သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်ကူးမယ့် အထောက်အထားမဲ့ ဗီယက်နမ်တချို့ ဖမ်းဆီးခံရ


ဓာတ်ပုံ - ထိုင်း နယ်ခြားစောင့်တပ်
ဓာတ်ပုံ - ထိုင်း နယ်ခြားစောင့်တပ်

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့မှာ ရွှေတြိဂံဒေသကနေ လာပြီး မြန်မာနိုင်ငံတွင်းက လောင်းကစားရုံတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ကြမယ့် အထောက်အထားမဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်မြို့ ထဆိုင်လွတ် ရပ်ကွက်ထဲကို မောင်းလာတဲ့ ကားတစီးကို သတင်းအရ နယ်ခြားစောင့်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံ မြဝတီမြို့ ရွှေကုက္ကိုလ် ဒေသက ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်လုပ်ဖို့ လာတဲ့ ဗီယက်နမ်နိုင်ငံသား ၅ဦးနဲ့ မြန်မာပွဲစားကို ဖမ်းမိခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်က အခုလို ပြောပါတယ်။

“ တိုယိုတာကားဖြူတစီးကို မသင်္ကာလို့ ထိုင်းနယ်ခြားစောင့်တပ်က ကြိုပြီး သတင်းရလို့ စစ်ဆေးရာကနေ ဗီယက်နမ် အမျိုးသမီးတဦး၊ အမျိုးသားလေးဦး မြန်မာပွဲစာတဦး ခေါ်ဆောင်လာတာကို ဖမ်းမိသွားပါတယ်။ ထိုင်း မြန်မာနယ်စပ်က လောင်းကစားရုံကို ပို့ဖို့အတွက် ဆိုပြီး ပွဲစားက ဝန်ခံထွက်ဆိုတယ်လို့လည်း သိရပါတယ်။”

အမှတ် ၃၄၆ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကြိုတင်သတင်းရ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အထောက်ထား စာရွက်စာတမ်းမရှိတဲ့ ဗီယက်နမ် နိုင်ငံသား ငါဦးကို အခကြေးငွေယူပြီး မှောင်ခိုလမ်းကနေ မြန်မာနိုင်ငံထဲ ပို့ပေးဖို့ ခေါ်ဆောင်လာတာလို့ ပွဲစားကတော့ထွက်ဆိုတယ်လို့ဆိုပါတယ်။ ဒီဗီယက်နမ်နိုင်ငံသားတွေဟာ ရွှေတြိဂံဒေသနေ တဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့က လောင်းကစားရုံတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ အွန်လိုင်းကနေ ဆက်သွယ်ပြီး ရောက်လာကြတာလို့လည်း နယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။

ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား ၊မလေးရှား ၊ဗီယက်နမ်၊ တရုတ် အပါအဝင် နိုင်ငံခြားသားတွေလည်း ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ် လောင်ကစားနယ်မြေမှာ ရောင်းစားခံရတာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှား နိုင်ငံသား အယောက် ၂၀ မြဝတီကနေ ကယ်ထုတ်နိုင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်တွေဖြစ်ရတဲ့ အထဲမှာ မြန်မာ နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေ အပါအဝင် တခြားနိုင်ငံခြားသားတွေလည်း ပါဝင်နေတယ်လို့လည်း ဦးမိုးကျော်က ဆိုပါတယ်။

“ အခု အဖမ်းခံရတဲ့ အထဲမှာတော့ လောင်းကစားရုံတွေထဲကို ပို့ဖို့က ဗီယက်နမ်နိုင်ငံသားတွေပေါ့နော်။ အရင်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ကာစီနိုရုံတွေထဲမှာ ရောင်းစားခံရတာတွေ၊ ပွဲစားတွေက အွန်လိုင်းကနေ အလုပ်သွင်းပေးမယ်ဆိုပြီး အွန်လိုင်းဆွယ်လို့ ရောက်သွားရတာတွေ၊ နောက်မှ ပြန်ကယ်ထုတ်ရတာတွေလည်းရှိတယ်။ တခြားနိုင်ငံခြားသားတွေလည်းရှိတယ်။ “

ထိုင်းနယ်ခြားစောင့်တပ်တွေဟာ အခုလ အတွင်း ထိုင်း မြန်မာနယ်စပ် မဲဆောက်- မြဝတီ နယ်စပ်လမ်းကြောင်း တွေမှာ တပ်ဖွဲ့အင်အားတွေ တိုးမြှင့် ချထားပြီး ကာစီနိုလောင်းကစားရုံတွေ အများဆုံးရှိတဲ့ နေရာတွေနဲ့ အနီးဆုံး နယ်စပ်လမ်းတွေမှာ ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးမှုတွေ ကင်းလှည့်တာတွေ တိုးမြှင့်လုပ်ဆောင်နေတာပါ။ ဒီအတွက် မြန်မာဘက်က ဝင်လာသူတွေကိုရော ကာစီနိုရုံတွေဘက်ကို သွားရောက်သူတွေကိုရော ဖမ်းမိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG