သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဆက်လက်ပြင်းထန်


KIA တပ်စခန်းတနေရာ (ယခင်ပုံဟောင်း)
KIA တပ်စခန်းတနေရာ (ယခင်ပုံဟောင်း)

KIO ဌာနချုပ် လိုင်ဇာဒေသဘက်ကို စစ်ကောင်စီက မြစ်ကြီးနားနဲ့ ဗန်းမော်ကနေ တပ်အင်အားတွေ တိုးမြှင့် ပို့ဆောင်နေပြီး ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲတွင်း လက်နက်ကြီးကျည် ကျတာကြောင့် နမ့်ဖတ်ကာရွာက ရွာသား ၄ ဦး ထိခိုက်ခဲ့ရာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။ စစ်ရေးပဋိပက္ခတွေ တိုးမြင့်လာနေတဲ့ ကချင်နဲ့ ရှမ်းမြောက်ဒေသက အခြေအနေကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာဒေသမှာ စစ်ရေးတင်းမာမှု မြင့်တက်လာနေတာဟာ ရက်သတ္တ ၂ ပတ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်း ကြိုကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း နေ့စဉ်ဆိုသလို ရှိခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာလည်း ဝိုင်းမော်မြို့နယ် ဂျာပူ ခေါ် မလန်းယန် ဘက်မှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။

“ဂျာပူ (မလန်းယန်) မှာကျတော့ မနေ့က နည်းနည်းပစ်တယ်လို့ ပြောကြတယ်။ နောက် ဒီနေ့လည်း နည်းနည်းပစ်ကြတယ်တဲ့။ အဲဒီ ဒဘတ်ယန်နဲ့ ဂါရာယန်ကျတော့ လောလောဆယ် ဟိုဟာ ဒီဟာတော့ အသံမထွက်ဘူး။”

မလန်းယန်၊ ဒဘတ်ယန်၊ ဂါရာယန်နဲ့ ကဇူး စတဲ့ကျေးရွာတွေဟာ မြစ်ကြီးနား- ဗန်းမော်လမ်းပေါ်မှာရှိပြီး တိုက်ပွဲဖြစ်ရင် ထိခိုက်မှာ စိုးရိမ်တာကြောင့် ဒေသခံ ပြည်သူတွေဟာ စစ်ကောင်စီ စစ်ကြောင်းတွေ ရောက်လာတိုင်း တောတောင်တွေထဲကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

ဒီဒေသတွေဟာ လိုင်ဇာမြို့ရဲ့ မြောက်ဘက် ဝိုင်းမော်ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။ လိုင်ဇာမြို့ရဲ့ တောင်ဘက် မိုးမောက်မြို့နယ် အတွင်းမှာလည်း ဒီကနေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုးမောက်မြို့က ဒေသခံတဦးက ပြောပါတယ်။

“ ဒီမနက်က နောင်းကုန်မှာဖြစ်တယ်တဲ့။ ဒီ မိုးလဲချောင်းနဘေးမှာ။ ၇ နာရီခွဲ ၊ ၈ နာရီ အဲ့လောက်က ဖြစ်တာ။”

နောင်းကုန်ရွာဟာ ဗန်းမော်-မြစ်ကြီးနား ကားလမ်းမရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အတွင်းက လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ ဂါးရာယန်ဘက်မှာ၊ ကဇူးဘက်မှာတော့ ထိုးလာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်ပွဲ ဖြစ်ခဲ့တာတွေ ရှိတယ်။ ဒီမနက်ပဲ ကဇူးဆိုတဲ့ ကျေးရွာနားမှာ ဖြစ်တယ်ဆိုတာ ကြားပါတယ်။ သေနတ်သံတွေ ကြားတယ်ဆိုတာကတော့ သတင်းတော့ တက်ပါတယ်။ ဒါပေမဲ့ တရားဝင်တော့ မဟုတ်သေးဘူးပေါ့။ ဒေါ့ဖုန်းယန်ဘက်မှာ ဖြစ်တာကတော့ မကြားဘူးခင်ဗျ။ ဒေါ့ဖုန်းယန်ဘက်ကတော့ တိုက်ပွဲကတော့ မဟုတ်ဘူး။ လက်နက်ကြီးနဲ့ ပစ်တာကတော့ ရှိပါတယ်။ ရင်ဆိုင် တိုက်ပွဲတွေတော့ မဟုတ်ဘူးခင်ဗျ။ ”

ဒေ့ါဖုန်းယန်ဟာ လိုင်ဇာရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိတာပါ။ ပြီးခဲ့တဲ့ ရက်တွေကတော့ ဒေါ့ဖုန်းယန်မြောက်ဘက် က ခါလားယန် ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နောင်ဝမ့်နဲ့ ဒိန်ဂါယန်ကျေးရွာက ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုမုန်းဘက်မှာလည်း မနေ့ ညနေပိုင်းက စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ စစ်ကောင်စီရဲ့ ကောင်ရာ တပ်စခန်းကို KIA က စီးနင်းခဲ့တာလို့ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ကွတ်ခိုင်ဘက်မှာကတော့ မနေ့က ညနေ ၄ နာရီခွဲ အချိန်ကနေ ဟိုမုံး။ အဲဒီဘက်မှာ တိုက်ပွဲတွေ ရှိတယ်။ အဲဒီ ကောင်ရာ ဆိုတဲ့နေရာကတော့ ကျနော်တို့ တပ်ရင်း ၉ ရဲ့ ဝင်ထွက်တဲ့ ကြားလောက်မှာပေါ့။ သူတို့က အဲဒီလမ်းကို ထိန်းချုပ်ချင်လို့ပေါ့နော်။ ၃လလောက်တော့ ရှိပြီထင်တယ်။ အဲဒီမှာ စခန်းထိုင်တာ။ အဲဒါကို ဝင်စီးတာဖြစ်ပါတယ်။ ဒီနေ့တော့ တိုက်ပွဲကတော့ မရှိဘူး။ ဒါပေမဲ့ ဂျက်ဖိုက်တာတွေ လာဝဲကြတယ်ဆိုတဲ့ သတင်းတော့ တက်ပါတယ်။”

တိုက်ပွဲဟာ ည ၈နာရီလောက်အထိ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နမ့်ဖတ်ကာ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာရွာအတွင်း ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကျည်က လူ ၄ ဦးကို ထိမှန်ခဲ့ရာမှာ တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံက ပြောပါတယ်။

“ မနေ့က တိုက်ပွဲဖြစ်တယ် ပြောရမှာပေါ့။ လက်နက်ကြီးတွေနဲ့ ဟိုဘက်၊ ဒီဘက် ပစ်ကြတာ။ ဘယ်သူ့လက်နက်ကြီး ထိမှန်သလဲတော့ မပြောတတ်ဘူးပေါ့။ ထိတာတော့ ၄ ယောက်ပေါ့။ တစ်ယောက်သေသွားတယ်ဗျ။ မနေ့က သေသွားတယ်။ စောစောကပဲ နမ့်ဖတ်ကာကို ပြန်သယ်လာတယ်။ သူက နမ့်ဖတ်ကာ ဟိုဘက် ရပ်ကွက် ၅ ၊ ဇီဒဗန်ရွာကပေါ့။ တပ်နဲ့ဆိုရင်တော့ မျက်နှာချင်းဆိုင်လောက်မှာ ရှိတာ။”

လက်နက်ကြီး ထိမှန်ပြီး နမ့်ဖတ်ကာ တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီးတဲ့နောက်မှာ ကွတ်ခိုင်ဆေးရုံကို ပြောင်းရွှေ့ ကုသခဲ့တာ ဖြစ်ကြောင်းနဲ့ သေဆုံးသွားသူဟာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားဖြစ်သလို ထိခိုက်သူထဲမှာတော့ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ပါတယ်။

ကွတ်ခိုင်မြို့နယ် အတွင်းမှာတော့ ဒီရက်ပိုင်း စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။ ၁၆ ရက်နေ့ တရက်တည်းမှာတင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပြီး ဒီလအတွင်း ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA အကြား အနည်းဆုံးတိုက်ပွဲ ၇ ကြိမ် ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီလအတွင်း စစ်ကောင်စီနဲ့ TNLA တအန်း(ပလောင်) တပ်အကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့သလို စစ်ကောင်စီနဲ့ MNDAA ကိုးကန့် တပ်အကြားမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG