သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဒေသတွင်းမှာ ဒစ်ဂျစ်တယ်အသုံးချ ဖိနှိပ်မှုတွေအပေါ် ကုလသတိပေး


လဘ္ဘရည်ဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၃၁၊ ၂၀၁၈)
လဘ္ဘရည်ဆိုင်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးနေသူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၃၁၊ ၂၀၁၈)

မြန်မာ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိုးရတွေနဲ့ အဖွဲ့အစည်းတချို့ဟာ အင်တာနက် အွန်လိုင်း နည်းပညာတွေကို အသုံးချပြီး အတိုက်အခံတွေကို စောင့်ကြည့် ထိန်းချုပ်တာ၊ အနှောက်အယှက် ပြုတာတွေ ပိုပြီး တွင်တွင်ကျယ်ကျယ် တွေ့လာနေရတဲ့အကြောင်း ကုလသမဂ္ဂက သတိပေး ထုတ်ပြန်လိုက်ပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ နည်းပညာ တိုးတက်မှုနဲ့အတူ တပါတည်း ကြုံရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရဲ့ ပြောခွင့်ရ Ravina Shamdasani က ဒီကနေ့ ထုတ်ပြန်ရာမှာ ခုလို ထောက်ပြထားတာပါ။

အင်တာနက် အသုံးပြုမှုတွေ တွင်ကျယ်လာပြီး အွန်လိုင်း ဒစ်ဂျစ်တယ် နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ဘယ်တုန်းကမှမရှိဖူးတဲ့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့သလို၊ တချိန်တည်းမှာလည်း ဒီလိုနည်းပညာတွေကို သုံးပြီး အစိုးရရော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကရော သူတို့ရဲ့ အတိုက်အခံတွေနဲ့ ပြိုင်ဘက်တွေကို ပစ်မှတ်ထား စောင့်ကြည့် ထောက်လှမ်းတာ၊ အနှောက်အယှက်ပေးတာ၊ အမုန်တရား ပြန့်ပွားစေမယ့် ပြောဆိုရေးသားမှုတွေ ဖြန့်ဝေတာ၊ ဒီမိုကရေစီအုပ်ချုပ်ရေး အားနည်းအောင် လုပ်တာတွေလည်း ရှိနေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေ အတွင်း အွန်လိုင်း လူမှုကွန်တွေပေါ်မှာ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ပစ်မှတ်ထားတဲ့ အမုန်တရား ဖြန့်ဝေမှုတွေ အများအပြား ရှိခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အချက်အလက် ရှာဖွေ စုံစမ်းမှုအဖွဲ့ IIMM ရဲ့ အစီရင်ခံစာတွေကို ကိုးကား ဖော်ပြထားပါတယ်။ အထူးသဖြင့် Facebook လူမှုကွန်ရက်ပေါ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေ အပေါ် တိုက်ခိုက်မှုတွေ ဖြစ်စေတဲ့ အမုန်းတရား ဖြန့်ဝေမှုတွေကို Facebook ကုမ္ပဏီက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့နဲ့ သတင်း အချက်အလက်တွေကို ပိတ်ပင်ဟန့်တားဖို့အတွက် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း အင်တာနက်လိုင်း ဖြတ်ချတာတွေလည်း လုပ်ခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။ တချို့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆိုရင် သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ သဘာဝပတ်ဝန်ကျင်အရေး ဆောင်ရွက်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို သိသိသာသာ တမင် တိုက်ခိုက် နှိမ်နင်းဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့အကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG