သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်း နောက်ဆက်တွဲ ရေကြီး၊ မြေပြိုမှု အန္တရာယ် မိုးဇလ သတိပေး


မိုခါမုန်တိုင်းကြောင့် အပျက်အစီးတွေများပြား (မေ ၁၄၊၂၀၂၃)
မိုခါမုန်တိုင်းကြောင့် အပျက်အစီးတွေများပြား (မေ ၁၄၊၂၀၂၃)

ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" မြန်မာနိုင်ငံကို ဖြတ်ကျော်ခဲ့ပြီးဖြစ်လို့ အစိမ်းရောင်အဆင့်အဖြစ် လျော့ချ သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း မိုခါရဲ့အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ပင်လယ်ပြင်ခရီး မထွက်ဖို့ကို မိုးဇလက သတိပေးထားပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ လမ်းကြောင်းတလျှောက်မှာလည်း မိုးရွာသွန်းနိုင်တဲ့ အခြေအနေကြောင့် ရေကြီးတာနဲ့ မြေပြိုတဲ့ဒဏ် သတိပြုကြဖို့ကိုလည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" ဟာ တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ အားလျော့သွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ဖြတ်ကျော်ခဲ့ပြီးဖြစ်လို့ အစိမ်းရောင်အဆင့်အဖြစ် မိုးဇလက လျှော့ချ သတ်မှတ်လိုက်ပါတယ်။ အစိမ်းရောင်အဆင့် သတ်မှတ်ချက်ဟာ ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော် ဝင်ရောက်ပြီးတဲ့နောက် လုံခြုံစိတ်ချရတဲ့အချိန်နဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း မုန်တိုင်းအန္တရာယ် ကျော်လွန်ပြီးချိန် ဖြစ်ပေမယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း ကျရောက်ပြီး၊ လှိုင်းကြီးနိုင်လို့ ပင်လယ်ပြင်ခရီး မထွက်ကြဖို့ကို မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

"မုန်တိုင်းက ဖြတ်ပြီးသွားပေမယ့် အရှိန်တွေ၊ အကြွင်းအကျန်တွေက ကျန်နေတော့ အဓိကအားဖြင့်တော့ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ပေါ့နော်။ ပင်လယ်ပြင် ခရီးမှာတော့ လှိုင်းကြီးနိုင်တဲ့ အခြေအနေ ရှိသေးတာပေါ့။ ဒါကြောင့်မို့လို့ ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင် မုန်တိုင်းပြီးသွားပြီ ဆိုပြီးတော့ ပင်လယ်ပြင်ကို လောလောဆယ် မထွက်ကြဖို့ အကြံပြုချင်တယ်။ ဘာကြောင့်လဲဆိုတော့ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတာတွေလည်း ရှိနိုင်သေးတယ်။ မုန်တိုင်း တိုက်ပြီးသွားတိုင်းမှာ ဒါမျိုးက အကြွင်းအကျန်တွေ ရှိတတ်တော့ သတိထားဖို့လိုမယ်။"

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းကျချိန် လေတိုက်နှုန်းက တနာရီကို မိုင် ၄၀ ဝန်းကျင် တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်ကတော့ ၈ ပေကနေ ၁၀ ပေအထိ ရှိနိုင်ပါတယ်။ မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို မိုင် ၃၀ ဝန်းကျင် တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းဖြတ်သွားခဲ့တဲ့ လမ်းကြောင်းတလျှောက်မှာလည်း မိုးရွာသွန်းမှု ဆက်ပြီးရှိနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။

"မြန်မာနိုင်ငံမှာ အခု မုန်တိုင်းဖြတ်သွားတဲ့ နေရာတလျှောက်မှာတော့ မိုးဆက်နိုင်တယ်။ မုန်တိုင်း ရှိနေတုန်းကလောက်တော့ မိုးရွာသွန်းမှု မများပေမယ့် မိုးဆက်ရွာနိုင်မယ်။ တချို့နေရာတွေလည်း မိုးရေချိန်ပမာဏက နည်းနည်းလေး များနိုင်သေးတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကို ဆက်ပြီးတော့ သတိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံကနေ မုန်တိုင်းဖြတ်ကျော် ပြီးသွားပေမယ့် သူ့ရဲ့အရှိန်ကြောင့် လေပြင်းတိုက်တာ၊ မိုးကြီးတာနဲ့အတူ ရေကြီး၊ မြေပြိုတာတွေလည်း ဖြစ်လာနိုင်လို့ ကုန်းမြင့်နေထိုင်သူတွေ မြေပြိုမယ့်အန္တရာယ် သတိပြုကြဖို့ လိုပါတယ်။ ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေလည်း ရေကြီး၊ ရေလျှံမယ့်ဘေး သတိပြုနေထိုင်ဖို့ကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG