သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေစတင်


မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)

မိုခါမုန်တိုင်းဖြတ်သန်းပြီး ပျက်စီးမှုများခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အစားအသောက်နဲ့ရေကို ဖြန့်ဝေပေးဖို့အတွက် နိုင်ငံတကာအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေက စတင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတာကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အဓိက စိန်ခေါ်မှု ဖြစ်လာပါတယ်။ ရန်ကုန်ကပေးတဲ့ သတင်းကိုအခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းသင့်ဒေသတွေမှာ အဓိကလိုအပ်ချက်ကို ဆန်းစစ်နေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်နေပြီလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ လိုအပ်ချက်ဆန်းစစ်မှုတွေ လုပ်ထားပြီး အစားအစာနဲ့ ရေကို အရေးပေါ်ဖြည့်တင်းဖို့ လုပ်ဆောင်နေကြောင်း မြေပုံမြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ Relief International က ဦးကျော်သန်းတင်က ဗွီအိုအေကို ပြောပါတယ်။

"စိန်ခေါ်မှု ပထမဆုံးအခက်အခဲက ဆက်သွယ်ရေးပေါ့ ခင်ဗျာ။ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတယ်၊ ပြီးတော့ လှေနဲ့ ကျနော်တို့ မြေပုံ(မြို့)က ရေကြောင်းတွေများတဲ့အခါ မော်တော်တွေ မရှိတဲ့အတွက် နယ်ကို အချိန်တော်တော်နဲ့ မရောက်နိုင်ပါ။ နောက်တခုက ကျနော်တို့က စိန်ခေါ်မှုက အဓိကက အစားအစာနဲ့ ရေပါ။ တခြားမြို့တွေမှာလည်း အဲလိုဖြစ်နေပါတယ်၊ အစားအစာနဲ့ ရေက အဓိကစိန်ခေါ်မှု ဖြစ်နိုင်ပါတယ်။"

ဒေသတာဝန်ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မုန်တိုင်းမလာခင်ကတည်းက ကူညီရေးစခန်းတွေဖွင့်ပြီး အရေးပေါ် ကူညီရေးတွေ လုပ်နေကြောင်းသူက ပြောပါတယ်။ အခုဆိုရင် ကျန်းမာရေး ဌာနတွေနဲ့ပေါင်းပြီး ရေမြုပ်သွားတဲ့ ရေကန်တွေကို ရေစုပ်ထုတ်တာမျိုးတွေ စပြီးလုပ်နေကြောင်းလည်း ပြောပါတယ်။

ကုလကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ရခိုင်ပြည်နယ်နဲ့ ပတ်ဝန်းကျင်ဒေသတွေတွေက လူဦးရေ ၄သိန်းကျော်ကို တလကြာ ပံ့ပိုးပေးနိုင်တဲ့အထိ လုံလောက်တဲ့ စားနပ်ရိက္ခာတွေကို ကြိုတင် ပြင်ဆင်ထားတယ်လို့ မေလ ၁၃ရက်က ထုတ်ပြန်ထားတာပါ။ မော်တော်ယာဉ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ကြိုတင်နေရာချထားတယ်လို့ WFP က ပြောတာပါ။

ဖုန်းလိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် နိုင်ငံတကာ အကူအညီတွေက ချက်ချင်းမရောက်နိုင်ဘူလို့ မြောက်ဦးမြို့နယ် ဂရုဏာလှိုင်း လူမှုကူညီရေး ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ဆီမှာ ခုမှ ဖုန်းလိုင်းတောင် ရတာမကြာသေးဘူး။ ကျနော်တို့ ရေသန့်တွေ၊ သုံးရေတွေ ကျနော်တို့ဆီက အကုန်လုံး စီစဉ်ပေးထားတယ်။ မနေ့ကတော့ ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) သောက်ရေနဲ့ ရေသန့် လှူတယ်လို့တော့ ကြားတယ်။ ဖြစ်ချင်တာတော့ ကျနော်တို့ရခိုင်ပြည်မှာ နိုင်ငံတကာ NGO အဖွဲ့တွေကို ပြောမယ်ဆိုရင်တော့ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားပြီးတော့ အလှူအတန်းတွေ အကူအညီပေးစေချင်တာပေါ့။"

မိုခါမုန်တိုင်းဟာ အခုဆိုရင် ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ ကုန်တွင်းပိုင်းဒေသတွေဆီ ဖျက်အားပြင်းပြင်းနဲ့ ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။ ရခိုင်မှာတော့ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ မောင်တော၊ မြောက်ဦး၊ ဂွ၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာ ထိခိုက်မှု များခဲ့တာပါ။

မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းကြောင့် အပျက်အစီးများပြား (ရခိုင်ပြည်နယ်၊ မေလ ၁၅၊ ၂၀၂၃)

စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်စလုံးကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ကြောင်း ဒီကနေ့ မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် ထိခိုက် သေဆုံးသူ ၃ ဦးရှိကြောင်းလည်း မြန်မာ့အသံကတဆင့် ကြေညာခဲ့ပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ဒေသတွေ အားလုံးကို ကူညီ ကယ်ဆယ်ရေးတွေ မရောက်သေးတဲ့အတွက် ထိခိုက် သေဆုံးတဲ့အရေအတွက်ဟာ ဒီထက် တိုးလာနိုင်စရာ ရှိနေပါတယ်။

အခုလိုကာလမှာ ရန်ပုံငွေတိုးပြီးရဖို့ကလည်း အရေးတကြီးလိုအပ်နေတယ်လို့ ကုလဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းက လူဦးရေ ၄.၅သန်းကို ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့အတွက် UNOCHA ရဲ့ လုပ်ငန်းတခုဖြစ်တဲ့ Myanmar Humanitarian Response Plan က အမေရိကန်ဒေါ်လာ ၇၆၄ သန်းကို တောင်းခံထားပါတယ်။ ဒီထဲက ၁၀ရာခိုင်နှုန်းပဲ ရရှိသေးတယ်လို့ UN Myanmar ရဲ့ မနေ့ မေလ ၁၄ရက် ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။ အမျိုးသမီး ၅၂ရာခိုင်နှုန်း၊ ကလေးသူငယ် ၃၂ရာခိုင်နှုန်းနဲ့ မသန်စွမ်း ၁၃ရာခိုင်နှုန်းကို အဓိက ထောက်ပံ့ဖို့ ကုလအဖွဲ့အစည်းတွေက ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG