သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါဆိုင်ကလုန်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်း အိမ်ခြေ ၃၀၀ လောက်ပျက်စီး


မေလ ၁၄ ရက် ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်နိုင်ငံ၊ တက်နက်ဖ်မြို့မှာ လခြမ်းနီအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာစဥ်။
မေလ ၁၄ ရက် ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်နိုင်ငံ၊ တက်နက်ဖ်မြို့မှာ လခြမ်းနီအဖွဲ့က ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာစဥ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို ၁၃၅ မိုင်နှုန်းနဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က စစ်တွေမြို့ကိုဝင်ရောက်သွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က မုန်တိုင်း စက်ကွင်းနဲ့ငြိသွားတဲ့ ဒုက္ခသည်စခန်းကတော့ အိမ်ခြေ ၃၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပြောပါတယ်။

“၃ နာရီလောက်မှာရတဲ့ ကနဦးအစီရင်ခံချက်တွေအရ ဒုက္ခသည်တသန်း ရှိနေတဲ့ Cox's Bazar ဒုက္ခသည်စခန်းကို ထိတာက‌ နည်းပါတယ်။ လူ ၁,၇၀၀ လောက်အပေါ်ပဲ သက်ရောက်မှုရှိပြီး အိမ်ခြေ ၃၀၀ လောက် ထိခိုက်သွားပါတယ်။” လို့ IFRC ခေါ် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ခွဲခေါင်းဆောင် Hrusikesh Harichandan က ပြောသွားတာပါ။ စခန်းရဲ့ ရေပေးရေးစနစ်တချို့ကိုတော့ ထိခိုက်ခဲ့တယ်လို့ IFRC က ဆိုပါတယ်။

မြန်မာနိုင်ငံဘက်မှာတော့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေနဲ့ ကျောင်းတွေ မှာ လူတွေခိုလှုံခဲ့ရပြီး အဆောက်အဦအမိုးတချို့ပျက်စီးကာ အနည်းဆုံးလူ ၃ ယောက် သေဆုံးခဲ့ရတယ်လို့ သတင်းတွေကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာတော့ Cox's Bazar မြို့သူမြို့သားတွေနဲ့ ဒုက္ခသည်စခန်း က ရိုဟင်ဂျာဒုက္ခသည်တွေကို စိတ်ချရတဲ့နေရာတွေကို ရွှေ့ပေးခဲ့ပြီး ကုလသမဂ္ဂနဲ့ တခြား စေတနာ့ဝန်ထမ်းအဖွဲ့တွေက စားနပ်ရိက္ခာအခြောက်အခြမ်းတွေကို ကြိုတင် ချထားပေးခဲ့ပါတယ်။ ရွေ့လျား ဆေးဘက်ဆိုင်ရာအဖွဲ့တွေကိုလည်း လူနာတင်ကားတွေ ဒါဇင်ချီပြီး ပြင်ဆင်ထားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ရေတပ်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် သင်္ဘော ၂၁ စင်း၊ ကမ်းခြေစောင့် လေယာဉ်တွေနဲ့ရဟတ်ယာဉ်တွေကို အသင့်ပြင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မုန်တိုင်းက မြန်မာဘက်ကို ဦးတည်သွားတဲ့အတွက် အဲဒီလို ရွှေ့ပေးခဲ့သူတွေကတော့ ကိုယ်နေထိုင်ရာနေရာတွေကို ပြန်သွားကြပြီလို့ အေပီသတင်း က ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ Saint Martin ကျွန်းမှာတော့ တနင်္ဂနွေနေ့လယ် အထိ မိုးသက်လေပြင်းတွေ မနေ့ညနေပိုင်းအထိ ကျရောက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စိုးရိမ်ခဲ့သလို ဒီလှိုင်းကြီးတွေတော့ တက်လာတာမရှိသေးပါဘူးလို့ ဒက္ကာအခြေစိုက် Jamuna TV က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG