သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက်မှုတွေကြောင့် မြေရှားသတ္ထုတူးဖော်မှု တားဆီးမယ်လို့ KIO အကြီးအကဲ ကတိပြု


ပန်ဝါဒေသမှ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းခွင်တချို့
ပန်ဝါဒေသမှ မြေရှားသတ္တု ထုတ်လုပ်ရေးလုပ်ငန်းခွင်တချို့

သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမား ပျက်စီးစေတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု တူးဖော်မှုတွေကို ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာတာကြောင့် အဲဒီ တူးဖော်မှုတွေကို တားဆီးပေးမယ်လို့ KIO အကြီးအကဲက ကတိပြုခဲ့ကြောင်း မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်ရေးကော်မတီမှာပါတဲ့ ဦးဆောင်သူတချို့က ဗွီအိုအေကို ပြောပါတယ်။ ဧပြီလ ၁၅ရက်နေ့က ဗန်းမော်မြို့ဒေသခံ တစ်ထောင်ကျော်လောက်က မြေရှားသတ္တုတူးဖော်နေတဲ့ တရုတ်ကုမ္ပဏီတွေကို ရပ်တန့်ပေးဖို့ KIOကို တိုက်တွန်း ပြောကြားချိန်မှာ အဲဒီလို ကတိပြုခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းကပေးပို့လာတဲ့ သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ဆက်ထားပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက အင်ဘာပါ (N Ba Pa) နဲ့ ဒိန်ဆင်းပါ (Dingsing Pa) ဒေသအောက်က ကျေးရွာ ၁၀ရွာနီးပါးမှာ မြေရှားသတ္တုကို အမြောက်အများ ထုတ်လုပ်နေတဲ့ တရုတ်လုပ်ငန်းခွင်တွေဟာ ဒေသခံတွေရဲ့ ဆန္ဒပြမှုကြောင့် ရပ်တန့်သွားပါတယ်။

ဒီဒေသတွေက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားရာ ဒေသတွေဖြစ်လို့ ဒေသခံ ၁,၀၀၀ လောက်ဟာ KIO အကြီးအကဲ အင်ဘန်လနဲ့ တွေ့ဆုံပြီး ဒါတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ အခုတော့ ဒီလုပ်ငန်းခွင်တွေ ရပ်တန့်သွားကြောင်း မြေရှားသတ္တုတူးဖော်မှု ကန့်ကွက်ရေးကော်မတီရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ဘယ်တော့ အပြီးသတ် ရုတ်သိမ်းမယ် ဆိုတာကတော့ စောင့်ကြည့်ရလိမ့်မယ်လို့ သူကပြောပါတယ်။

"ဒေသခံတွေနဲ့ တွေ့ဆုံကြတယ်။ ဒီ KIO ဥက္ကဋ္ဌကနေပြီးတော့ လုပ်ငန်း ရပ်တန့်မယ်ပေါ့။ ဒေသခံတွေ ကန့်ကွက်ရင်တော့ သူတို့ကတော့ ရပ်တန့်မယ်ဆိုပြီး အမ်ဘာပါ၊ ဒိန်ဆင်းပါ အဲဒီဘက်က လုပ်နေတဲ့ လုပ်ငန်းမှန်သမျှကို သူတို့က ရပ်တန့်မယ်ဆိုပြီး လူထုကို အဲလို ကြေညာတာပေါ့။ မြေပြင် အခြေအနေကြတော့ ချက်ချင်း ရုတ်သိမ်းဖို့တော့ သူတို့ (တရုတ်လုပ်ငန်းတွေ) အတွက်လည်း အခက်အခဲ ရှိတဲ့အခါကြတော့ ကုမ္ပဏီက ဝင်ထားတဲ့ဟာလေးတွေ သူတို့ စီစဉ်ဆောင်ရွက်ပြီးတော့ ရုတ်သိမ်းမယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ စောင့်ကြည့်ရမယ့် အခြေအနေတော့ ရှိတာပေါ့။"

အခုနှစ် မတ်လ ၂၁ရက်က ဗန်းမော်မြို့နယ်ထဲမှာ မြေရှားတူးဖော်နေတဲ့ တရုတ်လုပ်ငန်းခွင်ကို ဒေသခံတွေက ဝင်ရောက်ဖျက်ဆီးခဲ့ပေမယ့် ဆက်ပြီး လည်ပတ်နေတာကြောင့် အခုလို လူအင်အားနဲ့ KIO အကြီးအကဲဆီ တင်ပြလာကြတာပါ။ KIO အကြီးအကဲ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ ဒါတွေကို ရပ်တန့်သွားမယ်လို့ ကတိပေးခဲ့ကြောင်း ကန့်ကွက်ရေး ကော်မတီက သတင်းဌာနတွေကို ပြောပါတယ်။

ဒီ ကန့်ကွက်ဆန္ဒပြပွဲကို ကချင်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ကချင် လူထုအခြေပြုလုပ်ငန်းတွေ စုပေါင်း ဦးဆောင်ခဲ့ကြတာပါ။ KIO အဖွဲ့ဟာ သူထိန်းချုပ်ရာဒေသမှာ မြေရှားသတ္တုတူးဖော်တာကို ခွင့်ပြုပေးနေတာဟာ တရုတ်အစိုးရကို မလွန်ဆန်နိုင်တာကြောင့်လား ဒါမှမဟုတ် ငွေကြေး လိုအပ်ချက်ကြောင့် လက်ခံခဲ့လားဆိုတာ ကချင်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ကြတာပါ။

တရုတ်နယ်စပ်နဲ့ကပ်နေတဲ့ ကန်ပိုက်တီ၊ ချီဖွေ၊ ပန်ဝါဘက်မှာတော့ တရုတ်ကုမ္ပဏီတွေက ၂၀၁၄ ခုနှစ်ကတည်းက မြေရှားသတ္တုကို တူးဖော်နေကြတာပါ။ အဲဒီဘက်မှာ မြန်မာစစ်တပ်ရဲ့ နယ်ခြားစောင့် ကချင် ဒီမိုကရေစီတပ်မတော် NDA-K ကြီးစိုးတဲ့ ဒေသဖြစ်လို့ အခုလို ကန့်ကွက်ဆန္ဒပြမှုတွေတော့ မရှိပါဘူး။ ဒါကြောင့်လည်း ဒီနေ့အထိ အလုံးအရင်းနဲ့ ထုတ်လုပ်နေကြဆဲ ဖြစ်ပါတယ်။ မြေရှားသတ္တုတွေက နယ်ခြားမိုင်တိုင် (၈)ဂိတ်ကနေ ကုန်ကားတွေနဲ့ တရုတ်ဘက်ကို နေ့တိုင်း ထွက်နေကြောင်း ပန်ဝါဘက်က ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

"တရုတ်ပြည်ထဲမှာ ဧည့်သည်တွေနဲ့ ချိန်းထားတာရှိတော့ အဲဒီ မြေရှားဘက်ကနေ ပတ်ပြီးပြန်တာ ခရုကိုထောင်ထားသလို အချွန်ကအောက်ကပေါ့၊ လမ်းကအဲလို ပတ်ပြီးတက်တာ ကားအစီးရာချီ မြေရှားတွေ သယ်ပြီးတော့မှ တရုတ်ပြည်ထဲ ရောက်သွားပြီပေါ့နော် ဗမာပြည်ကနေ တောင်ပေါ်ကဆင်းတော့။ ဧကကို ရာချီပြီးလှောင်ထားတာ ရေတွေထည့်ထားပြီးမှ လှောင်ထားတာ နည်းတာမဟုတ်ဘူး။ တံခါးမရှိ၊ ဓားမရှိဘဲ အဲဒီဘက်ကတော့။"

မြန်မာနိုင်ငံက တရုတ်ကို ၂၀၂၂ခုနှစ်အတွင်းမှာ မြေရှားသတ္တု တန်ချိန် ၂၄,၀၀၀ လောက် တင်ပို့ခဲ့တယ်လို့ တရုတ်အကောက်ခွန်ဌာနကို ကိုးကားပြီး သုတေသနအဖွဲ့ ISP Myanmar က ထုတ်ပြန်ခဲ့တာပါ။ ဒီပမာဏဟာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော်တယ်လို့ တွက်ချက်ခဲ့ကြပါတယ်။

တရုတ်ဟာ လျှပ်စစ်ပစ္စည်းတွေ၊ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာအပြင် မောင်းသူမဲ့လေယာဉ်တွေ၊ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့နေရာမှာပါအသုံးပြုနေတဲ့ မြေရှားသတ္ထုရဲ့ ၇၀ရာခိုင်နှုန်းကျော်ကို ကမ္ဘာ့နိုင်ငံတွေဆီ တင်ပို့နေတာဖြစ်ပါတယ်။ ဒီမြေရှားသတ္တုတွေကို မြန်မာဆီက တရုတ်က အများဆုံး ရရှိနေတာပါ။ အခုတော့ အမေရိကန်အစိုးရရဲ့ မိုက်ခရိုချပ်စ်တွေ ကန့်သတ်မဲ့အစီအစဉ်ကို ချိန်ခွင်ရှာညှိဖို့ မြေရှားသတ္တု တင်ပို့တာကိုလည်း ရပ်ဆိုင်းသွားမယ်လို့ တရုတ်အစိုးရက တန်ပြန်ကြွေးကြော်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG