သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းက ငွေကြေးလိမ်လည်သူတွေ သိသိသာသာ များလာ


Myanmar currency
Myanmar currency

မြန်မာနိုင်ငံမှာ အွန်လိုင်းပေါ်ကနေ နည်းအမျိုးမျိုးနဲ့ ငွေကြေးလိမ်လည်တဲ့ ငွေချေးလုပ်ငန်း ပုံစံ ဟန်ဆောင်ထားတဲ့ လုပ်ငန်းတွေ တော်တော်များများ ရှိလာနေပါတယ်။ စီးပွားရေး အကျပ်အတည်း ကြောင့် လတ်တလော ပြေလည်ရေး ငွေလိုနေသူတွေကို အသုံးချ ဖျားယောင်း လာကြတာဖြစ်ပြီး ဒီလိုလုပ်ငန်းတွေ လူမှုကွန်ရက်နဲ့ အွန်လိုင်းတွေမှာ ဒါဇင်နဲ့ချီ ပို များလာတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သတိပေးပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန် က တင်ပြပါလိမ့်မယ်။

ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှာ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးလိမ်လည်တာတွေ ရှိနေပြီး အများစုက ငွေချေးလုပ်ငန်းပုံစံနဲ့ လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို အသုံးချပြီး ငွေညှစ်တဲ့နည်းနဲ့ လိမ်လှည် လှည့်ဖျားနေကြပါတယ်။ အလွယ်တကူ ငွေထုတ်ပေးမယ်ဆိုတဲ့ နည်းလမ်းနဲ့ ဖျားယောင်းကြတာဖြစ်ပြီး ပုဂ္ဂလိကဘဏ်တွေနဲ့ လိုင်စင်ရ ငွေချေးလုပ်ငန်းတွေနဲ့စာရင် လုပ်ငန်း အဆင့်တွေ မများတဲ့အတွက် အွန်လိုင်းပေါ်က ငွေချေးလုပ်ငန်းတွေကို လူတချို့က စိတ်ဝင်စားလာကြပါတယ်။ ဒါနဲ့ပတ်သက်လို့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တဦးက VOA ကို အခုလို ပြောပါတယ်။

"finance ကုမ္ပဏီဆီသွားရင် စာရွက်စာတမ်းတွေ တောင်းနေတဲ့အချိန်မှာ ဒီမှာက ဘာမှမလိုဘူး။ လွယ်လွယ်လေးနဲ့ ရမယ်လို့ သူတို့ (ငွေချေးသူတွေက) ထင်တယ်။ ထင်တဲ့အခါကျတော့ apply လုပ်ကြတယ်ပေါ့။ apply လုပ်တော့ ဘာ စတောင်းလဲဆိုတော့ စာရွက်စာတမ်းကြေးဖိုးတို့၊ မှတ်ပုံတင်ကြေးဖိုးတို့၊ loan application process တို့၊ service ကြေးတို့ အဲဒါတွေတောင်းတယ်။ ဒါလေးပေးပြီးရင် ရပါပြီဆိုတော့ အိုကေပဲ ပေးလိုက်မယ်ပေါ့။ အဲဒီမှာ လေးငါးသောင်း၊ ခြောက်သောင်း၊ တသိန်း အဲလိုမျိုးတွေ ပေးလိုက်ရတဲ့ အခါကျတော့ ပေးလည်းပေးပြီးရော အစပျောက်သွားရော။"

တချို့အွန်လိုင်း ငွေချေးလုပ်ငန်းတွေကတော့ လျှောက်ထားသူရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းတို့ကို လူမှုကွန်ရက်ပေါ်တင်ပြီး သူတို့လုပ်ငန်းက ငွေချေးထားသူဖြစ်ကြောင်း ဖြန့်ဝေကြပါတယ်။ ငွေကျပ် ၅ သိန်းကနေ သိန်း ၅၀၀ ကျပ်အထိ ငွေချေးနိုင်တယ်ဆိုပြီး အွန်လိုင်းပေါ်ကနေ ငွေချေးလုပ်ငန်း လုပ်ကိုင်နေသူတဦးက ငွေမချေးခင်မှာ ဖောင်ကြေး ဆိုပြီး မဖြစ်မနေ ပေးရတဲ့အကြောင်း ပြောပါတယ်။

"မှတ်ပုံတင် ရှေ့နောက်၊ အိမ်ထောင်စုစာရင်း ရှေ့နောက်၊ နောက်ပြီးတော့ အာမခံပေးမယ့်လူရဲ့ မှတ်ပုံတင် ရှေ့နောက် လိုတယ်။ ဖောင်ကြေး ၃၇,၅၀၀ ကျပ် သွင်းပေးရမယ်။"

ငွေကြေးလိမ်လည်တဲ့ ပုံစံအများစုက ငွေမချေးခင်မှာ ကိုယ်ရေးအချက်အလက်တွေနဲ့ ငွေသားတချို့ကို အရင်ဆုံး တောင်းခံကြတာပါ။ ဒီလိုအချက်အလက်တွေကို ရလာရင် ငွေချေးထားသူ အဖြစ်နဲ့လည်း အွန်လိုင်းစာမျက်နှာတွေကနေ တဆင့် ဖြန့်ဝေတာရှိပြီး ကာယကံရှင်က လိုင်းပေါ်ကနေ ပြန်ဖြုတ်ပေးဖို့ တောင်းဆိုတဲ့အခါမှာတော့ ငွေညှစ်တာတွေ ရှိလာတယ်လို့ တချို့က ပြောပါတယ်။

ဘဏ်နဲ့အသေးစား ငွေချေးလုပ်ငန်းတွေလို စာရွက်စာတမ်းတွေ အပြည့်အစုံမတောင်းတဲ့ အွန်လိုင်းက ငွေချေးလုပ်ငန်းတွေကို ငွေကြေး ကျပ်တည်းသူတချို့က ဆက်သွယ်ကြပါတယ်။ ငွေကြေး လိမ်လည်ခံရသူတွေထဲမှာ အရေးပေါ်ငွေလိုအပ်သူတွေ ပါနေသလို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းရှင်တချို့လည်း ပါနေတာ တွေ့ရတယ်လို့ လုပ်ငန်းရှင်တဦးက အခုလို ပြောပါတယ်။

"အွန်လိုင်းပေါ်မှာတော့ မှတ်ပုံတင်ပေးရုံနဲ့ ပိုက်ဆံထုတ်ပေးမယ်တို့ ပြီးရင် ဘာစာရွက်စာတမ်းမှ ပြစရာမလိုဘူး ချက်ချင်း သိန်းတရာ ထုတ်ပေးမယ်တို့ အဲလိုမျိုးတွေနဲ့သူက ဆွယ်တာပေါ့နော်။ အကုန်လုံးက ငွေကြေးကျပ်တည်းနေတာ၊ ဆိုတော့ ဘဏ်လိုမျိုး SME finance လိုမျိုး ငွေရေးကြေးရေး ကုမ္ပဏီလိုမျိုးတွေကို ပုံမှားရိုက်တာပေါ့။ ပုံမှားရိုက်ပြီး လူလည်ကျတာပေါ့ အဲလိုမျိုးပါ။"

တရားဝင်လုပ်ငန်းအဖြစ် ပုံမှားရိုက်ထားတဲ့ အွန်လိုင်း ငွေချေးလုပ်ငန်းတွေဟာ များသောအားဖြင့် နာမည်ကြီးရွှေဆိုင်နဲ့ ဘဏ်လုပ်ငန်းတွေရဲ့ နာမည်နဲ့ ဆင်တူရိုးမှား တုပပြီးတော့ အမည်ပေးထားကြတာ ပါတယ်။ ဒီလို ငွေကြေးလိမ်လည်နေတဲ့ အွန်လိုင်းစာမျက်နှာတွေကလည်း အနည်းဆုံး လုပ်ငန်းပေါင်း ၃၀ ကျော်ကနေ ၅၀ နီးပါးရှိနေကြတဲ့အကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}











XS
SM
MD
LG