန့်ပေါ့။ ဒီဘက်ကတော့ ဒေ့ါဖုန်းယန်ကနေ တက်ခဲ့တာပေါ့။ ချောင်းဆုံမှာဖြစ်တာ။ ၁၁ နာရီ နည်းနည်းကျော်ပေါ့။ သူတို့ ဟိုမှာ ကောက်စိုက်နေတဲ့ သူတွေတောင်မှ အကုန်လုံး ထွက်ပြေးခဲ့တယ်။ မနေ့က တိုက်ပွဲမှာကတော့ တပ်မတော်ဘက်က ၂ ယောက် ဆုံးတယ်တဲ့။ ဒီနေ့တော့ ထပ်မဖြစ်ဘူး။”

ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်တော့ မရပါဘူး။ ဗိုလ်မှုးကြီးနော်ဘူ ကတော့ မိုးမောက်ဘက်က တိုက်ပွဲသတင်း မကြားသိရသေးဘူးလို့ ပြောပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ KIO ဌာနချုပ် လိုင်ဇာအနီး နမ့်ဆန်ယန်ရွာဘက်ကို ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေကို KIA က ကြားဖြတ် တိုက်ခိုက်တာကြောင့်ဖြစ်တယ်လို့ ဒေသခံအများစုကတော့ ပြောဆိုကြပါတယ်။

ဒီလ ၂၁ ရက်နေ့ကတော့ နမ့်ဆန်ယန်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တအန်း(ပလောင်)တပ် အကြားမှာ ဒီရက်ပိုင်းအတွင်း တင်းမာမှုတွေ ပြန်လည် မြင့်တက်လာနေပါတယ်။

TNLA တအန်း(ပလောင်)တပ်
TNLA တအန်း(ပလောင်)တပ်

ဒီလ ၂၅ ရက်နေ့ အင်္ဂါနေ့မှာပဲ TNLA တပ်ဖွဲ့တွေ အခြေပြုရာ မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်ခေါင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ အရပ်သားတဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“မနေ့ကတော့ မူဆယ်မြို့နယ်ထဲက ဆိုင်ခေါင်ရွာမှာတော့ လေယာဉ်နဲ့လည်း လာပစ်တယ်။ တယောက် သေတယ်လို့တော့ ကြားတယ်။ ထိခိုက်ဒဏ်ရာတော့ မကြားဘူးဗျ။ တယောက်တော့ သေသွားတယ်။ လက်နက်ကြီး ကျပြီးတော့။ အဲဒီ ဆိုင်ခေါင်ရွာက။ ဒီနေ့တော့ ဘာသံမှ မကြားရပါဘူး။”

TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ရဲ့ သတင်းစာမျက်နှာမှာတော့ ဆိုင်ခေါင်ကျေးရွာကို MI 35 ရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်သလို ၁၀၅ မမ နဲ့လည်း ပစ်ခတ်ခဲ့ကြောင်း၊ ဒီပစ်ခတ်မှုကြောင့် ရွာသားတဦး သေဆုံးပြီး လူအချို့ ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်ဆီးကြောင်း ဖော်ပြထားပါတယ်။ ဒီပစ်ခတ်မှုဟာ တိုက်ပွဲမဖြစ်ပွားဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ၂၄ ရက်နေ့ ညနေပိုင်းမှာ မူဆယ် ၁၀၅ မိုင်နဲ့ နမ့်ဖတ်ကာ ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း TNLA က သတင်းထုတ် ပြန် ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ TNLA က တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ဒီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ TNLA အကြား မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် အခုလို လေကြောင်းက တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ TNLA အကြားမှာတော့ ဇူလိုင်လအတွင်း ကျောက်မဲ၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်တို့မှာ အနည်းဆုံး တိုက်ပွဲ ၄ ကြိမ် ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ကချင်နဲ့ ရှမ်းမြောက်ဒေသ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG