သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်က နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ ဘာကြောင့် မတားဆီးနိုင်သလဲ


USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး Jason Tower
USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး Jason Tower

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် သောင်ရင်းမြစ်တလျှောက် အခြေပြုကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေ၊ ဆိုက်ဘာကျွန်ပြုမှုတွေ၊ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေဟာ အချိန်တိုအတွင်း ကမ္ဘာလုံးဆိုင်ရာ အင်တာနက်သုံးစွဲသူတွေကိုပါ အန္တရာယ်ပေးလာနေကြောင်း USIP အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူက သတိပေးလိုက်ပါတယ်။

ရွှေကုက္ကိုလ်ဒေသတဝိုက်ကို လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက တရုတ်ရာဇဝတ်ဂိုဏ်းတွေ ရွှေ့ပြောင်းပြီး ကာစီနိုလောင်းကစားမြို့သစ်တွေ တည်ဆောက်လာနေတဲ့ အခြေအနေကို စောင့်ကြည့်အစီရင်ခံစာ ရေးသားနေတဲ့ USIP ရဲ့ မြန်မာနိုင်ငံဆိုင်ရာညွန်ကြားရေးမှူး Jason Tower ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။ ။ Jason Tower မှာ ရွှေကုက္ကိုလ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ အများကြီးသိထားတော့ အခုနောက်ဆုံး အဲဒီက အခြေအနေတွေကို ပြောပြလို့ရမလား

Jason Tower ။ ။ ဟုတ်ကဲ့ပါ။ ရွှေကုက္ကိုလ်မှာတင် မကပါဘူး။ ကရင်ပြည်နယ် သောင်ရင်းမြစ်တလျှောက် ကီလိုမီတာ ၅၀ ခန့် ရှည်လျားတဲ့ ဧရိယာတခုလုံးဟာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးတဲ့နေရာတွေအဖြစ် ပြောင်းလဲသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေက အဲဒီဒေသတဝိုက်ကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်လက်အောက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ အဲဒီတရုတ်ရာဇဝတ်ဂိုဏ်းတွေ ပူးပေါင်းဆောင်ရွက်မှုတွေ အလွန်နက်ရှိုင်းပြီး သြဇာလွှမ်းမိုးမှုလည်း ရှိပါတယ်။

အစပိုင်းမှာတော့ BGF နယ်ခြားစောင့်တပ်နဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ တရားမဝင် အွန်လိုင်းလောင်းကစားတွေကို လက်ခံကျင်းပဖို့ မြို့သစ်တွေကို ဆောက်တာ၊ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေ၊ တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားပြီး လုပ်ကြတာပါ။ ဒါပေမဲ့ အဲဒီမှာ ရာဇဝတ်မှုပုံစံတွေ ကျယ်ပြန့်လာတာကို ကပ်ရောဂါကြီးပြီးကတည်းက တွေ့မြင်နေရပြီ၊ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒီလို ရာဇဝတ်မှုတွေဟာ သိသိသာသာ တက်လာတယ်။

သောင်ရင်းမြစ်တလျှောက် အဲဒီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံပေါင်း (၃၀) ကျော်ရှိပါတယ်။ နိုင်ငံပေါင်း ၄၆ နိုင်ငံသည် အရှေ့တောင်အာရှသို့ လူကုန်ကူးခံရပြီးဖြစ်သော်လည်း ၎င်းတို့သည် ဆိုက်ဘာကျွန်ပြုမှုအဖြစ် လူကုန်ကူးခံနေရသည်။ ဒါကြောင့် တရုတ်အမျိုးသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း လိမ်လည်လှည့်ဖြားမှုတွေ၊ လိမ်လည်မှုတွေက အခု ကမ္ဘာလုံးဆိုင်ရာက အင်တာနက်သုံးစွဲသူတွေကိုပါ ပစ်မှတ်ထားနေတာဖြစ်ပါတယ်

ပြီးတော့ ကမ္ဘာတဝှမ်းက တခြားနိုင်ငံတော်တော်များများ အပါအဝင် ဂျပန်၊ ဥရောပတလွှားနဲ့ အမေရိကန် နိုင်ငံသားတွေကို အွန်လိုင်း crypto ငွေကြေးနဲ့ ပတ်သက်လို့လိမ်လည် လှည့်စားတာတွေကို တွေ့နေရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးကတည်းက ရာဇဝတ်မှုတွေ ကျယ်ပြန့်လာပြီး ပုံစံသစ်အနေနဲ့ ကျူးလွန်နေတာတွေ အများကြီးရှိနေတာ ကျနော်တို့တွေ့နေရပါတယ်။ ဒါမှ ဒီရာဇဝတ်ဂိုဏ်းတွေကို အားကောင်းစေမယ့် နည်းလမ်းတစ်ခုပါပဲ။

အင်ကြင်းနိုင် ။ ။ ဆိုက်ဘာကျွန်ပြုခံရတဲ့အခြေအနေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံမှာ လျှပ်စစ်မီးလည်းအလုံအလောက်မရှိ၊ အင်တာနက်လည်း ကန့်သတ်ခံထားရတယ်၊ စစ်အာဏာကလည်း သိမ်းထားတဲ့နိုင်ငံမှာ ဒီလို နည်းပညာနဲ့ပတ်သက်လို့ လူကုန်ကူးကျွန်ပြုစေခိုင်းတာတွေရွှေကုက္ကိုလ်မှာ ဘာကြောင့် ဖြစ်နေတာလဲ။

Jason Tower ။ ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီမြို့သစ်တွေ ဖွံ့ဖြိုးလာတဲ့ နောက်ကွယ်မှာ တရုတ်ရာဇဝတ်မှု ကွန်ရက်ဂိုဏ်းတွေ ရှိနေပါတယ်။ ဒီဂိုဏ်းတွေဟာ သူတို့တည်ထောင်ထားတဲ့ ကုမ္ပဏီတွေဆီကနေ ရွှေကုက္ကိုလ်ဧရိယာထဲကို ငွေတွေအမြောက်အမြား ယူလာကြပါတယ်။ ဟောင်ကောင်မှာ အခြေစိုက်တဲ့ Yatti IHG ကုမ္ပဏီလို၊ နောက် အဲဒီဒေသအတွက် ပိုက်ဆံတွေဟာ မလေးရှား၊ ကမောဒီးယားနဲ့ တရုတ်ပြည်မကြီး တို့ကလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကာစီနိုမြို့တွေလို့ ခေါ်ကြတဲ့ ဒီမြို့သစ်တွေ ထူထောင်ရာမှာ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်း အများအပြားဟာ ထိုင်းနိုင်ငံကနေ လျှပ်စစ်ဓါတ်အားဝယ်ယူဖို့ ထိုင်းပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုထားကြတာပါ။ အင်တာနက်ဆိုရင်လည်း မြန်မာပြည်တွင်းကနေတင် မဟုတ်ပါဘူး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက နယ်စပ် ထိုင်းဘက်ကနေ ယူနေတာပါ။ ဒါဟာ ဒီရာဇဝတ်ဂိုဏ်းတွေအတွက် အားကောင်းစေတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။

ဒါကြောင့်လဲ မကြာသေးခင်ကပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေကြောင့် ဒီလို တရားမဝင်လုပ်ငန်းတွေ လုပ်နေတဲ့ နယ်စပ်တဝိုက်က ဒေသတချို့ကို ပေးနေတဲ့ လျှပ်စစ်ဓါတ်အားတွေဖြတ်တောက်ဖို့ စစ်ကောင်စီက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့လဲ ဒီဖြတ်တောက်မှုဟာ ထိရောက်မှု မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေနဲ့ နယ်ခြားစောင့်တပ်တွေဟာ မီးစက်အမြောက်အများဝယ်ယူထားကြတာပါ။ ဒါကြောင့် လျှပ်စစ်ဓာတ်အား မရတဲ့တိုင် သူတို့မီးစက်တွေနဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ အခု ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က အားလုံးတွေ့ကြတဲ့အတိုင်းပဲ ထိုင်းဘက်က လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်ပေမယ့် ရွှေကုက္ကိုလ်မှာရှိတဲ့ ရာဇဝတ်လုပ်ငန်းတွေကိုတော့ သက်ရောက်မှုရှိတာမျိုး မတွေ့ရပါဘူး။ အင်တာနက်ဆိုရင်လည်း ဆက်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ်။ မီးစက်တွေ သုံးနေရတဲ့အတွက် စရိတ်စက မြင့်မားနေပေမယ့် ရာဇဝတ်မှုတွေ၊ ပြစ်ဒဏ်က ကင်းလွတ်ခွင့်တွေကတော့ ဆက်ပြီးရှိနေဆဲ ဖြစ်ပါတယ်။

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် အခုလို ထိုင်းအစိုးရဘက်က လျှပ်စစ်မီးဖြတ်တောက်တာ အလုပ်မဖြစ်ဘူးဆိုရင်၊ ဒီရာဇဝတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ဖို့ ဘယ်လို ပုံစံမျိုးနဲ့ အရေးယူဆောင်ရွက်သင့်လဲ။

Jason Tower ။ ။ ဒီနေရာမှာ အကြီးမားဆုံး ပြဿနာတွေထဲက တခုကတော့ မြန်မာနိုင်ငံရဲ့ ရှည်လျားတဲ့ နယ်နမိတ်တလျောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ပေါင်းနေတဲ့ ပြည်သူ့စစ် နယ်ခြားစောင့် အဖွဲ့တွေရှိနေသလို၊ နယ်စပ်ကာစီနိုလောင်းကစားရုံးတွေနဲ့ ပတ်သက်ရင် သမိုင်းကြောင်းအရ ရှိထားတဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၊ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေ ပါဝင်တဲ့ စနစ်ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ အမှန်တကယ် လိုအပ်နေသလို ကမ္ဘာတဝှမ်းက နိုင်ငံအတော်များများလည်း ဒီအရေးမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ကိုင်တွယ်ဖို့ လိုပါတယ်။ နောက်ပြီးတော့ အဲဒီရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရနေတဲ့ မြန်မာစစ်တပ် ရှိနေသရွေ့တော့ နယ်စပ် မြန်မာဘက်ခြမ်းမှာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အဲတော့ နယ်စပ်တလျောက် ပုံစံမျိုးစုံနဲ့ ရာဇဝတ်လုပ်ငန်းတွေ လုပ်ကိုင်နေတာအားလုံးကို ပိတ်ဖို့ ဆိုတာ အလွန်ခက်ခဲမှာ။ တကယ်လို့ ရွှေကုက္ကိုလ်မှာ ပိတ်နိုင်လို့ရှိရင် ဒီလုပ်ငန်းတွေကို တာချီလိတ်လို နေရာမျိုးကို ရွှေ့နိုင်တယ်။ UWSA ဒါမဟုတ် MNDAA တို့ လွှမ်းမိုးထားတဲ့ ဒေသတွေဘက်ကို ပြောင်းရွှေ့နိုင်ပါတယ်။ ဒီရွှေကုက္ကိုလ်ကို ပြောင်းလာတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်က ကမ္ဘောဒီးယားမှာ အကြီးအကျယ်လုပ်ခဲ့ကြတာပါ။ ဒါကြောင့် တကမ္ဘာလုံးကို ပစ်မှတ်ထားလာနေတဲ့ ဒီရာဇဝတ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုရင် နိုင်ငံပေါင်းစုံအနေနဲ့ ညှိုနှိုင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ လေ့လာဆန်းစစ်ပြီးတော့ နိုင်ငံအလိုက် ရှိနေတဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေမှာ ညှိုနှိုင်းကြပြီးတော့ ဒီရာဇဝတ်ဂိုဏ်းတွေ အမြတ်ထုတ်နေတာတွေကို အမှန်တကယ် လုံ့လစိုက်ကြိုးပမ်းဖို့ လိုအပ်ပါတယ်။

အင်ကြင်းနိုင် ။ ။ မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်ပြီး တရုတ်အပါအဝင် အခြားနိုင်ငံတွေအပေါ် အင်တာနက်အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေ၊ လူကုန်ကူး ဆိုင်ဘာကျွန်ပြုမှုတွေ၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် နှိမ်နင်းနိုင်ရေး စစ်ကောင်စီနဲ့ ပူးပေါင်းကြိုးပမ်းနေတယ်ဆိုတဲ့ တရုတ်အစိုးရ ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။

Jason Tower ။ ။ တရုတ်ရဲ့ အခန်းကဏ္ဍက နှစ်ပိုင်းရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီရာဇဝတ်ဂိုဏ်း ကွန်ရက်တချို့ကို နှိမ်နင်းခဲ့ပါတယ်။ အဲဒီတော့ အခုဆိုရင် အဲဒီဂိုဏ်းတွေဟာ တရုတ်ကနေ အရှေ့တောင်အာရှဘက်ကို ရွှေ့လာပြီး လှုပ်ရှားနေကြတာ ဆယ်စုနှစ် နှစ်စုလောက် ရှိနေပါပြီ။ ဒီဂိုဏ်းတွေဟာ ဒေသတွင်း နေရာအနှံ့မှာ သြဇာအာဏာရှိသူတွေ၊ အထက်တန်းလွှာတွေနဲ့ ပေါင်းစပ်ပြီး လှုပ်ရှားကြသလို၊ တရုတ်ပြည်တွင်းမှာလည်း အဲဒီလို သြဇာအာဏာရှိသူတွေနဲ့ ပေါင်းစားနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် PRC နဲ့ ဆက်နွှယ်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရပေမယ့် အခြားနိုင်ငံတွေမှာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်တာကို တွေ့နေရပါတယ်။ ပြစ်မှုကျူးလွန်သူ အများအပြားဟာ အမှန်တကယ်တော့ တရုတ်နိုင်ငံသားတွေ ဒါမှမဟုတ် ဒေသတွင်းရှိ အခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ တရုတ်လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒီရာဇဝတ်မှုတွေဟာ တရုတ်နိုင်ငံကို ပစ်မှတ်ထားဆဲ ဖြစ်ပါတယ်။ အွန်လိုင်း crypto ငွေကြေးနဲ့ ပတ်သက်တဲ့ လိမ်လည်မှုတွေ၊ တရားမဝင် လောင်းကစားတွေသာမက လူကုန်ကူးမှု အများအပြားဟာ တရုတ်ကို ပစ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ ပြစ်မှုကျူးလွန်တဲ့ဘက်မှာရော၊ ထိခိုက်ခံရတဲ့ ဘက်မှာရော နှစ်ဘက်လုံးမှာ ထည်ထည်ဝင်ဝင် ရှိနေတာပါ။

တရုတ်ရဲ့ အခန်းကဏ္ဍ ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ ဒီပြဿနာကို ကိုင်တွယ်လို့ မရပါဘူး။ ရာဇဝတ်ဂိုဏ်းတွေက အွန်လိုင်းကနေတဆင့် တကမ္ဘာလုံးကို အချိန်တိုတွင်း ပစ်မှတ်ထား လာနေပါတယ်။

အင်ကြင်းနိုင် ။ ။ တဘက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang (ရှင်ဂန်) ရဲ့မြန်မာခရီးစဉ်မှာဆိုရင် မြန်မာ-ထိုင်းနယ်စပ်က လူကုန်ကူးပြီး ဆိုက်ဘာကျွန်ပြုမှုကို နှိမ်နင်းရေးကိစ္စ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အဓိကတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရုတ်က စစ်ကောင်စီကို ဖိအားပေးနေတယ်လို့ မြင်ပါလား။

Jason Tower ။ ။ ရှင်ဂန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကိုကြည့်ရင် အနည်းနဲ့အများပဲဖြစ်ဖြစ် စစ်ကောင်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အုပ်ချုပ်သူအဖြစ် ရှုမြင်တာကိုတွေ့ရပါတယ်။ ခင်ဗျားတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုတယ်။ အဲဒီတော့ ကျနော်တို့ တောင်းဆိုချက်တွေဖြစ်တဲ့ ဒီရာဇဝတ်ဂိုဏ်းတွေကိစ္စကို ကိုင်တွယ်ဆောင်ရွက်ပေးပါလို့ သူကပြောနေတာ ဖြစ်တယ်။ ဒါပေမဲ့ စစ်ကောင်စီမှာ နိုင်ငံရေးအရ ကောင်းမွန်အောင်လုပ်မယ်ဆိုတဲ့ ဆန္ဒလုံးဝမရှိသလို၊ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်လည်း လုံးဝမရှိဘူးဆိုတာ အချိန်ကြာလာတာနဲ့အမျှ တရုတ်က ပိုသိလာပါလိမ့်မယ်။ အခုပဲကြည့်ပါ။ သူတို့လက်အောက်မှာရှိတဲ့ BGF ကရင်နယ်ခြားစောင့်လက်နက်ကိုင်အဖွဲ့ကို စစ်တပ်က ရပ်ခိုင်းတယ်။ ဟိုဘက်က မရပ်နိုင်ဘူး ပြောတယ်။ အဲတော့ ထိုင်းကို အကူအညီတောင်းပြီး လျှပ်စစ်ဓါတ်အားဖြတ်ခိုင်းတယ်။ ဒီနည်းလမ်းကလည်း အလုပ်မဖြစ်ဘူး။ အဲဒီတော့ တရုတ်အစိုးရအနေနဲ့ ဒီရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ အကောင်အထည်ဖေါ်ကြိုးစားရာမှာ စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်တာဟာ မှားယွင်းတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ကျနော် မြင်ပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ နိုင်ငံရေးဆန္ဒ မရှိသလောက် နည်းပါးတယ်လို့လည်း ပြောချင်ပါတယ်။

XS
SM
MD
LG