သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား၊ ဗန်းမော်ကားလမ်းမှာ တိုက်ပွဲတွေအပြီး ပြန်လည်တည်ငြိမ်စပြု


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရထားဘူတာရုံ (ဖေဖော်ဝါရီ ၂၇၊၂၀၁၂)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရထားဘူတာရုံ (ဖေဖော်ဝါရီ ၂၇၊၂၀၁၂)

မြစ်ကြီးနား-ဗန်းမော်ကားလမ်းက နမ့်ဆန်ယန်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား သောကြာနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ အခုအခါမှာ အခြေအနေတွေ တည်ငြိမ်ပြီ ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အရင်ရက်တွေက ရပ်နားထားတဲ့ လိုင်ဇာကနေ မြစ်ကြီးနား၊ ဗန်းမော်ဘက်သွားတဲ့ မော်တော်ယာဉ်တွေလည်း ပြန်လည် သွားလာနေပြီလို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ဒီလ ၁၆ရက်နေ့ သောကြာနေ့က စစ်ကောင်စီစစ်ကြောင်းဟာ နမ့်ဆန်ယန်ရွာဘက်ကို ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာမှုတွေရှိတာကြောင့် လိုင်ဇာကနေ မြစ်ကြီးနား၊ ဗန်းမော်သွားတဲ့ မော်တော်ယာဉ်လိုင်းတွေကို ယာယီပိတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ စစ်ကောင်စီဘက်က တပ်တွေရုတ်သိမ်းသွားပြီး အခြေအနေဟာ တည်ငြိမ်နေပြီဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။

“ဒီလ ၁၆ရက်နေ့မှာ ညနေပိုင်းက စကစတွေလည်း သူတို့ တပ်လှည့်နေတဲ့အချိန်မှာ ကျနော်တို့နဲ့ ထိတွေ့ပြီးမှ တိုက်ပွဲတွေ ရှိတယ်။ တိုက်ပွဲဆိုပေမဲ့ အပြန်အလှန်တိုက်ခိုက်တာတော့ မရှိဘူး။ ကျနော်တို့ဘက်ကနေ ပစ်တာ သူတို့လည်း ပြန်ခေါက်သွားတာ။ အဲကနေ ပြန်ငြိမ်သွားပြီ။”

စစ်ကောင်စီစစ်ကြောင်းဟာ နမ့်ဆန်ယန်ဝန်းကျင်က ရွှေတူးဖော်တာတွေကို လာရောက်စစ်ဆေးတာဖြစ်ပြီး ၁၇ရက်နေ့မှာတော့ နှစ်ဘက်အကြား ပြေလည်မှု ရခဲ့ကြောင်း အခုလို ဆက်ပြောပါတယ်။

“ ၁၇ရက်နေ့မှာကတော့ သူတို့လည်း အထက်က အမိန့်အရပေါ့။ ဒီ နမ့်ဆန်ယန်ပတ်ဝန်းကျင်မှာ ရွှေတူးဖော်နေတဲ့ဟာတွေကို သူတို့လည်း ဓါတ်ပုံတွေ ဘာတွေ ရိုက်ချင်လို့ လာတယ်လို့ ပြောကြတယ်တဲ့။ ကျနော်တို့ကတော့ စစ်ဝတ်စုံနဲ့ လက်နက်နဲ့ စစ်လှုပ်ရှားတဲ့ပုံစံမျိုးနဲ့တော့ လာဖို့ အဆင်မပြေဘူး။ ပြည်သူလူထုတွေက ဒီမှာ တိုက်ပွဲဖြစ်ရင်တော့ ပိုပြီးမှ ဒုက္ခရောက်မှာ ခင်ဗျားတို့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ချင်လို့ ရှိရင်တော့ အရပ်ဝတ်နဲ့ ကျနော်တို့နဲ့ ပူးပေါင်းပြီးမှ လုပ်လို့ရပါတယ်ဆိုပြီးမှ ပြောလာတော့၊ သဘောကတော့ သူတို့ အရပ်ဝတ်နဲ့ ပြန်ပြီး ရိုက်သွားတာပေါ့ကွာ။ အဲဒါကြောင့် နောက်ပိုင်းမှာကတော့ အားလုံးတည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားတာ။”

လက်ရှိအချိန်မှာ လိုင်ဇာကနေ မော်တော်ယာဉ်လိုင်းတွေလည်း ပြန်ဖွင့်နေပြီဖြစ်ကြောင်း ပြောပါတယ်။

“ဖွင့်ပြီ၊ ဖွင့်ပြီ။ အားလုံးသွားလို့ လာလို့ ရပါပြီခင်ဗျ။”

နမ့်ဆန်ယန်ဒေသခံတဦးကလည်း အခုအခါ သူတို့ ဒေသမှာ အေးအေးဆေးဆေးပြန်ရှိနေကြောင်း ပြောပါတယ်။

“အခြေအနေ အေးချမ်းသာယာနေပါပြီ။ ဗန်းမော်-မြစ်ကြီးနားကားက တက်နေတယ်ရှင်။”

ကချင်ပြည်နယ် တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ဆန်ယန်ကျေးရွာဟာ KIO ဌာနချုပ် လိုင်ဇာနဲ့ ၁၅မိုင်ခန့်သာ ကွာဝေးပြီး KIA ဘက်က လုံခြုံရေး တင်းကျပ်ထားတဲ့နေရာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ် ကချင်စစ်ပွဲ တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့နောက် ဝိုင်းမော်မြို့နယ်က နမ့်ဆန်ရွာ တရွာလုံး နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ စစ်ရှောင်စခန်းက မိသားစုအချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။ ၂၀၂၂ခုနှစ် သြဂုတ်လအတွင်းမှာလည်း စစ်ကောင်စီတပ်က နမ့်ဆန်ယန်ရွာဘက်ကို ဝင်ရောက်လာတာကြောင် KIA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG