သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီ ချောင်းမ အနောက်ရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ


တောတောင်တွေထဲ ထွက်ပြေးပြီး စစ်ဘေးရှောင်နေရတဲ့ ကနီဒေသခံပြည်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
တောတောင်တွေထဲ ထွက်ပြေးပြီး စစ်ဘေးရှောင်နေရတဲ့ ကနီဒေသခံပြည်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ကနီ ချောင်းမ အနောက်ရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမ အနောက်ရွာက စာသင်ကျောင်းကို စစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒေသခံအများအပြားဟာ မိုးရေထဲစစ်ဘေးရှောင်နေရတဲ့အတွက် လည်း အခက်အခဲတွေရှိနေပါတယ်။ စစ်ကိုင်းတိုင်း ကနီမြို့က အခြေအနေသတင်းပေးပို့ချက် ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမ အနောက်ရွာက စာသင်ကျောင်းကို မေ ၁၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပြင် နေအိမ် ၃ လုံးပါ မီးလောင်ကျွမ်းသွားကြောင်း ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လူထိခိုက်မှုသတင်းတော့မရပါဘူး။

စစ်ကောင်စီတပ်ဟာ ချောင်းမအနောက်ရွာကနေ တမိုင်ခန့်ပဲဝေးတဲ့ လည်ရှည် ကျေးရွာမှာတပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးတာလည်းရှိတယ်လို့ ကျောက်လုံးကြီးကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

“ကနီမြို့နယ် ချောင်းမအနောက်ရွာကို Yak 130 နဲ့ ဗုံး ၂ ကြိမ် လာကြဲသွားတယ်။ အဲ့မှာက တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ အကြောင်းပြချက်က ဘာရယ်လို့ကို မရှိဘူး။ သူတို့ကြဲချင်လို့လာကြဲသွားတာ။ ထိခိုက်ပျက်စီးမှုကတော့ ချောင်းမ အနောက်ရွာက စာသင်ကျောင်းရယ်၊ နေအိမ် ၃ လုံးရယ် ပျက်စီးသွားတယ်။ စစ်ကြောင်းက နောက်ဆုတ်သွားတယ်ဆိုပြီး ပြည်သူတွေက ကိုယ့်ရွာကိုယ်ပြန်ဝင်တဲ့အချိန်မှာ မနေ့က မထင်မှတ်ဘဲ ပြန်ပြီး စစ်ကြောင်းထပ်ထိုးလာတော့ လည်ရှည်ရွာမှာ စကစ တွေတပ်စွဲထားတယ်။ အဲ့မှာက ပြည်သူ အယောက် ၃၀ လောက် အဖမ်းခံထားရတယ်။”

စစ်ကောင်စီတပ်ဟာ မေ ၁၆ ရက် မနက်ပိုင်းမှာ ကနီမြို့နဲ့ကပ်လျက် ယင်းမာပင်နယ်ထဲက ဘန့်ဘွေးရွာကို ပြန်လည်ဆုတ်ခွါသွားပြီး အဲ့ဒီ့ညနေမှာပဲ တကျော့ပြန် နယ်မြေရှင်းလင်းရေးလုပ်လာလို့ နေရပ်ပြန်တဲ့ ဒေသခံတွေ ကျေးရွာထဲပိတ်မိသွားတာလို့ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် ကနီနယ်မှာ မိုးရွာသွန်းနေချိန်မှာ ဒေသခံစစ်ဘေးရှောင်တွေဟာ မိုးထဲရေထဲမှာ ပြေးလွှားပြီး တောတောင်တွေထဲ ပုန်းအောင်းနေထိုင်နေရတယ်လို့ ဒေသခံကပြောပါတယ်။

“လေယာဉ်နဲ့ဗုံးကြဲတာ။ အခုမိုးရွာကြီး တောထဲမှာ ပြေးနေကြရတာ။ တောတွေထဲမှာ တဲမရှိဘူး။ တဲမရှိတော့ တဲရှိတဲ့တောပြင်တွေကို ပတ်သွားနေရတယ်။ အခုမှ တဲတွေထဲကိုရောက်လို့ လေတွေကော မိုးတွေကောကျနေတယ်။ ပြေးနေရတာ။ ရွာကို ပြန်မကပ်ရဲဘူး။ ပြန်ပစ်မလား၊ ပြန်လာမလားနဲ့ လည်ရှည်နဲ့ချောင်းမကလည်း သိပ်မဝေးဘူးလေ။”

စစ်တပ်ဟာ မေ ၁၂ ရက်ကစလို့ ကနီနယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ မေ ၁၄ ရက်ကလည်း ချောင်းမကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသလို ၄ ရက်အတွင်းမှာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

မေ ၁၂ ရက်ကစလို့ မေ ၁၇ ရက်အထိ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၄ ဦး သတ်ဖြတ်ခံထားရတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အရပ်သားသေဆုံးမှုတွေအပေါ် စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG