သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းမဝင်ခင် ဘေးကင်းရာကြိုရှောင်ထားကြဖို့ မိုးဇလဌာန သတိပေး


မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)
မိုခါ မုန်တိုင်းလမ်းကြောင်းပြ ရုပ်ပုံ (မိုးဇလ)

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (Mocha) ဟာ ဘင်္ဂလားဒေ့ရှ်−မြန်မာကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိနေပြီး လိမ္မော်ရောင်အဆင့် မိုးဇလက သတ်မှတ်ထားပါတယ်။ မုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံဆီ လာမယ့် တနင်္ဂနွေနေ့မှာ ဖြတ်ကျော်ဝင်ရောက်လာနိုင်လို့ ဘေးကင်းရာနေရာတွေဆီ ကြိုတင်ရှောင်ရှားနိုင်ဖို့ကိုလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြမှာပါ။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Mocha ဟာ မေလ ၁၄ ရက်၊ လာမယ့် တနင်္ဂနွေနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s bazar မြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မြန်မာမိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံထဲကို မုန်တိုင်းဝင်ရောက်ဖို့ ၁၂ နာရီအလိုမှ အနီရောင်အဆင့် သတ်မှတ်ပေမယ့် အခုလိုအချိန်မှာ ကြိုတင်ပြင်ဆင်ပြီး ရွှေ့ပြောင်းဖို့လိုတဲ့ နေရာတွေကို မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက သတိပေးထားပါတယ်။

"မုန်တိုင်းအဆင့် သတ်မှတ်ချက်မှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်ပေါ့လေ။ အခုက မြန်မာကမ်းရိုးတန်းကို ချဉ်းကပ်နေတော့ လိမ္မော်ရောင်ပေါ့။ အနီရောင်အဆင့် ဆိုရင်တော့ မြန်မာ့ကမ်းရိုးတန်းကို မဖြတ်မီ ၁၂ နာရီပေါ့။ အနီရောင်လို့ သတ်မှတ်လိုက်ရင် မဖြစ်မနေရွှေ့ကို ရွှေ့ရတော့မယ်။ အနီရောင်အဆင့် ၁၂ နာရီအလိုမှ ပြောင်းမယ် ဆိုရင်လည်း နောက်တော့မကျဘူး။ သို့သော် တချို့အရာတွေက အဆင်မပြေတာတွေ ဖြစ်လိမ့်မယ်။ ပြောင်းရင်တော့ အခုကတည်းက မုန်တိုင်းအန္တရာယ် ခံရနိုင်တဲ့ ကျောက်ဖြူကနေ ဘူးသီးတောင်၊ မောင်တော၊ Cox’s bazar အထိက ရွှေ့ပြောင်းရမယ့် နေရာတွေပေါ့နော်။"

အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် မြန်မာတပြည်လုံးမှာ မိုးတိမ်တောင် အားကောင်းနေပြီး၊ အဲဒီ မိုးတိမ်တောင် ရွေ့လျားတဲ့ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာနဲ့ လျှပ်စီးလက်တာအပြင် မိုးသီးကြွေတဲ့ဖြစ်စဉ်တွေပါ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံထဲ မုန်တိုင်းဝင်ရောက်လာချိန်မှာ လေတိုက်ခတ်နှုန်းက တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံကို အားအပြင်းဆုံးမုန်တိုင်းအဖြစ်နဲ့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နောက်ဆုံး ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းနဲ့ နှိုင်းယှဉ်ပြီးတော့လည်း ဦးလှထွန်းက အခုလို ရှင်းပြပါတယ်။

"အခုမုန်တိုင်းကတော့ လေတိုက်ခတ်နှုန်း အများဆုံး ၁၁၀ မှန်းထားတယ်။ နာဂစ်ကတော့ ၁၂၀ - ၁၃၀ လောက်ရှိတော့ နည်းနည်းများတာပေါ့။ ဒါကတော့ လေတိုက်နှုန်းကို ပြောတာပေါ့နော်။ မုန်တိုင်းရဲ့ အဖျက်စွမ်းအားက ၃ မျိုးရှိတယ်။ လေပြင်းတိုက်တာတော့ လူတိုင်းသိတယ်။ နောက်တခုက မိုးသည်းထန်စွာရွာတာ။ ဒါဆိုရင် မြေပြိုတာ၊ ရေကြီးတာတွေ ဖြစ်မယ်။ နောက်တခါ မုန်တိုင်းဒီရေ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာပေါ့။ မိုခါကတော့ စစ်တွေအနီးလို့ ကျနော်တို့အခု မှန်းထားတယ်။ မြောက်ပိုင်းကို သူက ထောင့်ဖြတ် ဖြတ်ဝင်မှာ။ နာဂစ်က ကမ်းရိုးတန်းဒေသကို တောက်လျှောက်သွားတာ။ နာဂစ်တုန်းက မုန်တိုင်းလမ်းကြောင်း သွားတိုင်းမှာ ရေက တက်တက်လာတာ။ ရေကိုပင့် ပင့်တင်သွားတော့ နာဂစ်တုန်းက လေပြင်းကြောင့် အသက်ဆုံးရှုံးရတာ များတာရယ်၊ ရေကြောင့် အသက်ဆုံးရှုံးရတာ များတယ်။ အခု မုန်တိုင်းကလည်း နာဂစ်ကဲ့သို့ လေတိုက်နှုန်းက နီးပါးရှိချင်ရှိမယ်။ သို့သော် မုန်တိုင်းဒီရေ တက်မှုကတော့ နည်းနည်းလေးတော့ ကွာခြားလိမ့်မယ်။"

ဆိုင်ကလုန်းမိုခါရဲ့ အရှိန်ကြောင့် ဒီကနေ့ မေလ ၁၂ ရက်နေ့ ညနေကနေ မေလ ၁၅ ရက်နေ့အထိ ပြည်နယ်နဲ့တိုင်း နေရာအနှံ့ မိုးထစ်ချုန်းရွာတာနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်လာနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၁၀၀ ကနေ ၁၁၀ အထိ တိုက်ခတ်နိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်းနဲ့ ချငး်ပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို မိုင် ၄၀ ကနေ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပါတယ်။

မုန်တိုင်းဖြတ်ကျော်စဉ်မှာ မုန်တိုင်းဒီရေက ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်နဲ့ မောင်တောခရိုင်က မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း ၁၂ ပေကနေ ၁၆ ပေအထိ မြင့်တက်နိုင်ပြီး၊ ကျောက်ဖြူခရိုင်အတွင်းက မြစ်ဝ၊ မြစ်လက်တက်တွေမှာတော့ ၉ ပေကနေ ၁၂ ပေအထိ မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ရှောင်ရှားဖို့နဲ့ မုန်တိုင်းသတင်း နားစွင့်ထားဖို့ကိုလည်း မြန်မာမိုးဇလက တိုက်တွန်းထားပါတယ်။

"အဓိကတော့ နီးမှရှောင်ရင်လည်း ကသုတ်ကရက်နိုင်တယ်။ ရှောင်လို့ရရင်တော့ အချိန်ရတုန်းကို ရှောင်ထားပါ။ ဘာလို့ဆို မုန်တိုင်းအနီရောင်အဆင့် ၁၂ နာရီအလို ပြောပေမယ့်လို့ အဲဒီ ၁၂ နာရီက ညဘက်ကြီးဖြစ်နေရင် ရှောင်ရှားရတာခက်တယ်။ အဲတော့ အခုလို မြင်မြင်ထင်ထင် သက်ရောက်မှုနည်းတဲ့ အချိန်မှာ ကုန်းမြင့်တဲ့ဒေသဆီ၊ မုန်တိုင်းကာကွယ်နိုင်တဲ့ နေရာတွေဆီ သွားရောက်ဖို့ကို အကြံပြုချင်တယ်။ နောက်တခုက မုန်တိုင်းအနေအထား သိရအောင်လို့ မုန်တိုင်းသတင်း မပြတ်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အခုတင် မုန်တိုင်းလမ်းကြောင်းက Model တခုတည်းမှာတင် မနက်နဲ့ညလည်း မတူဘူး။ နောက် Model ၃၊ ၄ မျိုးမှာလည်း Point က အပြောင်းအလဲ ဖြစ်နေတော့ ဘယ်နေရာကို တည့် (ဒဲ့) ဝင်မလဲဆိုတဲ့ အနေအထားမျိုးကိုသိဖို့ ပြည်သူတွေအနေနဲ့ မုန်တိုင်းသတင်း နားစွင့်ထားဖို့ လိုပါတယ်။"

မြန်မာနိုင်ငံထဲ မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ မုန်တိုင်းအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ပိုပြီးရှိလာနေလို့ သတိပြုကြဖို့ မိုးလေဝသ ခန့်မှန်းသူတွေကလည်း သတိပေးနေပါတယ်။ ကြိုတင်ခန့်မှန်းချက်တွေအရ လေတိုက်နှုန်းဟာ ဖျက်အားပြင်းခဲ့တဲ့ နာဂစ်မုန်တိုင်းနီးပါးလောက် အရှိန်ရှိလို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကို သတိထားဖို့ တိုက်တွန်းထားကြပါတယ်။ ကုန်းမြင့်ဒေသနေသူတွေ၊ မြစ်ချောင်းအနီးနဲ့ မုန်တိုင်းလမ်းကြောင်းတလျှောက် နေထိုင်သူတွေဟာ အခုအချိန်ကတည်းက ဘေးလွတ်နိုင်မယ့် နေရာတွေဆီ ကြိုတင်ရှောင်ရှားကြဖို့ကိုလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG