သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင် ကနီ စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ဆက်


ယင်းမာပင် တမ်းရှောင်ရွာသားများ
ယင်းမာပင် တမ်းရှောင်ရွာသားများ

ယင်းမာပင် ကနီ စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ဆက်

{{Zawgyi/Unicode}}
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ကျေးရွာတချို့မီးရှို့ဖျက်ဆီးခံရသလို၊ ကျေးရွာသားတချို့ ဖမ်းဆီးခံရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲအဗခြအနေတွေကို ရန်ကုန်က သတင်းပေးပို့ထားတာကို မအင်ကြင်းနိုင် က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့ကြားမှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေသုံးပြီး နယ်မြေရှင်းလင်းလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့က ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် စစ်ဆင်တာကြောင့် နေအိမ်တွေမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မတ်လ ၂ ရက်မှာတော့ သပြေအေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကနီမြို့နယ်ထဲက မိုးကောင်းကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ မြောက်ယမား ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူ ကိုခန့်က ပြောပြပါတယ်။

“သပြေအေးကျေးရွာရဲ့ မြောက်ဖက် မိုးကောင်းကျေးရွာနားမှာ ဒေသခံခုခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာရှိပါတယ်။ မနက်ကတုန်းကတော့ ၈ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ အပြင်းထန် အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့ အရပ်သား ပြည်သူအချို့ဖမ်းဆီးနေတာတွေလည်းရှိပါတယ်။ မိုးကောင်းကျေးရွာကို နေအိမ်တွေ မီးရှို့ခဲ့တာရှိပါတယ်။”

နေအိမ်တွေမီးလောင်ဆုံးရှုံးတာအပြင်၊ ဒေသခံတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မနက်ခင်း ၁၁ နာရီခွဲလောက်မှာ မိုးကောင်းကျေးရွာကို သူတို့လာရောက်ပြီး မီးရှို့ကြတယ်ခင်ဗျ။ အဝေးကနေ လှမ်းမြင်ရတာ မီးတောက်အနေအထားနဲ့ လှမ်းကြည့်ရတာ အနီးအနားတော့ ဘယ်သူမှ ကပ်လို့မရဘူးခင်ဗျ။ သူတို့ကရမ်းပစ်ပြီးတော့ ဝင်တာဆိုတော့ အနီးနားတော့ ဘယ်သူမှ ကပ်လို့မရဘူး။ ကျေးရွာထဲမှာတော့ လူတွေမရှိတော့ဘူး။ သူတို့ဝင်လာကတည်းက ဝင်လာကတည်းကဆို ကျွန်တော်တို့ အရင်ရက်ကတည်းက ရှောင်တိမ်းနေကြတာခင်ဗျ။ ယင်းမာပင်မြို့နယ် သပြေအေးတော်သူကွင်းလို့ပြောရမှာခင်ဗျ။ အဲ့မှာ တောထဲမှာနေတဲ့ ဦးကံအောင်တို့ သားအဖ ၂ ယောက်ပါသွားတယ်လို့သတင်းရတယ်။ သာမာန်ပြည်သူတွေ ထန်းသမား အဲ့လိုလုပ်ငန်းတွေကိုပဲလုပ်တာ။”

ဖေဖော်ဝါရီ ၂၆ ရက်ကစလို့ ယင်းမာပင်မြို့နယ် ချင်းပုန်းကျေးရွာနဲ့ ညောင်ကိုင်းကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ် နယ်မြေရှင်းလင်းတာတွေလုပ်ပြီးတဲ့နောက် သပြေအေးကျေးရွာ မိုးကောင်းကျေးရွာတို့ကို ဆက်တိုက်ဆိုသလို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေးတွေမှာ ဒေသခံကျေးရွာသားတချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

လက်ရှိအချိန်မှာ ယင်းမာပင်နဲ့ ကနီနယ်ကြား ကျေးရွာ ၆ ရွာလောက်က ဒေသခံ ၂ ထောင်လောက်ဟာ ဘေးလွတ်ရာ တောတွေထဲ တိမ်းရှောင်နေရပါတယ်။ ဒါက ယင်းမာပင်နဲ့ ကနီနယ်ထဲက အခြေအနေပါ။

စစ်ကိုင်းတိုင်းထဲကပဲ ကျွန်းလှမြို့ ဝေလမူ ကျေးရွာကို စစ်ကောင်စီက မတ်လ ၁ ရက်မှာ လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်လို့ ကျေးရွာထဲမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ ဝေလမူကျေးရွာသူတဦးက အခုလိုပြောပါတယ်။

“ကျွန်မတို့ပြည်သူတွေကလည်း အကုန်ထွက်ပြေးချင်ရာ ထွက်ပြေးပြီး အပြင်ရောက်နေတဲ့သူတွေကော အကုန်ဒုက္ခရောက်နေတာ။ ရွာက ၅၀/၆၀ လောက်က ကလေးတွေကော လူကြီးတွေကော ပိတ်မိပြီး ဖမ်းထားတာ ဓားစားခံအဖြစ် ဖမ်းထားပါတယ်။ ရွာကိုဝိုင်းထားတာ။ ကလေးတွေကို ဓားစာခံအဖြစ် ခေါ်ထားတာ။ ထွက်ပြေးတဲ့သူတွေကို ပြန်လာဖို့ဆိုပြီး ရွာထဲက ကလေးတွေကို ရိုက်နှက်ပြီးစစ်နေတယ်။”

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ကျွန်းလှမြို့နယ် ဝေလမူကျေးရွာမှာ PDF အမည်ခံ အကြမ်းဖက်သမားတွေ ရောက်ရှိနေကြောင်း သတင်းပေးပို့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာကို စစ်ဆေးဆောင်ရွက်ဖို့ သွားချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။ ဒေသခံတွေပြောကြသလို လေကြောင်းကနေတိုက်ခိုက်တယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

..............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}












XS
SM
MD
LG