သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးပွဲ သဘောတူညီမှုမရ


စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး (ဓါတ်ပုံ- တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဇန်နဝါရီ ၇၊၂၀၂၃)
စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး (ဓါတ်ပုံ- တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဇန်နဝါရီ ၇၊၂၀၂၃)

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဝ၊ မိုင်းလားနဲ့ ရှမ်းမြောက် SSPP လက်နက်ကိုင် ၃ ဖွဲ့တို့ ဆွေးနွေးရာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စလည်းပါဝင်ခဲ့ပြီး၊ နိုင်ငံရေးအရ ထူးခြားတဲ့ သဘောတူညီချက်မျိုးတွေ မရခဲ့ကြောင်း SSPP တာဝန်ရှိသူက ပြောပါတယ်။ မကြာခင်က ပြီးဆုံးသွားတဲ့ စစ်ကောင်စီနဲ့ တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင် သုံးဖွဲ့ဆွေးနွေးပွဲသတင်း ပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင် ပြောပြမှာပါ။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်နယ်အခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားနဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့တို့ ဟာ ဒီလ ၅ ရက်နေ့ကနေ ၇ရက်နေ့အထိ နေပြည်တော်မှာ ဆွေးနွေးခဲ့တာပါ။ ဒါဟာ တတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဒီ ၃ရက်ကြာဆွေးနွေးပွဲအတွင်းမှာ နိုင်ငံရေးအရ ထူးခြားတဲ့သဘောတူညီချက် မရခဲ့ကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းဖုန်းဟန်က ပြောပါတယ်။

“ ကိုယ်စားလှယ်က မနေ့ကမှ ရောက်တာဗျ။ စကစက ထုတ်ပြန်သလို သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့ ကျနော်တော့ မကြားမိဘူးဗျ။ သူတို့ ပြောတာက အစည်းအဝေးမှတ်တမ်းလောက်ပဲ သူတို့ သဘောတူညီမှုရတယ်။ အစည်းအဝေးမှတ်တမ်းလက်မှတ်ထိုးရုံပဲ ရှိတာပေါ့ဗျာ။ တခြားဟာ နိုင်ငံရေးသဘောတူညီချက်တော့ မပါဘူးလို့ ကျနော် အကြမ်းဖျဉ်းသိရတယ်ဗျ။ ”

စစ်ကောင်စီဘက်ကတော့ ၅ရက်နေ့ အစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ညှိနှိုင်းတာ၊ ဒုတိယအကြိမ်ဆွေးနွေးပွဲက မပြီးပြတ်သေးတဲ့အချက်တွေ၊ အဖွဲ့အသီးသီးရဲ့ နိုင်ငံရေးလိုလားချက်တွေကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။ ဒီဆွေးနွေးပွဲမှာ ၂၀၀၈ဖွဲ့စည်းပုံက အခြေခံကျတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးကိုလည်း ဆွေးနွေးကြောင်း ဖော်ပြပါတယ်။

ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ ၂၀၀၈ပြင်ဆင်ရေးနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အဓိကဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

“ အခြေခံဥပဒေ ပြင်ဆင်ရေးကတော့ တပ်မတော်က တင်တာပဲ များတယ်။ ကျန်တဲ့ဟာတွေကတော့ ဆွေးနွေးမှု မပြုခဲ့ဘူးလို့ ကျနော် သိရတယ်။ လောလောဆည်အခြေအနေက တစ်စုံတစ်ဦး၊ တစ်ဖွဲ့ ကနေ သဘောတူပြီးတော့ လုပ်နိုင်တဲ့အနေအထားတော့ မရှိသေးပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေးက သဘောတူညီချက် ချနိုင်တဲ့အနေအထား မရှိပါဘူး။ ”

ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စမှာတော့ SSPPက ကန့်ကွက်တာ မရှိဘူးလို့လည်း ဆက်ပြောပါတယ်။

“ ကျနော်တို့ SSPP/ SSA နယ်မြေဆိုလို့ရှိရင် ရွေးကောက်ပွဲဆိုတာ ဘယ်တော့မှ ကျနော်တို့ ဆန့်ကျင် ခဲ့တာလည်း မရှိပါဘူး။ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဒါက ကောင်းတာပေါ့ဗျာ။ ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ဒီမိုကရေစီစံချိန်၊ စံနှုန်း၊ .. ဒီမိုကရေစီနည်းလမ်းကို သွားနေတဲ့အခြေခံအဆင့်တစ်ခုပဲ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဘက်ကတော့ အခက်အခဲ ဘာမှ မရှိပါဘူး။ ကျနော်တို့ ဒီလိုပဲ သဘောထားရှိပါတယ်။”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားနယ်မြေတွေမှာတော့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာအခက်အခဲနဲ့ ဒေသခံတွေမှာ မှတ်ပုံတင်အခက်အခဲရှိတာကြောင့် ယခင်ရွေးကောက်ပွဲတွေလိုပဲ ကျင်းပဖို့ မရှိနိုင်ကြောင်း ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ SSPP ကိုယ်စားလှယ် ဗိုလ်မှုးကြီး စိုင်းဆုက VOA ကို ပြောဆိုထားပါတယ်။

SSPP တပ်ဖွဲ့နဲ့ နယ်မြေထိစပ်နေတဲ့ PSLF/ TNLA တအန်း(ပလောင်) အဖွဲ့က ရွေးကောက်ပွဲကို လက်မခံကြောင်း သတင်းထွက်ပေါ်နေပါတယ်။ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တားအိုက်ကျော်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အထက်က တစုံတရာ ညွှန်ကြားတာ မရှိသေးကြောင်း အခုလို ပြောပါတယ်။

“လောလောဆည်တော့ ကျနော့ဆီမှာ ဘာမှ ပြောလာတာ မရှိသေးတော့ အဲဒါ ကျနော် ပြောလို့ တော့ မရသေးဘူးခင်ဗျ။ ”

PSLF/ TNLAရဲ့ ဒုဥက္ကဌ တားဂျုတ်ဂျားကတော့ သူတို့နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပတာကို လုံး၀ လက်မခံကြောင်း ရွှေဖီမြေ သတင်းဌာနကို ပြောဆိုထားပါတယ်။

စစ်ကောင်စီက ဒီနှစ် သြဂုတ်လမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကိုတော့ KIA ကချင်လက်နက်ကိုင်အဖွဲ့က ဆန့်ကျင်ထားသလို ချင်းလက်နက်ကိုင်အဖွဲ့အချို့ကလည်း လက်မခံကြောင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ မဲစာရင်းကောက်ယူတာတွေကို ဒီလ ၉ရက်နေ့ကစတင်ပြီး ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

=========================================

[Unicode]









ရှေးကောကျပှဲ ကငြျးပရေး ကိစ်စမှာတော့ SSPPက ကန့ျကှကျတာ မရှိဘူးလို့လညျး ဆကျပွောပါတယျ။







XS
SM
MD
LG