သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံတွေ ဆိုင်ကလုန်းဘေးလွတ်ရာ ရွှေ့ပြောင်းနေ


ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ဆိုင်ကလုန်းမိုခါဝင်မလာခင် ယာယီစခန်းတွေဆီ နေရာရွှေ့ပြောင်းခိုလှုံနေကြသူများ၊ (မေ ၁၃၊ ၂၀၂၃)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ဆိုင်ကလုန်းမိုခါဝင်မလာခင် ယာယီစခန်းတွေဆီ နေရာရွှေ့ပြောင်းခိုလှုံနေကြသူများ၊ (မေ ၁၃၊ ၂၀၂၃)

အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းဟာ ဒီကနေ့ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ရခိုင်ကမ်းရိုးတန်းက စစ်တွေ၊ ကျောက်ဖြူဒေသတွေဆီ ဦးတည်ဝင်ရောက်ဖို့ရှိနေပါတယ်။ စစ်တွေအပါအဝင် ဒေသခံ တချို့လည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြပါတယ်။ AFP သတင်းဆောင်းပါးကိုအခြေခံပြီး -ကိုဇော်မိုး ကျော်က တင်ပြပေးထားပါတယ်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနေပြီး ဒီကနေ့ မေလ ၁၄ ရက်နေ့လယ်ပိုင်းမှာ ကုန်းတွင်းကိုဝင်ရောက်တိုက်ခတ်မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်ပြင်အတွင်း ရွေ့လျားလာတဲ့ မိုခါမုန်တိုင်းဟာ လေတိုက်နှုန်း တနာရီကို ၁၃၅ မိုင်အထိရှိပြီး ဟာရီကိန်းမုန်တိုင်းအဆင့် ၄ နဲ့ညီတယ်လို့ အိန္ဒိယမိုးလေဝသဌာနက မနေ့ကထုတ်ပြန်ထားပါတယ်။

စနေနေ့ည ၈ နာရီခွဲလောက်မှာ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက်ကြား မိုင်၂၈၀ အကွာမှာရောက်နေပါတယ်။ ဒီကနေ့ မနက်မှာ ရခိုင်ကမ်းရိုးတမ်းကိုချဉ်းကပ်လာချိန်မှာလေ တိုက်နှုန်းအနည်းငယ်လျော့ကျနိုင်ပြီး တနာရီကို မိုင် ၁၁၀-၁၂၀ ဝန်းကျင်နဲ့ နေ့လယ်ပိုင်းလောက်မှာ ဝင်ရောက်တိုက်ခတ်မှာဖြစ်ပါတယ်။

စနေနေ့တုန်းကတော့ စစ်တွေဒေသခံတွေဟာ မုန်တိုင်းဘေးကလွတ်ဖို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ရွှေ့ပြောင်းနေကြပါတယ်။ တချို့လည်း ဘုရားပုရဝဏ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ခိုလှုံနေကြပြီး၊ အချို့လည်းအခြားမြို့ရွာတွေကိုပြောင်းရွှေ့နေကြပါတယ်။

ဒေါ်သဲနုအေးကတော့ မုန်တိုင်းဒဏ်ကြောက်တဲ့အတွက် ပုဏ္ဏားကျွန်းကိုမိသားစုလိုက်ပြောင်းရွှေ့သွားပါတယ်။

'"ဘာလို့လဲဆိုရင် မိသားစုတွေအကုန် လေမုန်တိုင်းကို စိုးရိမ်လို့ပေါ့၊ ကုန်းဘက်ကိုသွားတာပေါ့။"

စစ်တွေဒေသခံအတော်များများကတော့ ရရာယဉ်မျိုးစုံကိုသုံးပြီး ဘေးလွတ်မယ်ထင်တဲ့အရပ်ကို ထွက်ပြေးပြောင်းရွှေ့နေကြပါတယ်။

မြေပုံဒေသခံ ကိုကျော်တင်ကတော့ သူ့ရဲ့သားလေးဆေးရုံတင်ထားရလို့ သူကတော့ဘယ်အရပ်ကိုမှရွှေ့ပြောင်းနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။

"ကျနော်ကလေ၊ ဘယ်လိုဆိုမလဲ။ ကြောက်လည်းကြောက်တယ်၊ လန့်လည်းလန့်တယ်၊ ကြုံလည်းမကြုံဖူးဘူး၊ အဲဒီလို...ဒီလောက်ရှိတဲ့မုန်တိုင်းကို...အဲဒီလိုခံစားရတယ်။ အခုက ကလေးနဲ့ ဆေးရုံပေါ်မှာနေတာဆိုရင် ကျနော်က ဘယ်ကိုပြောင်းရမလဲ။ ပြောင်းရင်လည်း အဆင်မပြေဘူး၊ အဲဒီလိုဖြစ်နေတယ်။"

မုန်တိုင်းကျလာရင် ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ ပရဟိတ၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေကလည်း ပြင်ဆင်နေပါတယ်။

စစ်တွေမြို့က ရွှေရောင်မေတ္တာ လူမှုကူညီအရေးအသင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းထက်ဝါ က အခုလိုပြောပါတယ်။

"မုန်တိုင်းတိုက်နေတဲ့အချိန်ဖြစ်စေ၊ တိုက်ပြီးတဲ့အချိန်ဖြစ်စေ...လမ်းပေါ်မှာရှိတဲ့ သစ်ပင်တို့၊ ကျတာတို့ ဘာတို့ကို ခုတ်ထွင်ရှင်းလင်းမယ်၊ တကယ်လို့ တိုက်နေဆဲမှာလည်း ပိတ်မိနေတဲ့လူတွေကိုလည်း ကူညီကယ်ဆယ်ဖို့အတွက် ကျနော်တို့အဓိကထား လုပ်ဆောင်ပါမယ်ခင်ဗျ။ တချို့လူတွေကျတော့လည်း စိုးရိမ်လွန်ကဲပြီးတော့ပေါ့နော်...ကျောက်တော်ဘက်တို့၊ မြောက်ဦးဘက်တို့ ပြောင်းရွှေ့တာရှိပါတယ်။ လက်ရှိလည်း ကျနော်တို့အသင်းက ကျောက်တော်ဘက်ကို ကားလေးစီးနဲ့ လူတွေကို လိုက်ပို့နေပါတယ်ခင်ဗျ။"

မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန်မှာ လေတိုက်နှုန်းတနာရီကို မိုင် ၁၁၀ ကနေ ၁၂၀ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ပင်လယ်ဒီလှိုင်းလုံးတွေဟာ အမြင့်ပေ ၁၃ ပေကနေ ၁၅ ပေလောက်အထိမြင့်တက်နိုင် တယ်လို့ဆိုပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်တွေ၊ အိမ်တွေပြိုလဲတာ၊ ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဘေးလွတ်ရာကိုရှောင်ရှားကြဖို့ မြန်မာဘက်မှာရော၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ ဆော်သြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မေလတုန်းကလည်း ဆိုင်ကလုန်းနာဂစ်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် ဧရာဝတီတိုင်းအပါအဝင် မုန်တိုင်းသင့်တဲ့အရပ်တွေက လူပေါင်း ၁ သိန်းကျော်သေဆုံးခဲ့ပါတယ်။

ဆိုင်ကလုန်းမိုခါဟာ ကုန်းတွင်းပိုင်းကို ဆက်လက်ဝင်ရောက်မှာဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်းကို ၁၅ ရက်နေ့လောက်မှာရောက်ရှိနိုင်ပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတွေမှာလည်း လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG