သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ဗန်းမောက်နဲ့ အင်းတော်မှာ ဒေသခံထောင်ချီတိမ်းရှောင်


ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ဗန်းမောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း အထက်ပိုင်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဗန်းမောက်နဲ့ အင်းတော်မြို့နယ်တွေအတွင်းမှာ ဒီရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ရက်ဆက်ဆိုသလို တိုက်ခိုက်တာ တွေရှိနေပါတယ်။ ရက်သတ္တတစ်ပတ်နီးပါးကြာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဗန်းမောက်နဲ့ အင်းတော်နယ်က ဒေသခံ တစ်သောင်းနီးပါးဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ခြမ်းဘက်မှာ ဒီလ ၁၈ရက်နေ့လောက်ကစတင်ပြီး နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာရှိခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့တို့မှာလည်း လေကြောင်းက တိုက်ခိုက်တာရှိကြောင်း ဗန်းမောက် ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ဗန်းမောက်ဘက်အခြေအနေကတော့ ကျနော်တို့ ကြောင်လည်ဘက်မှာ မနေ့က လေယာဉ် ၃စီး ချတယ်။ နောက် ဒီနေ့လည်း လေယာဉ်တစ်စီး ဝဲပြီးတော့မှ ပစ်သွားတယ်။ မနေ့ကလည်း လာတယ်။ ဒီနေ့လည်း လာတယ်။ နောက်ပြီးတော့မှ ဟိုနေ့တုံးက ဖြစ်တာတော့ နည်နည်း ပြင်းထန်တယ်ဗျ။ သူတို့ တိုက်လေယာဉ် ၃စီး လာချတယ်။ အဲဒါက ပါထွန် ရွာနားမှာဖြစ်တယ်။ အရင်တစ်ခေါက်က ကံကြီးကုန်းတိုက်ပွဲမှာလည်း လေယာဉ်နဲ့ ပစ်သွားတယ်။ လေယာဉ်ကတော့ နေ့တိုင်းလိုလိုတော့ ကင်းထောက်တွေ ဘာတွေတော့ အမြဲတမ်း ဝဲနေတာပဲ။”

ပါထွန်ရွာဘက်မှာ ဒီလ ၂၀ရက်နေ့က ပစ်ခတ်တာဖြစ်ပြီး ကံကြီးကုန်ရွာဘက်မှာတော့ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီ၊ SNA ရှမ်းနီ ပူးပေါင်းတပ်နဲ့ KIA ကချင်၊ PDF ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတာလို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ ၂လ ကျော်လောက်ကြာမြင့်ပြီး တိုက်ပွဲဖြစ်ပွား နေရာနဲ့ နီးကပ်တဲ့ကျေးရွာတွေက စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်းလည်း ပြောပါတယ်။

“ဗန်းမောက်ဘက်မှာ တိုက်ပွဲဖြစ်တာတော့ ကြာပြီ။ ဗန်းမောက်အနောက်ခြမ်းမှာဆိုရင် ၂လလောက်ရှိပြီ။ ကြိုကြား ကြိုကြားတွေဖြစ်တယ်။ ပြောင်းတာ ရွှေ့တာတွေကတော့ များတယ်ဗျ။ ဗန်းမောက်အနောက်ခြမ်းပိုင်း ကြောင်လည်၊ မံလူ၊ နားပင်၊ နောက် ကံကြီးကုန်း၊ ပါထွန် အဲဒီရွာတွေက အကုန်လုံး စစ်ရှောင်ရတယ်။ နောက်ပြီးတော့ အနောက်ထဲထဲက မံစီကြီး တိုက်နယ်ထဲက ရွာတွေ တော်တော်များများလည်း ရှောင်ရတယ်။ လွန်ခဲ့တဲ့ ၂လဝန်းကျင်လောက်တည်းကနေ စစ်ရှောင်ရတာ ၂ထောင်ကျော် ရှိတယ်ဗျ။”

ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းလောက်က စတင်ခဲ့တာပါ။ အစပိုင်းမှာ ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာ စတင်ပြီး နောက်ပိုင်းမှာ အနောက်ပိုင်း ကူးစက်ခဲ့တာဖြစ်ပါတယ်။

ဒေသခံတစ်ချို့က ဗန်းမောက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူ တစ်သောင်းကျော်လောက်ရှိနိုင်ကြောင်း ပြောဆိုတာလည်း ရှိနေပါတယ်။

ဗန်းမောက်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ အင်းတော်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲတွေကတော့ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF၊ ကျောင်းသားတပ်ဖြစ်တဲ့ ABSDF ပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို အင်းတော် PDF တွေနဲ့ နီးစပ်သူတစ်ဦးက အခုလို ပြောပါတယ်။

“အင်းတော်ဘက် အခြေအနေကတော့ မော်တိတ်နဲ့ ရွာသာယာကြားမှာ ဖြစ်နေတယ်ဗျ။ မနက်ကတုံးက။ အခုချိန်ထိပေါ့ဗျာ။ မြေပြင်မှာကျ လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ဝေဟင်ကလည်း ၁၁နာရီ မိနစ် ၂၀လောက်မှာ လာကူတယ်ဗျ။ ဟုတ်တယ် လေယာဉ်တွေနဲ့ လာပစ်တာဗျ။ ကျနော်တို့ မနေ့ကတုံးက စဖြစ်တာဗျ။ မနေ့ကတုံးကတော့ သူတို့ဘက်ကလူ ၁၅ယောက်လောက် ကျတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဒဏ်ရာအနည်းအကျဉ်းရတာ ၂ယောက်တော့ ရတယ်ဗျ။ ဒီကနေ့ကတော့ လောလောဆည်ဆည် အတိအကျ ယူလို့မရသေးဘူး။ သူတို့ဘက်ကတော့ ရှေ့ပွိုင့် အကုန်လုံးပြုတ်သွားတာနဲ့ လေယာဉ်လာကူတယ်လို့တော့ ပြောတာပေါ့ဗျ။ ”

တိုက်ပွဲကြောင့် ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ အင်းတော်မြို့နယ်က ဒေသခံပြည်သူတွေဟာ တနင်္လာနေ့ တိုက်ပွဲဖြစ်ချိန်ကစတင်ပြီး တိမ်းရှောင်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ဒီနေ့က ရှောင်ပြီးသားလို ဖြစ်သွားတာဗျ။ မနေ့ကတုံးက ဖြည်းဖြည်းချင်း ရှောင်ကြတာလေဗျာ။ အခုဆိုရင် (၇) ရွာ၊ (၈) ရွာလောက် ရှောင်ရသလို ဖြစ်သွားတာဗျ။ ရွာသာယာရယ်၊ မော်တိတ်ရယ်၊ အောင်းကုန်း၊ နံသာ၊ အင်ပင်၊ တုံးတော်၊ တာပေါ ပေါ့ဗျာ။ ၇ထောင်ကျော်တော့ ရှိမယ်ဗျ။ ကျနော်တို့ မြို့ပေါ်ကို မရှောင်သာဘူးဗျ။ အခုကျတော့ခါကျတော့ ကျနော်တို့ တောထဲတို့၊ လယ်ပြင်တဲထဲတို့ ဘာတို့ အဲဒီလို နည်းနည်းနီးတဲ့ရွာတို့ကို ရောက်အောင် အဲလိုပဲ ရှောင်ကြရတယ်ဗျ။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လုံခြုံမှုကင်းမဲ့တာတွေကြောင့် အိုးအိမ် စွန့်ခွါထွက်ပြေးရသူ ၁ ဒဿမ ၇သန်း လောက်ရှိလာကြောင်းနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ လူ ၄ သန်းခွဲလောက်အတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်မှာဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG