သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီပဲယင္းနဲ႔ ကနီ ေက်းရြာတခ်ိဳ႕ မီး႐ႈိ႕ဖ်က္ဆီးခံရ


စစ္ေကာင္စီတပ္ေတြရဲ႕ ထုိးစစ္ဆင္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ကနီၿမိဳ႕နယ္ ကင္းေက်းရြာက ေဒသခံမ်ား။ (ေမ ၇၊၂၀၂၁)

(Zawgyi / Unicode)

စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး ဒီပဲယင္းၿမိဳ႕နဲ႔ ကနီၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ ေနအိမ္ေတြ မီးေလာင္ပ်က္စီးခဲ့သလို စစ္ဆင္ေရးေတြေၾကာင့္ ေဒသခံေတြလည္း ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ထြက္ေျပးေနရတဲ့ ေဒသခံေတြအတြက္ အေရးေပၚ ေဆးဝါးအကူအညီေတြ လိုအပ္ေနပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္းကို ကိုသားၫြန႔္ဦး ေျပာျပမွာပါ။

စစ္ေကာင္စီတပ္ေတြကို ျပန္လည္ခုခံေနတဲ့ စစ္ကိုင္းတိုင္း ေက်းရြာေတြမွာ အခုရက္ပိုင္းအတြင္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ၿပီး စစ္ေကာင္စီက နယ္ေျမရွင္းလင္း စစ္ဆင္ေရးေတြ တြန္းလုပ္လာပါတယ္။ စစ္ကိုင္းတိုင္း ေရႊဘိုခ႐ိုင္ ဒီပဲယင္းၿမိဳ႕နယ္နဲ႔ ၅ ဖာလုံသာေဝးတဲ့ ဝဘာေက်းရြာကို မတ္လ ၅ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီက ဝင္ေရာက္ၿပီး မီး႐ႈိ႕တဲ့အတြက္ ေနအိမ္ ၅၆ လုံး မီးေလာင္ကၽြမ္းသြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြကို ခုခံတိုက္ခိုက္တဲ့ျဖစ္စဥ္ မရွိဘဲ ေနအိမ္ေတြကို မီး႐ႈိ႕သြားတာျဖစ္တယ္လို႔ စစ္ေဘးဒုကၡသည္ေတြကို ကူညီေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ဝဘာ သေျပသာကို ဝင္ၿပီး မီး႐ႈိ႕တယ္ေပါ့။ စာရင္းဇယား က်ေနာ္လုပ္ထားတာက ၅၆ စု လုံးဝ ဘာမွ မက်န္ေတာ့ဘူး။ အကုန္မီး႐ႈိ႕၊ စစ္ေကာင္စီစစ္သား ၂၀ ေလာက္လာၿပီး မီး႐ႈိ႕သြားတာ။ ကာကြယ္ေရးလုပ္တဲ့ ကေလးေတြအိမ္ကိုပဲ မီး႐ႈိ႕တာမ်ိဳး မဟုတ္ဘူး။ အကုန္လုံး သက္သက္႐ႈိ႕သြားတာ။ ဝင္ကတည္းက သူတို႔ကို မိုင္းဆြဲတာမ်ိဳးမဟုတ္ဘဲ ဝင္ကတည္းက အကုန္႐ႈိ႕တဲ့သေဘာပဲ။”

စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာခ်ိန္မွာ ေက်းရြာသားေတြဟာ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ခဲ့ရပါတယ္။ လက္ရွိ ဒီပဲယင္းၿမိဳ႕နယ္ထဲမွာ စစ္ေဘးေရွာင္ေနရသူ ေသာင္းနဲ႔ခ်ီရွိၿပီး ဒီပဲယင္းၿမိဳ႕နယ္ထဲက ေဒသခံေတြအျပင္ ေရႊဘိုဘက္ ေက်းရြာက စစ္ေဘးဒုကၡသည္ေတြပါ တိမ္းေရွာင္ေနရတာပါ။

စစ္ေဘးဒုကၡသည္ေတြထဲမွာ ဖ်ားနာတာေတြရွိၿပီး ေဆးဝါး၊ အစားအေသာက္ အကူအညီေတြ လိုအပ္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

“ေဆးဝါးေကာ အစားအေသာက္ေကာ အရမ္းကို ခက္ခဲေနၿပီ။ ဆန္ေလာက္ပဲရွိတယ္။ က်န္တဲ့ဟာက မရွိဘူးျဖစ္ေနတယ္။ ေဆးဝါးအကူအညီ လိုအပ္တယ္ေပါ့။ အထူးသျဖင့္ ေျပာမယ္ဆိုရင္ ေနမေကာင္းတာေရာ ကူးစက္မႈႏႈန္းက စစ္ေဘးေရွာင္ေတြဆိုေတာ့ မေရွာင္ႏိုင္ေတာ့ဘူး၊ အားလုံးက အတူတူေနၾကရတာဆိုေတာ့ တေနရာတည္း ႁပြတ္ၿပီး ေနၾကရတာဆိုေတာ့ ဒါေတြက ကူးေတာ့တာဗ်ာ။ အခု အဲ့ဒါေတြ အမ်ားစုက ျဖစ္ေနတာ။”

ဒါက ဒီပဲယင္းဘက္က အေျခအေနပါ။ ေဖေဖာ္ဝါရီ ၂၈ ရက္ကလည္း စစ္ေရးတင္းမာေနတဲ့ ယင္းမာပင္ၿမိဳ႕နဲ႔ ကနီၿမိဳ႕နယ္ၾကားက ေခ်ာင္းမေက်းရြာမွာလည္း မတ္လ ၅ ရက္ စေနေန႔ညပိုင္းက မီး႐ႈိ႕ခံရတဲ့အတြက္ ေနအိမ္ေတြအျပင္ ေက်းရြာ ေဆးေပးခန္းလည္း မီးေလာင္ဆုံး႐ႈံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“က်မတို႔က အျပင္မွာ ေျပးေနရတာ။ ေၾကာက္လို႔ ေျပးေနရတာ။ ေခ်ာင္းမေတာ့ မီးေတာက္ေတြနဲ႔ မီး႐ႈိ႕ေနၿပီလို႔ ေျပာတာ။ က်မတို႔ ေခ်ာင္းမ အေနာက္ရြာက ၁၃ အိမ္ေလာင္တယ္။ ေဆးခန္းပါ ပါတာ။ ေက်းလက္ေဆးခန္းပါ ပါတာ။ ၿပီးေတာ့ ေခ်ာင္းမအေရွ႕ရြာက ၅ လုံးေက်ာ္တယ္။ ေနအိမ္ေတြ ပါတဲ့ေနအိမ္ေတြကေတာ့ ဘာမွကို မရလိုက္ပါဘူး။ အကုန္လုံးပါတာပါ။ ဘာမွလည္းမရလိုက္ဘူး။ လုံးဝလည္း မီးက မသတ္ရဲတဲ့အခါက်ေတာ့ အကုန္လုံးပါသြားတာ။ ေတာင္သူေတြ အႏွစ္ႏွစ္အလလ စုေဆာင္းၿပီးမွ လုပ္ခဲ့ရတဲ့ အလုပ္ေတြ၊ ေဆာက္ခဲ့ရတဲ့အိမ္ေတြ တညတည္းနဲ႔ မီး႐ႈိ႕ခံခဲ့ရပါတယ္။”

အခုလို ေက်းရြာေနအိမ္ေတြ မီးေလာင္ခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ေဖေဖာ္ဝါရီ ၂၆ ရက္က ယင္းမာပင္ၿမိဳ႕ ခ်င္းပုန္းေက်းရြာနဲ႔ ေညာင္ကိုင္းရြာကို ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္ အပါအဝင္ ေဒသခံ ၇ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ယင္းမာပင္ၿမိဳ႕နဲ႔ ကနီၿမိဳ႕ၾကား ယင္းမာပင္ဘက္မွာရွိတဲ့ သေျပေအးေက်းရြာကို စစ္ေကာင္စီတပ္ေတြ ေလေၾကာင္းကေန ပစ္ခတ္ နယ္ေျမရွင္းလင္းတာေတြ လုပ္သလို ေနအိမ္ေတြကို မီး႐ႈိ႕တဲ့အတြက္ သေျပေအးေက်းရြာက ေနအိမ္ ၂၀၀ နီးပါး မီးေလာင္ခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ယင္းမာပင္ၿမိဳ႕နဲ႔ ကနီၿမိဳ႕ၾကားက ေဒသခံ ၂,၀၀၀ ေက်ာ္ဟာ စစ္ေဘးဒုကၡသည္အျဖစ္ တိမ္းေရွာင္ေနရတာ တပတ္ခန႔္ရွိေနၿပီလည္း ျဖစ္ပါတယ္။

မတ္လ ၄ ရက္ကစလို႔ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕ႀကီး ၄ ၿမိဳ႕ကလြဲလို႔ က်န္တဲ့ေနရာေတြကို မိုဘိုင္းဖုန္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားသလို ဖုန္းေခၚဆိုမႈေတြလည္း ခက္ခဲေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ဒီပဲယင်းနဲ့ ကနီ ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နဲ့ ကနီမြို့နယ်ထဲက ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

စစ်ကောင်စီတပ်တွေကို ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်း ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်ကောင်စီက နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေ တွန်းလုပ်လာပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်နဲ့ ၅ ဖာလုံသာဝေးတဲ့ ဝဘာကျေးရွာကို မတ်လ ၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဝင်ရောက်ပြီး မီးရှို့တဲ့အတွက် နေအိမ် ၅၆ လုံး မီးလောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်တဲ့ဖြစ်စဉ် မရှိဘဲ နေအိမ်တွေကို မီးရှို့သွားတာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက အခုလိုပြောပါတယ်။

“ဝဘာ သပြေသာကို ဝင်ပြီး မီးရှို့တယ်ပေါ့။ စာရင်းဇယား ကျနော်လုပ်ထားတာက ၅၆ စု လုံးဝ ဘာမှ မကျန်တော့ဘူး။ အကုန်မီးရှို့၊ စစ်ကောင်စီစစ်သား ၂၀ လောက်လာပြီး မီးရှို့သွားတာ။ ကာကွယ်ရေးလုပ်တဲ့ ကလေးတွေအိမ်ကိုပဲ မီးရှို့တာမျိုး မဟုတ်ဘူး။ အကုန်လုံး သက်သက်ရှို့သွားတာ။ ဝင်ကတည်းက သူတို့ကို မိုင်းဆွဲတာမျိုးမဟုတ်ဘဲ ဝင်ကတည်းက အကုန်ရှို့တဲ့သဘောပဲ။”

စစ်ကောင်စီတပ်တွေ ဝင်ရောက်လာချိန်မှာ ကျေးရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ လက်ရှိ ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေရသူ သောင်းနဲ့ချီရှိပြီး ဒီပဲယင်းမြို့နယ်ထဲက ဒေသခံတွေအပြင် ရွှေဘိုဘက် ကျေးရွာက စစ်ဘေးဒုက္ခသည်တွေပါ တိမ်းရှောင်နေရတာပါ။

စစ်ဘေးဒုက္ခသည်တွေထဲမှာ ဖျားနာတာတွေရှိပြီး ဆေးဝါး၊ အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ဆေးဝါးကော အစားအသောက်ကော အရမ်းကို ခက်ခဲနေပြီ။ ဆန်လောက်ပဲရှိတယ်။ ကျန်တဲ့ဟာက မရှိဘူးဖြစ်နေတယ်။ ဆေးဝါးအကူအညီ လိုအပ်တယ်ပေါ့။ အထူးသဖြင့် ပြောမယ်ဆိုရင် နေမကောင်းတာရော ကူးစက်မှုနှုန်းက စစ်ဘေးရှောင်တွေဆိုတော့ မရှောင်နိုင်တော့ဘူး၊ အားလုံးက အတူတူနေကြရတာဆိုတော့ တနေရာတည်း ပြွတ်ပြီး နေကြရတာဆိုတော့ ဒါတွေက ကူးတော့တာဗျာ။ အခု အဲ့ဒါတွေ အများစုက ဖြစ်နေတာ။”

ဒါက ဒီပဲယင်းဘက်က အခြေအနေပါ။ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း စစ်ရေးတင်းမာနေတဲ့ ယင်းမာပင်မြို့နဲ့ ကနီမြို့နယ်ကြားက ချောင်းမကျေးရွာမှာလည်း မတ်လ ၅ ရက် စနေနေ့ညပိုင်းက မီးရှို့ခံရတဲ့အတွက် နေအိမ်တွေအပြင် ကျေးရွာ ဆေးပေးခန်းလည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမတို့က အပြင်မှာ ပြေးနေရတာ။ ကြောက်လို့ ပြေးနေရတာ။ ချောင်းမတော့ မီးတောက်တွေနဲ့ မီးရှို့နေပြီလို့ ပြောတာ။ ကျမတို့ ချောင်းမ အနောက်ရွာက ၁၃ အိမ်လောင်တယ်။ ဆေးခန်းပါ ပါတာ။ ကျေးလက်ဆေးခန်းပါ ပါတာ။ ပြီးတော့ ချောင်းမအရှေ့ရွာက ၅ လုံးကျော်တယ်။ နေအိမ်တွေ ပါတဲ့နေအိမ်တွေကတော့ ဘာမှကို မရလိုက်ပါဘူး။ အကုန်လုံးပါတာပါ။ ဘာမှလည်းမရလိုက်ဘူး။ လုံးဝလည်း မီးက မသတ်ရဲတဲ့အခါကျတော့ အကုန်လုံးပါသွားတာ။ တောင်သူတွေ အနှစ်နှစ်အလလ စုဆောင်းပြီးမှ လုပ်ခဲ့ရတဲ့ အလုပ်တွေ၊ ဆောက်ခဲ့ရတဲ့အိမ်တွေ တညတည်းနဲ့ မီးရှို့ခံခဲ့ရပါတယ်။”

အခုလို ကျေးရွာနေအိမ်တွေ မီးလောင်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၆ ရက်က ယင်းမာပင်မြို့ ချင်းပုန်းကျေးရွာနဲ့ ညောင်ကိုင်းရွာကို လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် အပါအဝင် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ ယင်းမာပင်မြို့နဲ့ ကနီမြို့ကြား ယင်းမာပင်ဘက်မှာရှိတဲ့ သပြေအေးကျေးရွာကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေ ပစ်ခတ် နယ်မြေရှင်းလင်းတာတွေ လုပ်သလို နေအိမ်တွေကို မီးရှို့တဲ့အတွက် သပြေအေးကျေးရွာက နေအိမ် ၂၀၀ နီးပါး မီးလောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားက ဒေသခံ ၂,၀၀၀ ကျော်ဟာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတာ တပတ်ခန့်ရှိနေပြီလည်း ဖြစ်ပါတယ်။

မတ်လ ၄ ရက်ကစလို့ စစ်ကိုင်းတိုင်းထဲက မြို့ကြီး ၄ မြို့ကလွဲလို့ ကျန်တဲ့နေရာတွေကို မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ဖုန်းခေါ်ဆိုမှုတွေလည်း ခက်ခဲနေပါတယ်။

XS
SM
MD
LG