သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း “မိုခါ” ကို ပိုမိုအားပြင်းသည့် အနီရောင်အဆင့်သတ်မှတ်


မေလ ၁၃ ရက်နေ့မနက်မှာ တွေ့ရသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" လမ်းကြောင်းပြ မြေပုံ။
မေလ ၁၃ ရက်နေ့မနက်မှာ တွေ့ရသည့် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" လမ်းကြောင်းပြ မြေပုံ။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (Mocha) ဟာ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အဖြစ်ပြောင်းလဲကာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ အားပိုကောင်းလာခဲ့တာကြောင့် “အနီရောင်အဆင့် မုန်တိုင်း” အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီကနေ့ မေလ ၁၃ ရက် (စနေနေ့) မနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစဥ်အလာအားဖြင့် မြန်မာ့ကမ်းရိုးတန်းကို မဖြတ်ကျော်မီ ၁၂ နာရီအလိုအချိန်မှသာ အနီရောင်အဆင့်မုန်တိုင်းအဖြစ် သတ်မှတ်လေ့ရှိပေမယ့် အခုဖြစ်ပေါ် ပြောင်းလဲနေတဲ့ မုန်တိုင်းအရှိန်ကြောင့် ၁၂ နာရီအလိုကို မစောင့်တော့ဘဲ ကြိုတင် ပြောင်းလဲ သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။ ဆိုင်ကလုန်း “မိုခါ” ဟာ အလွန်အားကောင်းတဲ့အဆင့်နဲ့ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးကနေ ဖြတ်ကျော်သွားမယ်လို့ ခန့်မှန်းကြောင်းလည်း မိုးဇလဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိ ခန့်မှန်းထားချက်တွေအရ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၁၀၅ မိုင်ကနေ ၁၁၅ မိုင်နှုန်းလောက်နဲ့ တိုက်ခတ်မယ်လို့ ဆိုပါတယ်။ ဒါဟာ မနေ့ မေလ ၁၂ ရက်နေ့က ခန့်မှန်းခဲ့တဲ့ လေတိုက်နှုန်းထက် အနည်းငယ် အားပိုပြင်းလာတာလည်း ဖြစ်ပါတယ်။

ဆိုင်ကလုန်း “မိုခါ” ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြိုတို့အကြား စစ်တွေမြို့အနီးကနေ မနက်ဖြန် မေလ ၁၄ ရက် (တနင်္ဂနွေနေ့) နေ့လယ်ပိုင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဆင့်နဲ့ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဘက်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်နဲ့ ဆက်ပြီး ရွေ့လျားနိုင်ကြောင်း မိုးဇလ ကြေညာချက်မှာ ဖော်ပြပါတယ်။

နောက်ဆုံးတိုင်းထွာချက်တွေအရ မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၂၅၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်ဘက် ရေမိုင် (၂၉၅) မိုင်ခန့်၊ စစ်တွေမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၃၄၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ Port Blair ရဲ့ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၃၃၀) မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၇၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG