သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်အန္တရာယ်ကြီးမား


ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်သင့်ခဲ့ရသူများ (ယခင်ပုံဟောင်း)
ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်သင့်ခဲ့ရသူများ (ယခင်ပုံဟောင်း)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ပုဏ္ဏားကျွန်းမြို့ နယ်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မိုင်းနဲ့စစ်ကျန်လက်နက်တွေ ပေါက်ကွဲလို့၊ လူ ၃ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ရခိုင်ပြည်နယ်တွင်း စစ်ကျန် မြေမြုပ်မိုင်းအခြေအနေအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးပါမယ်။

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ မြေမြှပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေကြောင့်မကြာခဏဆိုသလို ထိခိုက်သေဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကုန်းတန်းကြိမ်ချောင်းကျေးရွာက ဈေးဆိုင်တခုမှာ လက်ပစ်ဗုံးပေါက်ကွဲပြီးတော့ အသက် ၁၂နှစ်အရွယ် ကလေး ၂ ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

“ ဗုံးပေါက်သွားတဲ့အချိန်မှာ အပြင်က ကလေးနှစ်ယောက်ကို ဗုံးဆံလေးတွေ နည်းနည်းလေး မှန်ပြီးဒဏ်ရာရသွားတာလောက်ပဲရှိတာ၊သေဆုံးသွားတာကတော့ ၁၂ နှစ်အရွယ် ကလေးနှစ် ယောက် ကျနော့်ညီ အပါအဝင် နောက်တယောက်သေဆုံးသွားတယ်။ ပြင်းပြင်းထန်ထန် အခုဒဏ်ရာရထားတာအခုလက်ရှိဆေးရုံမှာက ဆိုင်ပိုင်ရှင် တယောက်ရှိတယ်။ အခုဆေးရုံက မဆင်းရသေးဘူး၊ သူလည်း ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်။”

အဲဒီလက်ပစ်ဗုံးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ဒုနယ်မြေမှူးဟောင်း တစ်ဦးကိုင်ဆောင် လာတာဖြစ်ပြီး မတော်တဆပေါက်ကွဲသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့်မို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ရဲ့တာဝန်ရှိသူတွေဟာ သေဆုံးသွားသူတွေရဲ့ နေအိမ်အထိလာရောက်တောင်းပန်သွားတယ်လို့လည်း သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

“ တပ်ဖက်ကတော့ ကျနော်တို့ကို အိမ်တိုင်ရာရောက် လာရောက်တောင်းပန်ထားတာရှိပါတယ်၊ တာဝန်ရပ်ဆိုင်းခံထားရတဲ့ လူတယောက်ဆီက လက်နက်တွေကို စာရင်းတိကျနဲ့ မသိမ်းထားမိတဲ့အတွက် အခုလို ဖြစ်သွားရတာဆိုပြီး အိမ်အထိလာပြီးတော့ တောင်းပန်ထားပါတယ်။”

မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက် အန္တရာယ်တွေနဲ့ ပတ်သတ်ပြီး ဒေသခံတွေကို မိုင်းအသိပညာပေး လုပ်ဆောင် နေတာရှိပေမယ့်လည်း၊ အားနည်းနေသေးတယ်လို့ မိုင်းအသိပညာပေးလုပ်ဆောင်နေတဲ့အဖွဲ့တခုရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“ကျနော်တို့ အသိပေးတာက တချို့ရွာတွေမှာ ကျတော့လဲ ရွာကို ကိုယ်စားပြုပြီးတော့မှ ၁ယောက် ၂ယောက်ပဲ ပေးနိုင်တာပေါ့လေ၊ ပေးရမယ့် ရွာတွေက တကယ်တမ်းမှာအရမ်းကို များတယ်၊ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်ကိုင်စွမ်းတွေက အကန့်အသတ်တွေ အများကြီးရှိ တယ် ကျနော်တို့မှာ ဒါကြောင့်မလို့ ကျနော်တို့မှာ ပေးသင့်တဲ့ ပဏထက် အသိပညာပေး နိုင်တာက အရမ်းကို နည်းပါးပါတယ်၊ ကျနော်တို့အဖွဲ့အစည်းအပါဝင် တခြားမိုင်းအသိပညာ ပေးအဖွဲ့တွေပေါင်းရင်တောင်မှ အရမ်းကို နည်းနေပါသေးတယ်။”

ရခိုင်ဒေသခံတွေဟာ တောင်ယာလုပ်ငန်းနဲ့ တောတောင်တွေကို မှီခိုပြီး စားဝတ်နေရေးဖြေရှင်းနေရတာပါ။ ဒါကြောင့် တိုက်ပွဲတွေ ရပ်ထားတဲ့အချိန်မျိုးမှာ လုပ်ငန်းခွင်ကို ပိုမိုသွားလာမှုတွေလုပ်ရတာကြောင့်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ်ပိုကြီးလာပါတယ်။ ဒါကြောင့်လည်း အခုလို အချိန်မျိုးမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့စစ်ကျန်လက်နက်အန္တရာယ် ပညာပေးလုပ်ငန်းတွေကို ပိုအားပေးသင့်တယ်လို့ မိုင်းအသိပညာပေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ ဒီထက်ပိုပြီးတော့မှ အပစ်အခတ်ရပ်ဆဲထားတာကနေတဆင့် ခိုင်ခိုင်မာမာ ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က မိုင်းရှင်းလင်းရေး ကိစ္စတွေကိုပေါ့လေ၊ အထူးသဖြင့် ရပ်ရွာပြည်သူလူထု နေထိုင်တဲ့နေရာနဲ့ ပတ်သတ်တဲ့နေရာတွေမှာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လုပ်ဆောင်ဖို့ကြိုးစားသင့်တယ်လို့ သုံးသပ်ပါတယ် ဒီမိုင်းနဲ့ စက်ကျန်လက်နက်ပစ္စည်းတွေကို မရှင်းရသေးကာလပတ်လုံး ဘယ်လိုပဲ ပညာပေး လုပ်ငန်း တွေ လုပ်လုပ် ထိခိုက်မှုတွေကတော့ အနည်းနဲ့ အများဆိုသလို ရှိနေနိုင်တာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြန်ပြီး အပစ်ရပ်ခဲ့တဲ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ အကုန်ပိုင်း လောက်ကနေ ဒီကနေ့အထိ၊ ရခိုင်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး၊ ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG