သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကြောင့် ရွေ့လာမယ့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေအန္တရာယ် သတိထားဖို့လို


မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))
မြေမြှုပ်မိုင်းမှတ်တမ်းတချို့ (ဓာတ်ပုံ-Explosive Ordnance Risk Education (Myanmar))

ဆိုင်ကလုန်းမုန်တိုင်းအတွင်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ မူလနေရာကနေ ရွေ့လျားသွားနိုင်တဲ့အတွက် ဒါတွေကို သတိထားဖို့ အရပ်ဘက်အဖွဲ့တချို့က သတိပေးနေပါတယ်။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ အထူးသဖြင့် ရခိုင်ဒေသမြောက်ပိုင်းက မြို့နယ်တချို့မှာ ဒီအန္တရာယ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မိုင်းအသိပညာပေးတွေအတိုင်း သတိပြု ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်တာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း “မိုခါ” ဟာ မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေကတဆင့် ဖြတ်သန်းဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဖြတ်သွားတဲ့ နေရာတွေမှာ မိုးကြီးတာ၊ ရေလျှံတာ၊ ရေကြီးတာတွေ ဖြစ်လေ့ရှိတာကြောင့် အဲဒီ ဒေသတွေမှာရှိနေတဲ့ စစ်ကျန်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေဟာ မူလနေရာကနေ ရွေ့သွားနိုင်တဲ့အတွက် ဒါတွေကို သတိပြုရှောင်ရှားဖို့ အရပ်ဘက်အဖွဲ့တချို့က သတိပေးလိုက်တာပါ။

ဒါကြောင့် မိမိ သေချာမသိရတဲ့၊ မမှတ်မိနိုင်တဲ့ အရာဝတ္ထုတွေကို ထိတွေ့တာ၊ နေရာရွှေ့တာ၊ ထုရိုက်တာမျိုး မလုပ်ဘဲ ရပ်ရွာအတွင်းမှာ အချင်းချင်း သတိပေးကြဖို့၊ သတင်းပေးကြဖို့ Explosive Ordnance Risk Education (Myanmar) က ထုတ်ပြန်လိုက်တာပါ။

ရခိုင်ဒေသမြောက်ပိုင်းဟာ ၂၀၁၈ လောက်ကတည်းက ရခိုင်လက်နက်ကိုင် AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဆက်တိုက် ရှိနေပြီး မြေမြှုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတာပါ။ မြန်မာစစ်တပ်ဟာ မြေမြှုပ်မိုင်းတွေကို စစ်ရေးအကာအကွယ် တခုအနေနဲ့ သုံးနေကြောင်းလည်း အရပ်ဘက်အဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။ ဒီလို မြေမြှုပ်မိုင်းတွေဟာ မုန်တိုင်းကြောင့် နေရာရွေ့လျားသွားနိုင်လို့ ကြိုတင် သတိထားဖို့လိုကြောင်း သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ဦးအမ်းသားကြီးက အခုလိုပြောပါတယ်။

"မင်းပြားပတ်ဝန်းကျင်မှာဆိုရင် မင်းဘူးတောင်တို့၊ ဖားပျော်တောင်၊ ငါးစင်ချောင်း ၊ အရှေ့ဘက်မှာရှိတဲ့ တောင်တန်းတို့ တခြားတခြား နေရာတွေမှာလည်း မြေမြှုပ်မိုင်းတွေရှိတယ်။ အဲဒီ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ အရပ်သားတွေလည်း ရှိတယ်ဆိုတော့ ကျနော်တို့ ရခိုင်ပြည်ထဲမှာ ဒီလိုအချိန်မျိုးမှာ ကိုယ်လုပ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို တာဝန်ယူပြီး ရှင်းလင်းရေးလုပ်ထားတာ ကောင်းတယ်။ တကယ်တမ်း အရပ်သားပြည်သူတွေကို စေတနာထားတယ်၊ အရပ်သား ပြည်သူတွေအတွက် စဉ်းစားပေးတယ်ဆိုရင် ရှင်းလင်းထားတာ ပိုပြီးကောင်းတယ်လို့ ပြောချင်တယ်။"

အထူးသဖြင့် စစ်တပ်နဲ့နီးတဲ့နေရာတွေကို သတိထား သွားလာဖို့၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြေမြှုပ်မိုင်း အသိပညာပေးထားတဲ့အတိုင်း ရှောင်ရှားကြဖို့လိုကြောင်း အနောက်တံခါးဒေသ အကူအညီပေးရေးအဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဌေးက ပြောပါတယ်။

"လောလောဆယ် အခြေအနေမှာ အဲတောင်ပေါ်ဒေသနဲ့ အနီးစပ်ဆုံးဒေသကသူတွေက ပထမအကြိမ် မြေမြှုပ်မိုင်းဒဏ် ခံစားရသူတွေရှိလို့ စစ်တပ်နဲ့ နီးစပ်တဲ့နေရာတွေကို သိပ်မသွားကြတော့ဘူး။ တောထဲ တောင်ထဲကသူတွေတောင် အဲဘက်ကို သိပ်မသွားကြတော့ဘူး။ အဲဒါကြောင့် မြေမြှုပ်မိုင်း အန္တရာယ်ကိုယ်က ကိုယ့်အသိစိတ်နဲ့ကိုယ် ကာကွယ်ပြီး နေရတဲ့သဘောမျိုး ရှိတယ်။ ဒါပေမဲ့ မထင်မှတ်တဲ့နေရာက မထင်မှတ်သလို ပေါက်လာရင်တော့ ကံတရားပဲလို့ ယူဆရမှာပေါ့။"

ရခိုင်ပြည်နယ်ဟာ မြေမြှုပ်မိုင်းဒဏ်ကို အဆိုးဆုံးခံရတဲ့ နေရာတွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ၂၀၁၈ ကနေ ၂၀၂၂ အထိ မိုင်းကြောင့် သေဆုံးခဲ့တဲ့ အရပ်သားက ၅၅ ယောက်ရှိပြီး အယောက် ၁၂၀ ထိခိုက်ခဲ့ကြောင်း ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေက မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာလည်း မိုင်းထိခဲ့သူတွေ ဆက်ရှိနေတာကြောင့် သေဆုံးရသူ အနည်းဆုံး ၆၀ အထက်ရှိမယ်လို့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ခန့်မှန်းပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ မှာ ရခိုင်ပြည်နယ်ထဲမှာ မိုင်းရှင်းလင်းရေး လုပ်ခဲ့တယ်ဆိုပေမဲ့ အဓိကလမ်းတွေဖြစ်တဲ့ ရန်ကုန်-စစ်တွေ၊ ပုဏ္ဏားကျွန်း-ဘူးသီးတောင်၊ အငူမော်-မောင်တော ပတ်ဝန်းကျင်ကိုပဲ ရှင်းလင်းခဲ့တာပါ။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တချို့နေရာတွေမှာတော့ အခုအထိ မြေမြှုပ်မိုင်းတွေ ကျန်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက သတိပေးထားပါတယ်။

XS
SM
MD
LG