သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတွင်း စစ်ပြေးဒုက္ခသည်များ မုန်တိုင်းဒဏ်သင့်


စစ်ကိုင်းကိုဖြတ်သွားတဲ့ မုန်တိုင်းနိုခါ လမ်းကြောင်း (Crd: မြန်မာမိုး/ဇလ)
စစ်ကိုင်းကိုဖြတ်သွားတဲ့ မုန်တိုင်းနိုခါ လမ်းကြောင်း (Crd: မြန်မာမိုး/ဇလ)

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ စစ်တပ်ကနယ်မြေရှင်းလင်းနေတဲ့အတွက် ဒေသခံအများအပြား မိုးရွာထဲ တိမ်းရှောင်နေရတာကြောင့် ဖျားနာသူတွေရှိနေပြီး အကူအညီလိုအပ်နေပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း မုန်တိုင်းမိုးရွာတာကြောင့် စပါးခင်း၊ ပဲခင်းတွေ ဧကအများအပြား ပျက်စီးဆုံးရှုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲကို စစ်တပ်က မေ ၁၂ ရက်ကစလို့ နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ မိုခါမုန်တိုင်းအရှိန်ကြောင့် ဒေသခံတွေဟာ မိုးရွာထဲမှာ တိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတာပါ။

မိုးရွာထဲတိမ်းရှောင်နေရတဲ့အတွက် ဖျားနာတဲ့သူတွေရှိတယ်လို့ စစ်ဘေးရှောင်တဦးက အခုလို ပြောပါတယ်။

“ဒုက္ခသည်တွေက မိုးရွာကြီးထဲ ပြေးရတာဆိုတော့ အဆင်မပြေဘူး။ မိုးကလည်းရွာ၊ လေကလည်းတိုက်၊ နေစရာကမရှိ၊ ဘုန်းကြီးကျောင်းတွေလည်း နေရာပြည့်သွားတော့ မရှိတော့၊ သစ်ပင်အောက်တွေ ဘာတွေမှာကော လုံးဝ အဆင်မပြေဘူး။ လေမုန်တိုင်းက ဝင်တာကောဆိုတော့လေ။ လူကြီးတွေလည်း ဒုက္ခရောက်တယ်။ ဖျားတဲ့သူတွေနဲ့ကော ဒီကနေ့ အမေကြီးတယောက်ဆိုရင် သတိတွေကို လစ်သွားတာ။ တအားကို ဒုက္ခရောက်တယ်။ လူတွေမပြောနဲ့၊ နွားတွေတောင် ဖျားတာ နာတာတွေရှိတာ။”

စစ်တပ်ဟာ မေ ၁၂ ရက်မှာ မနက်ခင်းကစလို့ ကနီမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲ အနည်းဖြစ်ခဲ့ပါသေးတယ်။ နယ်မြေရှင်းလင်းရေးအတွင်း မေ ၁၂ ရက်မှာ ကလေး ငယ် ၂ ဦးအပါအဝင် အမျိုးသမီးတဦးနဲ့ မေ ၁၃ ရက်မှာတော့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦး စုစုပေါင်း ဒေသခံ ၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါ့ပြင် မေ ၁၄ ရက်၊ မနေ့ကလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့ပြီးနောက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။ လက်ရှိအချိန် စစ်တပ်ဟာ မင်းမကျေးရွာအတွင်းမှာ တပ်စွဲနေပြီး ကျေးရွာ ၁၇ ရွာက ဒေသခံတသောင်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရသလို အကူအညီတွေလည်း လိုအပ်နေပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ကမ်းရိုးတမ်းကနေတဆင့် မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်တဲ့ မိုခါမုန်တိုင်အရှိန်ကြောင့် ခင်ဦးမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး သီးနှံစိုက်ခင်းတွေ အများအပြား ပျက်စီးခဲ့ရပါတယ်။

ခင်ဦးမြို့နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ မြေပြင် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ကျေးရွာ ၄၉ ရွာက စိုက်ဧကပေါင်းတသောင်းကျော် ရေဝင်ရောက်ပြီး သီးနှံတွေ ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။

သီးနှံစိုက်ခင်းပျက်စီးတဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံတဦး အခုလို ပြောပြပါတယ်။

“မိုးက ၁၃ ရက်နေ့ကနေစရွာတာ။ ၁၃ ရက်နေ့ညကနေ စရွာတာပေါ့လေ။ ဒီနေ့ကတော့ မနက် ၂ နာရီထိုးလောက်ကနေ ရပ်သွားတာ အခုချိန်ထိပဲ၊ မရွာတော့ဘူးဗျ။ ကျနော်တို့ဘက်မှာ ပဲတီစိမ်းခင်းတွေ တော်တော်ပျက်တယ်။ ဧက ၅၀၀ လောက်ပျက်တယ်ခင်ဗျ။ ရေမြုပ်သွာတာ။ ဟုတ်တယ် ကျနော်တို့ ရွာ တရွာတည်း ၅၀၀ ကျော်ခန့်လောက်ပေါ့ဗျာ။ မိုးတွေရွာတယ်၊ မိုးရွာတော့ ရေတွေကလာတယ်၊ ရေတွေကလာတော့ ပဲခင်းတွေ ပန်းခင်းတွေ မြုပ်သွားတာပေါ့။ ဒီရာသီမှာရောင်းဖို့ ပဲခင်းတွေကဆို အသီးတွေ အပွင့်တွေပေါ့၊ ကောက်တော့မယ့်ဆဲဆဲပေါ့။”

ဒါ့ပြင် မေလ မေလ ၇ ရက်က နေအိမ် ၂၀၀ ကျော် မီးရှို့ခံခဲ့ရတဲ့ ကဘွတ်ကျေးရွာနဲ့ မေ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ မီးရှို့ခံခဲ့ရလို့ နေအိမ် ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ရတဲ့ မြို့သစ်ကျေးရွာတို့က ဒေသခံတွေဟာ တောတောင်တွေထဲ အဆင်ပြေသလို နေထိုင်နေရပြီး အခက်အခဲတွေ ရှိနေတဲ့အတွက် အရေးပေါ် အသုံးအဆောင် စားစရာ အကူအညီတွေ လိုအပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG