သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကုန်တွင်းပိုင်းမှာ အရှိန်နဲ့ဆက်တိုက်ခတ်ဖွယ်ရှိ


ရခိုင်ပြည်နယ်။ ကျောက်တော်မြို့နယ်က ဆိုင်ကလုန်းမိုခါဒဏ် ကြောင့် ပျက်စီးပြိုကျသွားတဲ့ ဈေးဆိုင်။ (မေ ၁၄၊ ၂၀၂၃)
ရခိုင်ပြည်နယ်။ ကျောက်တော်မြို့နယ်က ဆိုင်ကလုန်းမိုခါဒဏ် ကြောင့် ပျက်စီးပြိုကျသွားတဲ့ ဈေးဆိုင်။ (မေ ၁၄၊ ၂၀၂၃)

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း"မိုခါ"ဟာ ရခိုင်ကမ်းရိုးတန်း စစ်တွေအနီး ကုန်းတွင်းဝင်ရောက်ပြီးနောက် တနင်္လာနေ့မှာလည်း ကုန်းတွင်းပိုင်းကို အရှိန်ပြင်းပြင်းနဲ့ ဆက်ပြီး ဖြတ်ကျော်တိုက်ခတ်နိုင်ခြေရှိတာကြောင့် မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ပြည်သူတွေ မုန်တိုင်းဘေး အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးနှိုးဆော်ထားပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကို မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ဆုမွန်။ ။ တနင်္ဂနွေနေ့မှာ စပြီးတော့ ရခိုင်ဘက်ကိုဝင်လာပြီပေါ့နော်၊ အဲဒီတော့ နောက်ဆုံးအခြေအနေလေး တချက်သိချင်ပါတယ်။

ဦးလှထွန်း။ ။ မိုခါက အခုဆိုရင် ကျနော်တို့ မုန်တိုင်းဗဟိုချက်ကတော့ ကမ်းပေါ်ကို ရောက်နေပြီပေ့ါနော်၊ မုန်တိုင်းဗဟိုချက်ကတော့ ကမ်းတက်သွားပြီ။ နောက်ပိုင်းတွေတော့ ကျန်သေးတာပေါ့နော်၊ မုန်တိုင်းအဆောက်အအုံတခုလုံးကုန်းပေါ်ရောက်ဖို့ကတော့ နောက် အနည်းဆုံး သုံး-လေးနာရီတော့ စောင့်ရအုံးမယ်။ ဒီအချိန်အထိကတော့ လေပြင်းတွေကတော့ ဆက်လက် တိုက်ခတ်နေအုံးမယ်ပေါ့နော်။

ဆုမွန်။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မုန်တိုင်းမိုခါ စပြီးတော့ဝင်တဲ့အချိန်နဲ့ လေပြင်းတိုက်ခတ်နှုန်းဘယ်လောက်ရှိတယ်၊ လှိုင်းအမြင့်ပေ ဘယ်လောက်ရှိလဲ၊ ပြောပြပေးပါအုံးရှင့်။

ဦးလှထွန်း။ ။ မနက်ပိုင်းက မုန်တိုင်းရဲ့ ရှေ့ဆုံးအပိုင်းတွေ၊ ရှေ့ဆုံးတိမ်တိုက်တွေ ဖြတ်တဲ့အချိန်ကတော့ လေတိုက်နှုန်း တနာရီ မိုင် လေး-ငါးဆယ်လောက် ရှိမယ်၊ ဒါက စစ်တွေကိုအဓိကထား ပြောတာပေ့ါနော်၊ နောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လေတိုက်နှုန်းကတော့ မုန်တိုင်းဗဟိုချက်နဲ့နီးလေ၊ တဖြည်းဖြည်းနဲ့ လေတိုက်နှုန်းက များလေပေါ့။ အဲဒီတော့ များတဲ့အခါကျတော့ ကျနော်တို့ရရှိတဲ့ သတင်းအချက်အလက်တွေအရတော့ စစ်တွေမြို့မှာ အများဆုံးလေတိုက်နှုန်းက ၁၁၀ ကျော်လောက် ရှိတာပေါ့။ သူ့ရဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်ဖြူတို့ ဘာတို့ကတော့ ၁၀၀ လောက်တော့ တိုက်ခတ်တာတွေ့ရတယ်။ သတင်းရတယ်ပေ့ါနော်၊ နောက်တခါ စစ်တွေတို့ ဘာတို့ဘက်မှာကျ ပင်လယ်ရေတွေ ဝင်ရောက်လာနေတာ....သတင်းတွေမှာ တွေ့ရတယ်။

ဆုမွန်။ ။ ဟုတ်ကဲ့၊ အခု မုန်တိုင်းကတော့ အဓိက က ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ကျောက်ဖြူဘက်မှာ အဓိကဦးတည်ပြီးတော့မှ ပြင်းပြင်းထန်ထန် တိုက်ခတ်ခံနေရတဲ့အနေအထားမှာရှိနေတာပေါ့နော်။

ဦးလှထွန်း။ ။ တကယ်တမ်း မုန်တိုင်းလမ်းကြောင်းက စစ်တွေနဲ့အနီးဆုံးပေါ့။ ဒိပြင် ရခိုင်ပြည်နယ်မှာဆိုရင် စစ်တွေမြို့က မုန်တိုင်းလမ်းကြောင်းရဲ့ အောက်ဘက်နဲ့ တောင်ဘက်လည်းနည်းနည်းကျတယ်။ အဲလိုနေရာတွေက မုန်တိုင်းတည့်ဖြတ်တဲ့နေရာတွေထက်တောင် ပိုပြီးတော့ လေတိုက်နှုန်းပြင်းသေးတယ်။ ဘာပဲပြောပြော မုန်တိုင်းဗဟိုချက် ဖြတ်ဝင်သွားတဲ့နေရာကလည်း စစ်တွေရဲ့အထက်နား၊ စစ်တွေနဲ့ ရသေ့တောင်ကြားဖြစ်တဲ့အတွက် စစ်တွေကတော့ အခုလောလောဆယ် အင်အားအပြင်းဆုံးလို့ ပြောရမှာဖြစ်ပါတယ်။

ဆုမွန်။ ။ ဟုတ်ကဲ့၊ ဆရာ အခု အနီရောင်အဆင့်လည်း သတ်မှတ်ထားတယ်ဆိုတဲ့အခါကျတော့ ရခိုင်အပါအဝင်ပေါ့နော်၊ မြန်မာနိုင်ငံမှာလည်း ဘယ်တိုင်းဒေသတွေမှာရော မိုးများပြီး ရေကြီးနိုင်တဲ့အနေအထားမှာရှိလဲဆရာ။ အခု မုန်တိုင်းမိုခါ ဝင်နေတဲ့အချိန်မှာလေ။

ဦးလှထွန်း။ ။ မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးများတဲ့နေရာတွေကတော့ အခုလောလောဆယ် တပြည်လုံးလိုလို ...မုန်တိုင်းနဲ့အနီးဆုံးဖြစ်တဲ့ ချင်းတို့ ဘာတို့ မှာ မုန်တိုင်းက တန်းကိုဖြတ်သွားပြီးရင် ဆက်ပြီးတော့ ရွေ့သွားအုံးမှာ ....ကုန်းပေါ်မှာ တက်ရွေ့အုံးမယ်။ အဲဒီတော့ ရွေ့တဲ့နေရာတွေမှာလည်း နောက်ရက်တွေမှာဆိုလို့ရှိရင် လေပြင်းတိုက်ပြီး မိုးရွာတာတွေ ဆက်လက် ဖြစ်ပွါးအုံးမယ်။ ရှေ့တပိုင်းကတော့ ဖြတ်ပြီးသွားပြီ၊ နောက်တပိုင်း ကျန်နေသေးတယ်။ ဒါကြောင့်မို့လို့ ဆက်ပြီးတော့မှ မုန်တိုင်းဒဏ်ကို ဆက်ပြီးခံရအုံးမယ်။ မုန်တိုင်းတန်းဖြတ်ပြီးသွားတဲ့အချိန်မှာ မုန်တိုင်းက ဆက်ရွေ့အုံးမှာဖြစ်တဲ့အတွက် မုန်တိုင်းဆက်ရွေ့မယ့်လမ်းကြောင်းမှာရှိမယ့် ချင်းပြည်နယ်၊ နောက် မကွေးတိုင်းဒေသကြီးမှာဆိုရင်တော့ မကွေးတိုင်းဒေသကြီး အထက်ပိုင်းတို့၊ မြောက်ပိုင်းကျတဲ့နေရာတေပေ့ါ၊ နောက် စစ်ကိုင်တိုင်းဒေသကြီးအောက်ပိုင်းပေါ့။ မန္တလေး။ အဲဒီနေရာတွေမှာ မုန်တိုင်းလမ်းကြောင်း ဆက်လက် တည်ရှိနေတဲ့အကြွင်းအကျန်...မုန်တိုင်းအရှိန်တွေက ဆက်လက် သွားအုံးမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာတွေမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ မုန်တိုင်းဖြတ်ပြီးသွားလို့ရှိရင် မုန်တိုင်းရဲ့အရှိန်တွေက ဆက်လက် ရှိနေအုံးမှာဖြစ်တဲ့အတွက် ဒါလေးသတိပြုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပင်လယ် .....အနေနဲ့လည်း သတိဆက်ထားဖို့ အကြံပြုချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG