သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းတွင်းစစ်ရှောင်များအရေးပေါ်အကူအညီတွေလိုအပ်


ကနီမြို့နယ်၊ ကင်းရွာက စစ်ဘေးရှောင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကနီမြို့နယ်၊ ကင်းရွာက စစ်ဘေးရှောင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေရှိတဲ့ဒေသတွေမှာ မုန်တိုင်းအရှိန်နဲ့ လေပြင်းတိုက်တာ မိုးသည်းထန်ခဲ့တာတွေရှိတာကြောင့် ဒေသတချို့မှာ စစ်ရှောင်ရိက္ခာတွေ ပျက်စီးဆုံးရှုံးပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ နေစရာ၊ အမိုးအကာတွေ အရေးပေါ်လိုအပ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတွေတိုက်ခတ်ပြီး မိုးကြီးရေလျှံဖြစ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဒုက္ခရောက်နေကြရတယ်လို့ ယင်းမာပင်၊ ဆားလင်းကြီး စုပေါင်း သပိတ်ကော်မတီဝင် ကိုလွမ်းသူက ပြောပါတယ်။ လမ်းတွေ၊ တံတားတွေ အများအပြားပျက်စီးခဲ့ရသလို စစ်ရှောင်တွေအတွက် ရိက္ခာတွေလည်း ရေမြုပ်ပျက်စီးသွားတာကြောင့် လက်ရှိမှာ ရိက္ခာတွေလိုအပ်နေသလို ဒီရက်ပိုင်း ဖျားနာသူတွေများလာတာကြောင့် ဆေးဝါးတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။

“သိုလှောင်ထားတဲ့ဟာတွေ ရေမြုပ်သွားတယ်။ ပြီးတော့ အများကြီး အများကြီးပေါ့ဗျာ၊ ကျနော်တို့ ထင်ထားတာထက်ကို အများကြီးဆုံးရှုံးပါတယ်။ အရေးပေါ်လိုအပ်နေတာကတော့ ကျနော်ထင်တယ် ဆေးဝါးလိုအပ်မယ်။ ပြီးတော့ အခြေခံလူသုံးကုန်ပစ္စည်းတွေ လိုအပ်မယ်။ ပြီးရင် စားနပ်ရိက္ခာလိုအပ်မယ်၊ အခြေခံ အဲ့ဒါတွေကတော့ အဓိက အရေးကြီးတယ်။ ပြီးတော့ မိုးရာသီရောက်တော့မှာဆိုတော့ မိုးကာတဲတွေ ဘာတွေတော့ လိုအပ်မယ်လို့ ကျနော်ပြောချင်တယ်။ ဖျားတာနာတာတွေလည်း တော်တော်များတယ်ဗျ။ အဓိက လိုအပ်တဲ့ ဆေးဝါးတွေကတော့ ဖျားနာကိုက်ခဲတာနဲ့ ဝမ်းပျက်ဝမ်းလျောအတွက်။”

ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်တွေမှာ စစ်ဘေးရှောင်တွေအတွက် မြွေအန္တရာယ်လည်း ရှိတာကြောင့် မိုးရာသီမှာ မြွေအန္တရာယ်ပိုကြုံလာရနိုင်ခြေရှိတာမို့ မြွေဆိပ်ဖြေဆေးတွေလည်းလိုအပ်တယ်လို့ ကိုလွမ်းသူက ပြောပါတယ်။ မိုခါမုန်တိုင်းရဲ့အရှိန်နဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးသည်ထန်ပြီး ရေကြီးတာတွေကြောင့် ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်တွေမှာ အဆောက်အဦးတွေ၊ လမ်းတွေ၊ တံတားတွေ အများအပြားပျက်စီးခဲ့သလို စိုက်ခင်းတွေလည်း ရေလွမ်းခံရပြီး ပျက်စီးကုန်တယ်လို့ ကိုလွမ်းသူက ပြောပါတယ်။

“ယင်းမာပင်မြို့နယ်အတွင်းမှာလည်း ကျေးရွာပေါင်း မြောက်များစွာ ရေဖုံးလွမ်းပြီးတော့ စိုက်ပျိုးမြေဧကအများအပြား သဲဖုံးလွမ်းသွားတယ်။ အခုအချိန်ထိ ရွာတွေမှာ ပြန်နေလို့ မရဘဲနဲ့ ပျက်စီးဆုံးရှုံးမှု အိမ်တွေများတယ်။ ပရိဘောကတွေ... ပြီးရင် သိုလှောင်ထားတဲ့ စိုက်ပျိုး သီးနှံတွေ ပြီးရင် စိုက်ခင်းတွေအားလုံး သဲတွေဖုံးလွမ်းသွားတယ်။”

ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်တွေကလည်း ဒီရက်ပိုင်းမှာ မိုးသည်းထန်တဲ့အတွက် နေထိုင်ရေး ခက်ခဲကြရသလို စစ်ဘေးရှောင်တွေထဲမှာ ဖျားနာသူတွေ များလာတာကြောင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ကိုဗလကြီးက ပြောပါတယ်။

“ဆေးကတော့ လိုအပ်တယ်ဗျ၊ မိုးဒဏ်လေဒဏ်နဲ့ဆိုတော့ ဖျားတာနာတာကတော့ များလာပြီ။ ဒီရက်ပိုင်းတော်တော်လေး ဖျားတာနာတာလေးတွေ တွေ့နေရတယ်။ မြွေဆိပ် ဖြေဆေးကတော့ လောလောဆယ် မရှိသေးဘူးဗျ။ အရင်တပတ်လောက်ကပဲ ပြီးခဲ့တဲ့ရက်ပိုင်းက ထန်းတောရွာက စစ်ရှောင်တယောက် မြွေကိုက်ပြီးတော့ ဆုံးသွားသေးတယ်ဗျ။ မြွေဆိပ်ဖြေဆေးကတော့ ခုချိန်ထိ မရှိသေးဘူးဗျ ကျနော်တို့ဘက်မှာ။ မိုးတွင်းရောက်လာတော့ မြွေက တော်တော်များများတွေ့ရတယ်ဗျ အခု၊ ကျနော်တို့လည်း ခဏခဏ တွေ့နေရတာပဲ။ ၂ ကောင်၊ ၃ ကောင် အဲ့လိုတွေတွေ့တယ်။ ကျနော်တို့တောင် အဲ့လောက်တွေ့တာ စစ်ရှောင်တွေဆို ပိုတွေ့မှာပေါ့။ မလုံလောက်သေးဘူးပေါ့ဗျာ၊ တချိုု့ဆိုရင် မိသားစု ၃-၄ စု နေရတာတွေရှိတယ်၊ တဲတတဲကိုဗျာ။ အဲ့လိုတွေရှိတော့ နေမှုထိုင်မှုကတော့ အဆင်မပြေဘူးဗျာ။ အဓိကကတော့ဗျာ၊ မိုးကာတို့ ဘာတို့ အဓိက လိုအပ်တယ်ဗျ။”

ကလေးမြို့မှာတော့ လက်ရှိမှာ ဆေးဝါးနဲ့ရိက္ခာတွေ ရှိနေသေးပေမယ့် လုံလောက်တဲ့ အဆင့်တော့ မဟုတ်ဘူးလို့ ဒေသခံ ကျောင်းဆရာတဦးက ပြောပါတယ်။

“အရေးပေါ်ဆိုတာထက် ဘယ်လိုပြောမလဲ အမြဲလိုနေတာမျိုးပေါ့၊ ဥပမာအားဖြင့် တခုခုဆိုရင် ကျနော်တို့က ထသွားထလာသဘောများပဲ ဖြေရှင်းနေတာရှိတယ်။ အရေးပေါ်ဆိုတာမျိုးအတွက်တော့ မရှိဘူးပေါ့။ ဒီတကြိမ်မှာတော့ ကျနော်တို့က အဆင်ပြေတယ်။ နောက်တကြိမ် ဒီလိုမျိုး သဘာဝဘေးအန္တရာယ်ဆိုရင်တော့ ကျနော်တို့မှာ ဘာမှ မရှိဘူးပေါ့။ အခုအနေအထားကတော့ ကျနော်တို့ ရပ်တည်နိုင်ကြသေးတဲ့အနေအထားတော့ ရှိပါတယ်။ တခုခုသော ကပ်ဘေးသော်လည်းကောင်း၊ သဘာဝဘေးသော်လည်းကောင်း ထပ်ဖြစ်လာလို့ရှိရင်တော့ ကျနော်တို့မှာ ဘာမှ သိပ်ရှိမှာမဟုတ်တော့ အဲ့လိုဆိုရင်တော့ ပိုပြီးတော့ ထိခိုက်နစ်နာနိုင်တာပေါ့။”

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအတွင်းက ဒေသတချို့မှာလည်း မိုးသည်းထန်ပြီး လေပြင်းတွေတိုက်ခဲ့တာကြောင့် အမိုးအကာမဲ့နေထိုင်ကြရတဲ့ စစ်ဘေးရှောင်တွေနဲ့ မလုံမခြုံ မိုးကာတဲတွေမှာ စုပေါင်းနေထိုင်ကြရတဲ့ စစ်ဘေးရှောင်တွေပါ နေထိုင်ရေးတွေ ခက်ခဲပြီး ဒုက္ခရောက်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေကြသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးရေလျှံ ဖြစ်နေချိန်တွေမှာတောင် စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်ရောက်လာတာတွေကြောင့် ဒေသခံတွေဟာ မိုးရေထဲမှာ ပြေးလွားစစ်ဘေးရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG