သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ PSLF ပလောင်အဖွဲ့ မဟာမိတ်အဖြစ် ဆက်လက်တွဲဖို့ သဘောတူ


၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က နမ်းဆန်မြို့အနီး တအာင်း (TNLA) တပ်ဖွဲ့များ ကင်းလှည့်နေစဉ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က နမ်းဆန်မြို့အနီး တအာင်း (TNLA) တပ်ဖွဲ့များ ကင်းလှည့်နေစဉ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF တို့ မဟာမိတ်အဖြစ် ဆက်လက် ရပ်တည်ဖို့ သဘောတူလိုက်တဲ့အပေါ် ဒေသခံတွေက ကြိုဆိုလိုက်ကြပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေထိန်းချုပ်ရေးအတွက် ပဋိပက္ခတွေ ဖြစ်မယ့်အရေး စိုးရိမ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF ကိုယ်စားလှယ်တွေဟာ ဒီလ ၁၆ရက်နဲ့ ၁၇ရက်နေ့တွေမှာ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တွေ့ဆုံပြီး အချက် ၅ချက်ကို သဘော တူညီခဲ့ပါတယ်။

အဲဒီအချက်တွေမှာ KIO နဲ့ ယခင် PSLO ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့တို့ ချုပ်ဆိုခဲ့တဲ့ ထာဝရ မဟာမိတ်စာချုပ်ကို ဆက်လက်ထိန်းသိမ်းဖို့၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို လက်တွဲတိုက်ပွဲဝင်ဖို့၊ အခက်အခဲတွေ ရှိလာရင် ညှိနှိုင်းဖြေရှင်းဖို့နဲ့ ပဋိပက္ခတွေမဖြစ်ပေါ်အောင် ထိန်းသိမ်းဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

လက်နက်ကိုင် အဖွဲ့တွေက အခွန်အတုပ် ကောက်ခံတဲ့အပေါ် ဒေသခံတွေကြား သဘောမကျတာတွေ ရှိနေချိန်မှာပဲ၊ မနေ့က ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ ဒေသခံတိုင်းရင်းသားပြည်သူတွေကို ဘေးကင်းလုံခြုံရေးကို တာဝန်ခံဖို့နဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ရားဖို့ ဆိုတဲ့ သဘောတူညီချက်လည်း ထည့်သွင်းထားပါတယ်။

ဒီလိုသဘောတူညီချက်ရရှိတဲ့အပေါ် ကြိုဆိုကြောင်း နမ့်ခမ်းမြို့က ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ ပြောရမယ်ဆိုရင်တော့ ကြိုဆိုပါတယ်။ ကျနော်တို့ ကချင်နဲ့ ပလောင်ကတော့ အနာဂတ်မှာလည်း ပြေလည်လိမ့်မယ်လို့ ယူဆတယ်။ သူတို့က ထာဝရ မဟာမိတ်စာချုပ် ရှိထားတာကိုး။ သူတို့ရဲ့ထုတ်ပြန်ချက်မှာလည်း စာချုပ်အတိုင်းဆက်လက် ထိန်းသိမ်းသွားမယ်လို့ ပြောထားတာ။ သူတို့တွေ သင့်မြတ်ကြမှ ကျနော်တို့ ပြည်သူတွေက နေရတာ အဆင်ပြေတယ်လေ။”

ပြီးခဲ့တဲ့နှစ်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနဲ့ ကချင်ပြည်နယ်အစပ်ဒေသတွေမှာ KIA ကချင် နဲ့ TNLA တအန်း( ပလောင်) အောက်ခြေတပ်ဖွဲ့တွေအကြား နယ်မြေစီမံအုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ပြဿနာအချို့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာရှိခဲ့တာပါ။

ဒီနောက်ပိုင်း နှစ်ဘက် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး စတဲ့နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး ၄ဖွဲ့နဲ့ ပြည်သူ့စစ်တွေ အခြေပြု လှုပ်ရှားနေတာပါ။

ဒီလို လက်နက်ကိုင်အဖွဲ့တွေများပြားပြီး အချင်းချင်းအကြား နယ်မြေပိုင်ဆိုင်အတွက် အငြင်းပွားပြီး တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြောင်း သိန္နီဒေသခံတစ်ဦးက ပြောပါတယ်။

“လက်ရှိ ကချင် ရှိတယ်။ ပလောင်ရှိတယ်၊ နောက်ပြီးတော့ SSPP ရှိမယ်ပေါ့နော်။ RCSS ကတော့ မရှိတော့ဘူး။ နောက် ကိုးကန့်အဖွဲ့ရှိမယ်ပေါ့။ အဲဒါတော့ စိုးရိမ်စရာတွေက အများကြီးပဲ။ သူ့နယ်မြေ ငါ့နယ်မြေဆိုပြီးတော့ နယ်မြေသတ်မှတ်မှုတွေ၊ အဲဒီ ပဋိပက္ခတွေပေါ့။ RC နဲ့ SSPP ပုံစံမျိုးပေါ့။ သူ့နယ်မြေ ငါ့နယ်မြေဆိုပြီးတော့ ပဋိပက္ခတွေဖြစ်လာမယ်။ လူထုအနေနဲ့ ကြောက်လန့်နေရတယ်။”

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းတပ်တွေနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPPအကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့သလို လက်ရှိမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

၂၀၁၅နောက်ပိုင်းကစတင်ပြီး လွန်ခဲ့တဲ့နှစ်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS နဲ့ TNLA အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဒီလို နယ်မြေအငြင်းပွားမှု ပဋိပက္ခတွေဟာ ဖက်ဒရယ်စနစ် အကောင်အထည်မဖော်နိုင်မီအထိ ဆက်လက်ရှိနေနိုင်ကြောင်း သုံးသပ်ပါတယ်။

“ လက်တွေ့ ပြဿနာမှာ လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်းတွေက တပ်သားသစ်စည်းရုံးတာတို့၊ အခွန်ကောက်တာတို့ စတဲ့ လက်တွေ့ ပြဿနာတွေနဲ့လည်း ဆက်စပ်နေတော့ သူတို့က အဲဒီ ပြဿနာတွေကို ဖြေရှင်းနေရတာပေါ့။ ဖြေရှင်းရင်းနဲ့ ပဋိပက္ခတွေ ပေါ်နေတာ။ အားလုံးသဘောတူတဲ့ ဖက်ဒရယ်စနစ်ပေါ့နော်။ အဲဒီဟာ မရောက်ခင် ကြားထဲမှာတော့ ဒီအငြင်းအခုံတွေက၊ အငြင်းပွားမှုတွေက လက်နက်ကိုင်ပဋိပက္ခတွေ အထိ ဆက်ပြီးတော့ ရှိနေလိမ့်အုံးမယ်လို့ ထင်တယ်။ ”

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ကချင်၊ တအန်း(ပလောင်)၊ ရှမ်း၊ ကိုးကန့် ၊ ၀ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေပြုလှုပ်ရှားနေပြီး ဒီလက်နက်ကိုင်အဖွဲ့တွေဟာ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ ပါဝင်နေတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။

KIO ကချင်နဲ့ PSLO ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့တို့ဟာ ထာဝရ မဟာမိတ်စာချုပ်ကို ၁၉၇၆ခုနှစ်က ချုပ်ဆိုခဲ့တာပါ။ နောက်ပိုင်း PSLO အဖွဲ့ လက်နက်ချပြီးတဲ့နောက်မှာ PSLF အဖွဲ့သစ် ထပ်မံဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG