သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုံခြုံရေး ရှေ့ပြေးယာဉ်တိုက်ခိုက်ခံရ


 တရုတ်ကိုယ်စားလှယ်အဖွဲ့ (Photo- 7starnews)
တရုတ်ကိုယ်စားလှယ်အဖွဲ့ (Photo- 7starnews)

တရုတ် တပ်မတော်ကိုယ်စားလှယ်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ကံပိုင်တည် ကတဆင့်လာတဲ့ လမ်းခရီးမှာ လုံခြုံရေး ရှေ့ပြေးယာဉ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပေမဲ့ တရုတ်ကောင်စစ်ဝန် နဲ့အဖွဲ့ တိုက်ခိုက်ခံခဲ့ရတယ် ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရှေ့ပြေးယာဉ်အပေါ် ကချင်လက်နက်ကိုင် KIA ကတိုက်ခိုက်တာလို့ စစ်ကောင်စီက ပြောပါတယ်။ KIA ဘက်ကရော ဘယ်လိုတုံ့ပြန်ပါလဲ။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့ ၊ နန်ကျင်း စီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စ လာရောက် ဆွေးနွေးတဲ့ တရုတ်ကောင်စစ်ဝန်နဲ့ အဖွဲ့ကို မြစ်ကြီးနား- ကံပိုက်တည်လမ်း ဆဒုံးအနီးမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဒီလ ၂၇ ရက်နေ့က မနက်ပိုင်းမှာ ပစ်ခတ်ခဲ့ကြောင်း သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်ကောင်စစ်ဝန်နဲ့အဖွဲ့ မဟုတ်ကြောင်းနဲ့ လစဉ်ပုံမှန် အစည်းအဝေးကို လာရောက်တဲ့ တရုတ်တပ်မတော် ကိုယ်စားလှယ် အဖွဲ့သာဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက တဆင့် ရှင်းလင်းဖြေကြား ခဲ့ပါတယ်။

“တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ကံပိုင်တည်မှ လာရောက်ခဲ့တာရှိပါတယ်။ ဒါ ဇွန်လ ၂၇ ရက်နေ့ မှာ လာရောက်ခဲ့ပါတယ်။ မနက်ပိုင်းမှာ လာရောက်ခဲ့တယ်။ ကံပိုက်တည်ဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ ကျွန်တော်တို့တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက လုံခြုံရေးအဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တာရှိပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ ရှေ့ပြေးယာဉ်ပေါ့။ ရှေ့ပြေး ဒုတိယယာဉ်က ၁၃ ကီလို မီတာအကွာလောက်မှာ ၅ချက်။ လက်နက်ငယ်နဲ့ ၅ ချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိပါဘူး။ လက်နက်ငယ်နဲ့ ၅ချက်ပစ်ခတ်ခံရပြီးမှာ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ အဲဒီနေရာမှာ လုံခြုံရေးအရ ပြန် လည်လုံခြုံမှုရရှိအောင် ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ”

အဲဒီနောက်မှာ တရုတ်တပ်မတော် ကိုယ်စားလှယ်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းဟာ မြစ်ကြီးနားကို ဆက်လက်ထွက်ခွာခဲ့ပြီး မူလအစီအစဉ်အတိုင်း အစည်းအဝေးကို အောင်အောင်မြင်မြင် ကျင်းပခဲ့တယ်လို့လည်း ပြောပါတယ်။ တရုတ်ကိုယ်စားလှယ်အဖွဲ့ ယာဉ်တန်းကို ပစ်ခတ်တာဟာ နယ်ခြားစောင့်တပ်က မဟုတ်ကြောင်းနဲ့ KIA က ပစ်ခတ်တာ ဖြစ်တယ် ဆိုပြီးတော့လည်း စစ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။

“ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေ ကတော့ KIA အဖွဲ့ဆိုတာ ကျနော်တို့ အတည်ပြုလို့ရပါတယ်။ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်- မြန်မာနှစ်နိုင်ငံ နဲ့ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားမှာ အထင်လွဲမှားမှုတွေ ဖြစ်လာအောင် ဘေးကနေပြီးတော့ကျ ကျနော်တို့ ပြည်ဖျက်မီဒီယာများ အနေနဲ့ ဝိုင်းဝန်းသွေးထိုး လှုံ့ဆော်နေတာများကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ ဆက်လက်ပြီး အရေးယူ ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။”

စစ်ကောင်စီဘက်က ခုလို စွပ်စွဲ ပြောဆိုတာနဲ့ ပတ်သက်လို့ KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အခုလို တုံ့ပြန်ပါတယ်။

“ကျနော်တို့ KIA အနေနဲ့ တရုတ်ယာဉ်တန်းကို တမင်တကာပစ်တာ မရှိပါဘူး။ အဲဒီနေရာမှာ ၂၆ ရက်နေ ၂၈ ရက်အထိ နေ့တိုင်းလို တိုက်ပွဲဖြစ်တဲ့ဟာတော့ ရှိပါတယ်။ အဲဒီ တိုက်ပွဲဖြစ်တဲ့ကြားကနေ ဖြတ်သွားတဲ့ ယာဉ်တန်းတွေ ဖြစ်မှာပါ။ ကျနော်တို့တွေက တရုတ်ယာဉ်တန်းတွေကို မပစ်ပါဘူး။ ကျနော်တို့ စစ်ကောင်စီက စစ်ယာဉ်တန်းတွေ၊ စစ်ကြောင်းထိုးတာတွေကို ကျနော်တို့ ခုခံတိုက်ပွဲတွေ ကတော့ ရှိပါတယ်။ ပြောလိုတာ ကတော့ တိုက်ပွဲဖြစ်တဲ့အချိန်အခါ ဖြစ်ပါတယ်။ အဲဒီအချိန်မှာကတော့။ ဘယ်သူအဖွဲ့တွေ ဖြတ်သွားတယ် ဆိုတာကတော့ မသိဘူးပေါ့နော်။”

တရုတ်ကိုယ်စားလှယ် ယာဥ်တန်း မလာခင် ရက်ပိုင်းကတည်းက အဲ့ဒီဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီသတင်းကို စတင်ဖော်ပြတဲ့ ရှမ်းပြည်နယ် အခြေစိုက် သတင်းဌာနကတော့ ပစ်ခတ်တဲ့နေရာဟာ နှစ်ဘက်တိုက်ပွဲ ဖြစ်နေတဲ့ ဆဒုံးမြို့အလွန် အင်ဝမ်းကောင်နဲ့ လနား ရေတံခွန်အကြားမှာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ စစ်ကောင်စီ ကတော့ ကံပိုက်တည်-မြစ်ကြီးနားလမ်း အဖြစ်သာ ဖော်ပြပြီး နေရာအတိအကျ ပြောဆိုတာမရှိပါဘူး။

တရုတ် ယာဥ်တန်း တိုက်ခိုက်ခံရတဲ့ နေရာမှာပဲ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ခဲ့သလို၊ မေလ ၂၁ ရက်နေ့ ကလည်း တိုက်ပွဲ ဖြစ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG