သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါ ဆိုင်ကလုန်းကြောင့် ပုဂံဒေသ ထိခိုက်ပျက်စီး


မိုခါမုန်တိုင်းကြောင့် ပုဂံ-ညောင်ဦးဒေသရေလျှံပြီး ဘုရားပုထိုးတွေထဲ ရေဝင် (မေ ၁၅၊ ၂၀၂၃)
မိုခါမုန်တိုင်းကြောင့် ပုဂံ-ညောင်ဦးဒေသရေလျှံပြီး ဘုရားပုထိုးတွေထဲ ရေဝင် (မေ ၁၅၊ ၂၀၂၃)

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပုဂံ-ညောင်ဦးဒေသမှာ မိုးကြီး ရေလျံပြီး ရှေးဟောင်းဘုရားစေတီအချို့မှာ ရေဝင်တာ၊ ရေဝပ်တာနဲ့ မိုးရေယိုစိမ့်တာတွေ ဖြစ်ပေါ်ခဲ့ရာမှာ အပျက်အစီးတွေ ရှိခဲ့ပါတယ်။ လောလောဆည်မှာ သက်ဆိုင်ရာ ဂေါပကအဖွဲ့၊ ရှေးဟောင်းသုတေသန အပါအဝင် ဌာနဆိုင်ရာနဲ့ ပရဟိတအဖွဲ့တွေက ရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံ-ညောင်ဦး ဒေသမှာ “မိုခါ” မုန်တိုင်းမဝင်ရောက်မီ ဒီလ ၁၃ရက်နေ့လောက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာပါ။

မုန်တိုင်းမဝင်မီနဲ့ မုန်တိုင်းတိုက်ခတ်ချိန်မှာ ဆက်တိုက် မိုးသည်းထန်ခဲ့တာကြောင့် ဘုရား စေတီအချို့နဲ့ ရှေးဟောင်းအဆောက်အဦးတွေမှာ ရေဝင်တာ၊ ရေဝပ်တာနဲ့ မိုးရေယိုစိမ့်တာတွေ ဖြစ်ခဲ့ပါတယ်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် ဦးသန်းဌေးက အဓိက ရေဝင်တာ ဘုရားနှစ်ဆူဖြစ်ပြီး အချို့ဘုရားတွေကတော့ မိုးရေကြောင့် အနည်းအကျဉ်းပျက်ဆီးတာရှိကြောင်း ပြောပါတယ်။

“ကျနော်တို့ ဘုရားတစ်ဆူ၊ နှစ်ဆူလောက်ပဲ မိုးရေများတာပေါ့နော်။ အဓိကက မိုးတွေရွာပြီးတော့ တံတိုင်းရှိတဲ့ ဘုရားတွေပေ့ါ။ ဥပမာ အာနန္ဒာ ဘုရားမှာဆိုရင် မိုးရေများမယ်။ နောက်ပြီးတော့ စူဠာမဏိမှာ များမယ်။ အပျက်အဆီးက အနည်းအပါးလောက်ပဲ ရှိတာပါ။ ဓမ္မရာဇိက ဆိုလည်း နည်းနည်းလေးပဲ၊ တံတိုင်းပဲ။ နောက်ပြီးတော့ ပုထိုးသားများဆိုရင်လည်း နောက်လုပ်ထားတဲ့ မုဒ်ဆောင်လေး နည်းနည်းလေး ပဲ့ကျတာ။ ကျန်တဲ့ ဘုရားလေးတွေက အကြီးအမားကြီး မရှိဘူး။ နည်းနည်းလေးတွေပါ။ ကျနော်တို့ရွာတဲ့ မိုးနဲ့စာရင် ဘာမှ ပျက်ဆီးမှုတွေက မပြောပလောက်ဘူး။”

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ၊ ပြုပြင်ထိန်းသိမ်းရေးဌာနစု ဒုညွှန်ကြားရေးမှုး ဦးညီမွန်းက ဒီရက်အတွင်း စူဠာမဏိဘုရား ပရဝုဏ်အတွင်းမှာ ရေ ၁ပေခွဲလောက်အထိ ဝင်ရောက်ခဲ့တာကြောင့် ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ခဲ့ရကြောင်း ပြောပါတယ်။

“ပုံမှန်အားဖြင့်ဆိုလို့ ရှိရင်တော့ ဝပ်တဲ့ရေက သာမန်မိုးလောက်ဆိုရင်တော့ တစ်ရက်လောက်ဆိုရင်တော့ ပျောက်သွားတာပေါ့။ အခုကတော့ နှစ်ရက်ပေါ့။ နှစ်ရက်ဆို ဒီနေ့ ဆိုရင် စူဠာမဏိဝန်းထဲမှာဆိုရင် မိုးရေက တစ်ပေ၊ တစ်ပေခွဲလောက် ဝန်းထဲမှာ ရောက်တယ်။ ရောက်တဲ့ဟာကို မူတည်ပြီးမှ ကျနော်တို့ ရေစုပ်စက်တွေနဲ့ မနေ့တည်းက စစုပ်တယ်။ ရှေးဟောင်းဌာနက ရေစုပ်စက်တွေရယ်၊ ဂေါပက ရေစုပ်စက်တွေရယ်၊ ဒီမနက်ကျတော့တစ်ခါ ဆက်စပ်ရာဌာနအဖွဲ့အစည်းတွေရယ်၊ ပရဟိတ အဖွဲ့တွေရယ်၊ ရေစုပ်စက် ၉လုံးနဲ့ ၊ အခုတော့ တော်တော်လေးကျနေပြီ။ ပတ်ဝန်းကျင်မှာတော့ ဓမ္မရံကြီး တဝိုက်တို့၊ ရွှေနန်းရင်တော် အစုတို့ အဲဒီနားလေးက မြေပြန့်မို့ အခု တဖြည်းဖြည်းနဲ့ကျလာပြီ။”

အာနန္ဒာဘုရားဘုရားဝန်းအတွင်း ရေဝပ်တာကိုလည်း စုပ်ထုတ်ထားပြီဖြစ်ကြောင်းနဲ့ ဘုရားဝန်းအတွင်း ရေဝပ်တာတွေကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘုရားအချို့မှာတော့ မိုးရေယိုစိမ့်တာကြောင့် ပျက်ဆီးတာရှိပေမဲ့ အကြီးအကျယ် ထိခိုက်တာမရှိဘူးလို့လည်း ဦးညီမွန်းက ဆက်ပြောပါတယ်။

“ကျန်တာတော့ နည်းနည်းပါးပါး ထိခိုက်ပဲ့ကျတယ်။ ကြီးကြီးမားမားကြီး ဖြစ်တာ မရှိဘူး။ ဥပမာ အုတ်တံတိုင်းလေး နည်းနည်းပါးပါးပဲ့ကျတာ ဒါလေးတော့ ရှိပါတယ်။ ဒါကတော့ မိုးရေကြောင့် အုတ်ရဲ့ သဘောပေါ့။ နှစ်ပေါင်းရာ၊ ထောင်ချီတဲ့အခါကျ နည်းနည်းလေး မိုးရွာရေစိမ့်တဲ့အခါ ဥပမာ မိုးအားကောင်းရင် သူက ဟိုနားနည်းနည်းလေး၊ ဒီနားနည်းနည်းလေး အိကျတာတို့ ပဲ့ကျတာတို့ ဒီလောက်ပဲဖြစ်ပါတယ်။ တအားကြီး အဆောက်အဦးတစ်ခုလုံး ပြိုကျ ပဲ့ကျတာတော့ မရှိပါဘူး။”

ညောင်ဦးမြို့နယ် ရွာသာကျေးရွာက ဓမ္မရာဇကဘုရား ရင်ပြင်အုတ်ခုံ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်၊ သဗ္ဗညုဘုရားအုတ်တံတိုင်းနဲ့ ပုထိုးသားများဘုရား မုခ်ကပ် ပဲ့ကျတာတွေရှိကြောင်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲကသတင်းထုတ်ပြန် ထားပါတယ်။

မိုးသည်းထန်တာကြောင့် ပုဂံ-ညောင်ဦးဒေသမှာ ရေမဝပ်စေဖို့အတွက် ရေနုတ်မြောင်း၊ ရေလွှဲမြောင်း ဖော်ဆောင်တာ၊ ရေကန်ဆည်တာတွေ စတာဆောင်ရွက်နေပြီး ရေဝပ်ဧရိယာက ရေတွေကို ပုဂံမြို့ရိုး ကျုံးအတွင်း စီးဆင်းအောင် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလ ၁၃ရက်နေ့က ညောင်ဦးမှာ ရွာခဲ့တဲ့ မိုးရေချိန်ဟာ ၆ဒဿမ ၃၄ လက်မရှိပြီး ၅၈နှစ်အတွင်း အမြင့်ဆုံး စံချိန်သစ်တင်ခဲ့တဲ့ မိုးရေချိန်အဖြစ် မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG