သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဆက်တိုက်ဖြစ်


ကချင်ပြည်နယ်အတွင်းက ဒေါ့ဖုန်းယန်မြို့တဝိုက်ကို Google Earth မှမြင်တွေ့ရစဉ်

ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကချင်အမျိုးသား လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးက နမ့်ဆန်ယန်ဘက်ကို စစ်ကူတက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေါ့ဖုန်းယန်အနီးမှာ KIA က ဒီကနေ့ မနက် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ နမ့်ဆန်ယန် ဒေသတဝိုက်မှာ စစ်ကောင်စီဘက်က မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်ကနေ အင်အားဖြည့်တင်း တာတွေ ရှိနေပြီး ဒီ ၂ ရက်အတွင်း တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။ KIA ဌာနချုပ် လိုင်ဇာအနီး အရှိန်မြင့်တက်လာနေတဲ့ စစ်ရေးအခြေအနေကို ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။

ဒီလ ၃ ရက်နေ့က စလို့ စစ်ရေးတင်းမာမှုတွေ အရှိန် မြင့်လာခဲ့တဲ့ နမ့်ဆန်ယန်ဒေသကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာတွေ ရှိလာခဲ့ပြီးတဲ့နောက် ဒေသတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနေတာပါ။ ဒီကနေ့ မနက်ပိုင်းမှာပဲ ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒေါဖုန်းယန်အလွန်မှာ KIA နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက်ပိုင်းမှာ ဒေါ့ဖုန်းယန်အထက်၊ ဒီဒိန်ဂါယန် ကျေးရွာအထက် ခါ့လား လေ။ ခါ့လားတောင်ခြေလေ အဲဒီမှာ ဒီမနက်ဖြစ်တယ်။ ဒီ ဒေါ့ဖုန်းယန် ကနေ သူတို့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးတာပေါ့။ ဒါပေမဲ့ အခုက ခြေလျင်နဲ့ သွားတဲ့အခါကျတော့ သူတို့ဒီ ခါ့လားမရောက်ခင် တောင်ကုန်းနားလေးမှာလေ အဲဒီမှာ တိုက်ပွဲဖြစ်တာ။”

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာ မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းမဘေးမှာ ဖြစ်ခဲ့တာပါ။ KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“ဗန်းမော်ဘက်ကနေ စစ်ကူတက်လာတဲ့စစ်ကြောင်းတွေကို ဒီမနက် အဲဒီ ခါ့လားဆိုတဲ့ ရွာဟောင်းနားမှာပေါ့။ ကျနော်တို့ KIA ဘက်က ခုခံတိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီမနက် တစ်နာရီကျော်လောက် ဖြစ်တယ်လို့ ကြားရပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းလို ဖြစ်ပါတယ်။”

ဒီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ကလည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့ကတော့ မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေကို ဂျာပူဆိုတဲ့ရွာမှာ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နောက် မနေ့နေ့လည်လောက်မှာတော့ အဲ မနက်ပိုင်းမှာတော့ နမ့်ဆန်ယန် နားက အောင်ဂျာဆိုတဲ့ ရွာဟောင်းပေါ့။ စစ်ရှောင်ရွာဟောင်းနားမှာပေါ့။ အဲဒီရွာရဲ့နားမှာလည်း ကျနော်တို့နဲ့ မြေပြင်မှာ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေ မိနစ် ၃၀ လောက်ဖြစ်ပါတယ်။ မနေ့ကတော့ ၂ နေရာ ဖြစ်ပါတယ်။ ဒီကနေ့ကတော့ တနေရာဖြစ်ပါတယ်။ တခြားနေရာမှာတော့ အခုထက်ထိ မကြားရဘူး။ အခြေအနေ အဲလို ရှိပါတယ်ခင်ဗျ။”

ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် အထိအခိုက်စာရင်းကိုတော့ ပြောဆိုတာ မရှိပါဘူး။ ဒီလ ၁၁ရက်နေ့ကလည်း မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနားလမ်းက နွမ်လန်းရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA က မိုင်းခွဲ တိုက်ခိုက်ပြီး တိုက်ပွဲတကြိမ် ဖြစ်ခဲ့သလို ဒီလ ၁၂ ရက်နေ့က ဖားကန့်မြို့နယ် ကာမိုင်းနဲ့ လဝါး လမ်းခွဲမှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ ၁ နာရီခွဲလောက်အကြာ တိုက်ပွဲတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။

KIA ဌာနချုပ်နဲ့ ၁၅ မိုင်အကွာခန့်က နမ့်ဆန်ယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာချိန်မှာ ဗန်းမော်မြို့မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဗန်းမော်မြို့က ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာတာမရှိကြောင်း၊ ဒါပေမဲ့ ကိုဗစ်ကာလက ထုတ်ပြန်ထားတဲ့ ၁၄၄ ၊ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတာတော့ မရှိကြောင်း ပြောပါတယ်။ ဒီအမိန့်မှာတော့ ည ၁ ဝနာရီကနေ မနက် ၄ နာရီအထိ နေအိမ် ပြင်ပမထွက်ဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG