သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ရခိုင်ပြည်နယ်


မိုခါ မုန်တိုင်းရှောင်ဖို့ ရက္ခိုင့်တပ်တော် AA က ရခိုင်ဒေသခံ‌တွေနဲ့ မွတ်ဆလင်တွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးနေ။ VOA
မိုခါ မုန်တိုင်းရှောင်ဖို့ ရက္ခိုင့်တပ်တော် AA က ရခိုင်ဒေသခံ‌တွေနဲ့ မွတ်ဆလင်တွေကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးနေ။ VOA

မိုခါ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ရခိုင်ပြည်နယ်

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အင်အားပြင်း ဆိုင်ကလုန်မုန်းတိုင်း မိုခါ(Mocha)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီး ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ရခိုင်ပြည်နယ်ထဲမှာ ဒေသခံ ထောင်နဲ့ချီပြီး မုန်တိုင်းရှောင်နေကြပါပြီ။ အခုလာမယ့် မုန်တိုင်းအတွက် ရခိုင်ပြည်နယ်ထဲမှာ ဘယ်လို ကြိုတင်ပြင်ဆင်နေကြတယ်ဆိုတာ အေအက်ဖ်ပီ သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။

ဘင်္ဂလား ပင်လယ်အော် အရှေ့ခြမ်းမှာ မိုခါ ဆိုင်ကလုန်းကြောင့် မိုးကြီးရေလျှံ လေပြင်းတွေတိုက်ပြီး အားကောင်းတဲ့ မိုးသက်မုန်တိုင်း ကျမယ်လို့ ခန့်မှန်းထားလို့ သောကြာနေ့မှာ ရခိုင်ပြည်နယ်က ဒေသခံတချို့ဟာ နေအိမ်တွေကို စွန့်ခွာပြီး ရေလွတ်ရာ ကုန်မြေမြင့် နေရာတွေကို ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။

ဆိုင်ကလုန်း 'မိုခါ'က တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီးကတဆင့် ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပြီး လေတိုက်နှုန်းက ၁ နာရီကို ၁၇၅ ကီလိုမီတာ၊ မိုင်နဲ့ဆိုရင် ၁၀၈ မိုင် နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ကြေညာထားပါတယ်။

မုန်တိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင်ဟာ မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသမှာ ၆ ပေကနေ ၈ ပေ ကြားအထိ မြင့်တက်လာနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ခန့်မှန်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာဆိုရင် မြေနိမ့်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ နေရာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာလည်း အနိမ့်ပိုင်းကျေးရွာတွေက ဒေသခံ ၁,၀၀၀ လောက်ဟာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို သောကြာနေ့မှာ အုပ်စုလိုက် စုပြုံရောက်ရှိခဲ့ကြပြီး မြို့ပေါ်က ဘုန်းကြီးကျောင်းတကျောင်းမှာ ခိုလှုံနေကြပါတယ်။

ကလေးတွေနဲ့အတူ ယာယီခိုလှုံရာနေရာကို ရောက်လာခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မချိုချိုထွန်းကတော့ အသက် အန္တရာယ် စိုးရိမ်ရလို့ နေအိမ်ကို စွန့်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

“ ဒီနေရာမှာတော့ ကုန်းမြင့်ဖက်ဖြစ်လို့ ဘာမှ မဖြစ်ဘူး ထင်တယ်၊ ဇာတိမှာကျ ရေမြုပ်ရင် တယောက်မှ အသက်မရှင်နိုင်ဘူး၊ အဲဒါကြောင့် ဒီနေရာမှာ လုံခြုံမယ်ဆိုပြီး အသက်အန္တရာယ် ကင်းမယ်ဆိုပြီး လာခဲ့တာပါ။ ကိုယ့်အိမ်မှာပဲ ကိုယ်နေချင်တယ်။ ဘယ်လိုပဲ စားရ၊ ဘယ်လိုပဲ နေရ‌ပေါ့နော်၊ အိမ်ကိုလည်း မပျက်စီးစေချင်ဘူး။ ပြန်ပြီး အိမ်ဆောက်ဖို့ကလည်း မလွယ်ပါဘူး။ ဒါပေမယ့် အသက်အန္တရာယ်ကြောင့် ကလေးတွေနဲ့ဆိုတော့ ဒီကိုပဲ ပြောင်းလာတာပါ။ ”

အသက် ၄၂ နှစ် အရွယ် ကိုသန့်ဇော်ဦးကတော့ ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတုန်းက သူ့ရဲ့ မိသားစုဝင် အများအပြား ဆုံးရှုံးခဲ့ရသူပါ။ မြန်မာနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း နာဂစ်ဟာ မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး သဘာဝ ဘေးဒဏ်ကြီးဖြစ်ခဲ့ရပြီး စုစုပေါင်း လူ ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အခု မုန်တိုင်းက နာဂစ် မုန်တိုင်းထက် ပိုကြီးနိုင်တယ်လို့ ခန့်မှန်းကြလို့ ကလေး(၆)ယောက် ဖခင်ဖြစ်တဲ့ ကိုသန့်ဇော်ဦးက သူ့ မိသားစုဝင်တွေ နောက်ထပ် ဆုံးရှုံးတာမျိုး ထပ် အဖြစ်မခံနိုင်လို့ အိမ်ကို စွန့်ခွာလာခဲ့တဲ့ ပြောပါတယ်။

“ မိသားစုကို ပြောပြထားပါတယ်။ ငါ တခါ ခံခဲ့ရတယ်။ အခု ငါ့မိသားစုနဲ့ အဲ့လိုမျိုး သေကွဲ မကွဲချင်ဘူး။ ထပ်ပြီးတော့လည်း အဆုံးရှုံး မခံနိုင်ဘူး။ မပြေးလို့၊ ဒီလိုမျိုး မလုပ်ရင်လည်း မရဘူးလေ။ လေဆိုတာက ပြောလို့မရဘူး။ နာဂစ်လိုမျိုး ထပ်ဖြစ်မယ်ဆိုရင် ကျနော်အတွက် ပိုပြီးတော့ ဆုံးရှုံးမှုက တအားများသွားမှာပါ။ အဲ့ဒါကြောင့်လည်း မိသားစုကို ကျနော် ဒီကို မရ ရအောင် ခေါ်လာခဲ့တာပါ။ ”

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတလျှောက် ကမ်းရိုးတန်းကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ စစ်ကောင်စီဖက်က ကြီးကြပ်ကွပ်ကဲနေကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပေမယ့် လူဦးရေ ဘယ်လောက်များများ ပြောင်းရွှေ့ထားတယ်ဆိုတာတော့ မသိရပါဘူး။

စစ်တွေမြို့ပေါ် ကုန်းမြင့်ပိုင်းကို ရွှေ့ပြောင်းလာကြသူတွေနဲ့ ပတ်သက်လို့တော့ အဲဒီမှာ အကူအညီပေးနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် မေတ္တာရောင်ခြည် ပရဟိတအသင်း တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ တခြား ဘုန်းကြီးကျောင်းတွေမှာလည်း ခိုလှုံနေကြတာ ရှိပါတယ်။ ဒီကျောင်း အမည်ကတော့ အဓိဋ္ဌာန်ကျောင်းပါ။ ဒီကျောင်းမှာ ရောက်နေသူစာရင်းက ကောက်တုန်းပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အခု အိမ်ထောင်စုတောင်မှ ၃၀၀ ကျော် သွားပါပြီ။ လူဦးရေ ဆိုရင်တော့ ၁,၀၀၀ ကျော်သွားပါပြီ။”

ဒီလို မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်တာမျိုးက တာဝန်ရှိ အစိုးရပိုင်းက လုပ်ရမှာ ဖြစ်ပေမယ့် အားနည်းချက်တွေ ရှိနေလို့ အခုလို ပရဟိတအဖွဲ့တွေက အားဖြည့်နေရတာလို့ မေတ္တာရောင်ခြည် ပရဟိတအသင်းက တာဝန်ရှိသူက ဆက် ပြောပါတယ်။

“ မုန်တိုင်း ရှောင်လာတဲ့သူတွေ အငတ်ဘေး မကျရအောင်ပေါ့၊ ဆန်အိတ်၊ ငါးခြောက်၊ ပဲ ပြင်ဆင်ထားပါတယ်။ မုန်တိုင်းတိုက်ပြီး ချက်ပြုတ်ဖို့ အဆင်မပြေတဲ့အခါကျရင် စားနိုင်အောင် မုန့်အခြောက်တွေရော ကြိုတင် ပြင်ဆင်ထားပါတယ်။ တကယ်တမ်းကျတော့ ဒါက ကျနော်တို့ ပြည်သူတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူးဗျာ။ အဲ့ဒါက အစိုးရက လုပ်ရမယ့်အလုပ်ပါ။ ဒါပေမယ့် အစိုးရကကျ ပြည်သူတွေအပေါ်မှာ လုပ်ပေးရာမှာ အားနည်းချက်တွေ ရှိတဲ့ အပေါ်မှာကျတော့ အစိုးရလုပ်မယ့် အလုပ်ကို ကျနော်တို့က လုပ်ပေးနေရတာပေါ့။”

စစ်ကောင်စီဘက်ကတော့ မိုခါ ဆိုင်ကလုန်းက မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီး ပင်လယ်ပြင်ကို သင်္ဘောနဲ့ငါးဖမ်းလှေတွေ လုံးဝမထွက်ဖို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကတဆင့် သတိပေးထားပြီး ရခိုင်ကမ်းရိုးတန်းက ထွက်ခွာလာတဲ့ ဘယ် စက်လှေမဆို ဥပဒေအရ အရေးယူခံရမယ်လို့ ကြေညာထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံးရဲ့ သောကြာနေ့ ကြေညာချက်မှာတော့ လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းတွေအထိ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ လူပေါင်း (၆)သန်းလောက်ဟာလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အခုကတည်းက လိုအပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းက ကျယ်ပြောလှတဲ့ ဒုက္ခသည်စခန်းတွေအနီးကို ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ဖို့ ရှိနေတာပါ။

အဲဒီစခန်းတွေက ဗလီဘုရားကျောင်းတွေ၊ သင်ကြားရေးစင်တာတွေနဲ့ ရုံးခန်းတွေ အားလုံးကို ဆိုင်ကလုန်း ကာကွယ်ရေး ယာယီ ခိုလှုံရာ စခန်းတွေအဖြစ် ပြောင်းလဲထားရှိမယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကလည်း အဲဒီ စခန်းတွေမှာ အရေးပေါ် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အာဏာပိုင်တွေက လမ်းတွေကို ရှင်းလင်းဖို့ စက်ယန္တရားကြီးတွေ အသင့်အနေအထား ရှိနေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းမှာ လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှု မလုပ်ရသေးပေမယ့် ရာနဲ့ချီတဲ့ ဆိုင်ကလုန်း ကယ်ဆယ်ရေး စခန်းတွေကို အဆင်သင့် ဖြစ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

မြောက်အတ္တလန်တိတ် ဘက်ခြမ်းမှာဆိုရင် ဟာရီကိန်း မုန်တိုင်းလို၊ ပစိဖိတ်အနောက်မြောက်ပိုင်းမှာဆိုရင် တိုင်ဖုန်းမုန်တိုင်းတွေလိုပဲ ဆိုင်ကလုန်း မုန်တိုင်းတွေကလည်း အင်အားပြင်းပြီး လူသန်းချီနေထိုင်နေတဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းကမ်းရိုးတန်းဒေသမှာ အမြဲလိုလို ဖြစ်တတ်ပါတယ်။ လူအမြောက်အမြားကို အသက်အန္တရာယ် ကြုံရစေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလက ဆိုင်ကလုန်း မုန်တိုင်းကြီးတခု ဖြစ်တဲ့ Sidr တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၃,၀၀၀ ကျော် သေဆုံးကာ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG