ဒီကနေ့ မေလ ၁၄ ရက် တနင်္ဂနွေနေ့လယ်ပိုင်းလောက်မှာ စစ်တွေမြို့နားကို ဝင်ရောက်လာမယ့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ဆယ်နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံးမုန်တိုင်းတခုဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။
ဟာဝိုင်ရီမှာရှိတဲ့ အမေရိကန်ရေတပ်ရဲ့ တိုင်ဖွန်းမုန်တိုင်း ပူးတွဲသတိပေးဌာန JTWC က စနေနေ့ ထုတ်ပြန်တဲ့ခန့်မှန်းချက်မှာတော့ ဒေသစံတော်ချိန် စနေညနေပိုင်းမှာ ဆိုင်ကလုန်းမိုခါဟာ လေတိုက်နှုန်း တနာရီကို မိုင် ၁၅၀ နဲ့ရှိနေတာကြောင့် ဒါဟာ ပြင်းအားအဆင့် ၄ မှာရှိနေပေမယ့် အဆင့် ၅ ထက် တနာရီ ၁၀ မိုင်နှုန်းပဲ လျော့တယ်လို့ ပြောပါတယ်။ ကုန်းတွင်းပိုင်းကိုမဝင်ခင် ၁၂ နာရီလောက်မှာ ပြင်းအားအမြင့်ဆုံးဖြစ်သွားပြီး ကုန်းတွင်းပိုင်းကိုဝင်ချိန်မှာ အားအနည်းငယ်လျော့သွားနိုင်ပေမယ့် တနာရီ မိုင် ၁၃၀ လောက်အထိ ဆက်လက် တည်ရှိနေနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပင်လယ်ပြင်မှာလှိုင်းထန်ပြီး လှိုင်းအမြင့်က ၆ ပေခွဲကနေ ၁၃ ပေအထိရှိနိုင်သလို စစ်တွေ တဝိုက်နဲ့တောင်ပိုင်းမှာ လှိုင်းပိုကြီးနိုင်တယ်လို့ ပြောပါတယ်။
မုန်တိုင်းလာရာလမ်းကြောင်းတလျှောက်က ဒေသခံ ၅ သိန်းလောက်ကတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြဆဲ ဖြစ်ပါတယ်။ မုန်တိုင်းဗဟိုလမ်းကြောင်းဝန်းကျင်တဝိုက် ပြင်းထန်တဲ့ လေတိုက်ခိုက်တာ၊ မိုးသည်းထန်စွာရွာသွန်းတာနဲ့ ရုတ်တရက်ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ်တွေ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။ မြန်မာကမ်းရိုးတန်းတလျှောက် မိုးရေချိန် ၅ လက်မကနေ ၁၀ လက်မလောက်အထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မိုခါဟာ မြန်မာစံတော်ချိန် စနေနေ့ ည ၁၁ နာရီခွဲမှာ စစ်တွေရဲ့တောင်နဲ့အနောက်တောင်ဘက် ရေမိုင် ၁၈၀ လောက်အကွာမှာ ရောက်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ညနေ ၄ နာရီ လောက်ကတော့ စစ်တွေအနောက်တောင် ရေမိုင် ၃၁၀ မှာ ဗဟိုပြုနေပြီး လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ လောက်နဲ့ အရှေ့မြောက်ကို ဦးတည်လာနေတဲ့ ဒီမုန်တိုင်းဟာ တနင်္ဂနွေနေ့လယ်မှာ စစ်တွေအနီး လေတိုက်နှုန်းတနာရီမိုင် ၁၀၀ လောက်နဲ့ ဝင်နိုင်တာကြောင့် သတိပေးချက်ကို အနီရောင်အဆင့် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် ရခိုင်ကမ်းရိုးတန်းတလျှောက် နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့တယ်လို့ သောကြာနေ့ စစ်ကောင်စီထုတ် သတင်းစာမှာ ဖေါ်ပြထားပါတယ်။