သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးပြောင်းလဲအောင် Deng Xijun ဘယ်လောက်စွမ်းနိုင်မလဲ


မြန်မာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံ
မြန်မာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံ

မြန်မာ့အရေးဖော်ပြချက်တွေပါတဲ့ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်၊ မြန်မာစစ်ကောင်စီကလည်း လာမယ့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေချိန်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွေအားလုံး အပြီးသတ်စစ်ဆေးအမိန့်ချချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ရောက်ရှိ..

{Zawgyi/Unicode}
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီဂျွန်း (Deng Xijun) ကို အရင်အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း (Sun Guoxiang) နေရာမှာ ပြောင်းလဲခန့်ထားလိုက်ပေမဲ့ မြန်မာ့အရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားဟာ ပြောင်းလဲဖွယ်မရှိဘူးလို့ သုံးသပ်သူတွေက ယူဆပါတယ်။ တရုတ်အထူးကိုယ်စားလှယ်သစ်ဟာ စစ်ကောင်စီအကြီးအကဲနဲ့ မြန်မာနိုင်ငံလာရောက်တွေ့ဆုံသလို၊ ဒီမတိုင်ခင် တိုင်းရင်းသားအဖွဲ့တချို့နဲ့လည်း ယူနန်ပြည်နယ်တွင်းမှာတွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က စုံစမ်းသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပါမယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့တဲ့ မစ္စတာ Sun Guoxiang နေရာမှာ အာဆီယံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူ မစ္စတာ Deng Xijun ကို တရုတ်နိင်ငံက ဒီရက်ပိုင်းအတွင်းပဲ အစားထိုး ခန့်အပ်ခဲ့တာပါ။ မြန်မာ့အရေးဖော်ပြချက်တွေပါတဲ့ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ ထွက်ပေါ်လာချိန်၊ မြန်မာစစ်ကောင်စီကလည်း လာမယ့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေချိန်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုတွေအားလုံး အပြီးသတ်စစ်ဆေးအမိန့်ချချိန်မှာပဲ တရုတ်အထူးကိုယ်စားလှယ်သစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာမို့ ဒီခရီးစဉ်ကို နိုင်ငံရေးအကဲခတ်တွေက စိတ်ဝင်စားကြပါတယ်။

မြန်မာအရေးကို နှစ်ပေါင်းအတန်ကြာဆောင်ရွက်ခဲ့တဲ့ မစ္စတာ Sun Guoxiang နေရာမှာ မစ္စတာ Deng Xijun ကို အစားထိုး ခန့်အပ်လိုက်ပေမဲ့ တရုတ်နိုင်ငံက မြန်မာပြည်အပေါ် ထားတဲ့ မူဝါဒဟာ ပြောင်းလဲမှု မရှိနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ ဟိုနေ့က ဟို နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတင်းစာရှင်းလင်းပွဲ လုပ်တာပေါ့။ နှစ်ကုန်လို့ တစ်နှစ်လုံး သူတို့ရဲ့ သံခင်းတမန်ခင်းနဲ့ပတ်သက်လို့ နိဂုံးချုပ်တာပေါ့ဗျာ။ သိပ်ပြီး ထူးထူးခြားခြားတော့ ပြောမသွားပါဘူး။ တရုတ်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ ဘာမှ ထူးထူးခြားခြား ပါမလာဘူး။ Sun Guoxiang က ပင်စင်ယူဖို့ အရွယ်လည်း ရောက်နေပြီထင်တယ်။ ဒါကြောင့်မို့လို့ Deng Xijun က တာဝန်ယူလိုက်တယ်ထင်တယ်။ ကျမကြည့်တာတော့ ဘာမှ ထူးခြားမယ် မထင်ဘူး။ ”

တရုတ်နိုင်ငံဟာ ၁၉၈၈ အလွန် မြန်မာစစ်အစိုးရအဆက်ဆက်ဖက်ကနေ ဗြောင်ဗြောင်တင်းတင်း ရပ်တည်တာတွေ ရှိခဲ့ပေမယ့်၊ ဒီလ ၂၁ရက်နေ့က မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ တရုတ်နိုင်ငံက ဗီတိုအာဏာသုံး ကာကွယ်တာမရှိသလို ကန့်ကွက်မဲပေးတာလည်း မလုပ်ခဲ့ပါဘူး။ လက်ရှိ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဒေါက်တာလှကျော်ဇော်က အခုလို ဆက်ပြောပါတယ်။

“ အဲဒီ နအဖတွေ ခေတ်မှာ တရုတ်က သူ တောက်လျောက် အမိုက်ခံပြီး လုပ်ခဲ့တာတွေ ရှိတယ်။ ပြည်သူလူထုက သူ့ကို ဘယ်လောက်မုန်းတယ်ဆိုတာ သူသိသွားတယ်။ အထူးသဖြင့် မြစ်ဆုံကိစ္စ ဖြစ်လိုက်တာမှာ သူ ကောင်း ကောင်း သဘောပေါက်သွားတယ်။ ဒီ အစိုးရချင်း ဆက်ဆံတာထက်။ အစိုးရချင်းလည်း ဆက်ဆံပေါ့ဗျာ ဒါကတော့ ဆက်ဆံဖို့ လိုတာကိုး။ ပြည်သူလူထုအချင်းချင်းကြား ဆက်ဆံရေးကလည်း အဓိက ဖြစ်တယ်လို့ သူတို့ တွက်ပုံရတယ်။ အဲတော့ ဗမာပြည်သူတွေက ဒီ စစ်အစိုးရနဲ့ပတ်သက်လို့ စစ်တပ်နဲ့ပတ်သက်လို့ ဘယ်လောက် နာကျည်းတယ်။ သူ ကောင်းကောင်းသိတယ်။ ဒါကြောင့်မို့ ခါတိုင်းလောက် အမုန်းခံ အမိုက်ခံပြီးတော့ ဗမာပြည်ကို ကာကွယ်တာ မလုပ်တော့ဘဲနဲ့ ပြည်သူလူထုရဲ့ ခံစားမှုကလည်း မဝေးကွာအောင်။ သူ့ရဲ့ပင်ကိုယ်နိုင်ငံရေးအခြေခံလည်း မထိအောင် သူ ဒီလို သုံးတာပဲဗျ။ ”

မစ္စတာ Deng Xijun ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူပြီးနောက်မှာ တရုတ်- မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံတာနဲ့ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို အခုလို အတည်ပြုပြောဆိုပါတယ်။

“ ပြီးခဲ့တဲ့တစ်ပတ်လောက်တုံးက ခင်မင်းရင်းနှီးမိတ်ဆက်တဲ့အနေနဲ့ တွေ့ဆုံခဲ့တာမှန်ပါတယ်နော်။ ထွေထွေထူးထူးတော့ မရှိပါဘူး။ သူက လူသစ်ဆိုတော့လေ မိတ်ဆက်တဲ့အနေနဲ့ပါနော်။ ”

မစ္စတာ Deng Xijun ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ၂၄ရက်နေ့ကနေ ၂၆ရက်နေ့အထိ သီးခြားစီ တွေ့ဆုံခဲ့ပြီး ၂၈ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။

၂၉ ရက်နေ့ ကြာသပတေးနေ့ကတော့ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အပါအဝင်၊ မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ၊ နိုင်ငံတကာမျက်နှာစာမှာ တရုတ်ရဲ့ မြန်မာဘက်က ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang ဟာ နေပြည်တော်မှာ တပတ်ကြာသွားရောက်ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းပေးမယ့်၊ မြန်မာစစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့ သတင်းတွေထွက်ခဲ့ပါတယ်။ နိုင်ငံခြားဧည်သည်တွေနဲ့ ဒေါ်စုကို တွေ့ခွင့်မပေးခဲ့တာဟာ စစ်ဆေးနေတဲ့အမှုတွေမပြီးပြတ်သေးပဲ တရားရေးကို မနှောက်ယှက်ချင်လို့ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောခဲ့ဖူးပါတယ်။

အခု ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ရာမှာတော့ မြန်မာ့နိုင်ငံပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ အာဆီယံနဲ့ လက်တွဲဆောင်ရွက်ရေးအပေါ် တရုတ်နိုင်ငံက အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


{Zawgyi/Unicode}











XS
SM
MD
LG