သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်၊ ကန်ပိုက်တီနဲ့ တရုတ်၊ ထိန်ချုံးကြားက နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ စီးပွားရေးဇုံ ဆောက်မည်



[[Zawgyi/Unicode]]

ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နဲ့ တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ကြားက နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ စီးပွားရေးဇုန်တခုကို အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ဆွေးနွေးနေပါတယ်။ ဒီစီမံကိန်းဟာ တရုတ်ရဲ့ စီးပွားရေးစင်္ကြန် CMEC ရဲ့ တစိတ်တပိုင်းလည်း ဖြစ်လာနိုင်ခြေရှိကြောင်း တရုတ်သတင်းဌာန တချို့က ရေးသားကြပါတယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ သူတို့အနေနဲ့ နှစ်နိုင်ငံစီမံကိန်း သဘောတူစာချုပ် MOA ရေးထိုးဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ကန်ပိုက်တီ နယ်စပ်မှာ စီးပွားရေးဇုန်တခုကို တရုတ်နဲ့ မြန်မာအကြား အကျိုးတူလုပ်သွားဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံသားက အစုရှယ်ယာ ထက်ဝက်ကျော်ကို ပိုင်ဆိုင်တဲ့ မြန်မာဟိန်ရ (Myanmar Heng Ya Investment Development) ကုမ္ပဏီနဲ့ ကချင်ပြည်နယ် အစိုးရကြားမှာ စီမံကိန်းစာချုပ်ကို ချုပ်ဆိုမှာ ဖြစ်ပါတယ်။ အလားအလာကောင်းနိုင်ပြီး မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်က စီပွားရေးဇုန်တွေနည်းတူ သူ့ဒေသနဲ့ကိုက်ညီတဲ့ပုံစံ စီးပွားရေးဇုန်တခု ဖြစ်လာနိုင်ကြောင်း စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းက ဗွီအိုအေကို ပြောပါတယ်။

"အစိုးရအနေနဲ့ ကျနော်တို့ ကချင်ပြည်နယ် အစိုးရပေါ့၊ စီးပွားရေးဇုန်လုပ်ဖို့ တောက်လျှောက် ကျနော်တို့ကြိုးစားနေတာ ရှိပါတယ်။ ကောင်းပါတယ်ဆိုတာ တရုတ်ဘက်ကလည်း ဖွင့်ချင်တယ်၊ ဒီဘက်ကလည်း စနစ်တကျဖွင့်ဖို့ လုပ်ထားတယ်။ အဓိကတော့ တရားဝင်ဖြစ်ဖို့ပေါ့၊ အားလုံးက။ MOA ထိုးဖို့တော့ ကြိုးစားနေတယ်ဗျ။"

မြန်မာဘက်က မြေဧက ၈၀နီးပါးပေါ်မှာ လုပ်ကိုင်ခွင့်ရတာဖြစ်ပြီး နယ်စပ်စစ်ဆေးရေးဂိတ်၊ ဝန်ထမ်းအိမ်ရာ၊ ယာဉ်ရပ်နားကွင်း၊ ဂိုထောင်၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပါဝင်မယ်လို့ သတင်းထုတ်ပြန်ချက်တချို့မှာ ရေးသားထားပါတယ်။ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ စီမံကိန်းကို တာဝန်ယူမဲ့ မြန်မာဟိန်ရကုမ္ပဏီတို့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ဆုံခဲ့တာမှာတော့ စီမံကိန်းစာချုပ် မူကြမ်းမှာပါတဲ့ အချက်အလက်တွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေရာဟာ လက်ရှိ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ အနည်းငယ်လှမ်းပြီး တောတောင်ထူထပ်သလို၊ ချောက်ကမ်းပါး ပေါများတဲ့နေရာ ဖြစ်ပါတယ်။ ကန်ပိုက်တီ၊ ချီဖွေနဲ့ ပန်ဝါမြို့တွေဟာ ကချင်ပြည်နယ် အထူးဒေသ (၁) နေရာဖြစ်ပြီး စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ ကချင် ဒီမိုကရေစီတပ်မတော် NDA-K ခြေကုတ်ယူထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ မြေရှားသတ္ထုတွေထဲက ရှားပါးတဲ့ အမျိုးအစားတချို့ဟာ ဒီနေရာတွေက ထွက်ရှိနေတာဖြစ်ပြီး နယ်စပ်တံခါးတွေကို တရုတ်က ပြန်ဖွင့်ပြီးနောက်မှာ မြေရှားသတ္ထု တူးဖော်တာတွေလည် ပိုများလာပါတယ်။

တောတောင်ထူတဲ့နေရာမှာ နယ်စပ်စီးပွားရေးဇုန် စီမံကိန်းကို လုပ်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ ကန်ပိုက်တီ နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။

"ကံပိုက်တည် ဆိုတာသည် တဖက်ကချောက်၊ တဖက်ကတောင်၊ ကားလမ်းတွေအကုန်လုံးက။ တချို့တွေ အဲဒီတောင်တွေကို ဖြိုလိုက်တော့ နည်းနည်းပြန့်ဖြစ်တာပေါ့။ တောင်ဘယ်လောက်ဖြိုဖြို ဧကဘယ်လောက် ရမှာမို့လို့လဲ။ ဟိုနားမှာ လေးငါးဧကဖြိုလိုက်၊ ဒီနား တဧက နှစ်ဧက တောင်တွေဖြိုပြီး ထိုးနေတာလေ။ နောက်ထပ်တောင် ထပ်ဖြိုဖို့ပဲရှိတာပါ။ ဧက ၈၀လောက် ပြန့်ကြီးကို ကုန်တင် ကုန်ချကွင်း လုပ်မယ်ဆိုတာ လက်ရှိ မျက်စိထဲမြင်ဘူး။"

တရုတ်သတင်းဌာန တချို့မှာတော့ ဒီစီးပွားရေးဇုန်ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် CMEC ရဲ့ တစိတ်တပိုင်းဖြစ်လာလိမ့်မယ်လို့ ရေးသား ဖော်ပြကြပါတယ်။ တရုတ်ကုမ္ပဏီနဲ့ ကချင်အစိုးရကြား နားလည်မှုစာချွန် MoU ကိုတော့ ၂၀၂၀ မတ်ကတည်းက ရေးထိုးထားခဲ့တာပါ။ အခုတော့ ကိုဗစ်ကာလနောက်ပိုင်းမှာ လုပ်ငန်းပြန်စတင်ပြီး စီမံကိန်းသဘောတူစာချုပ် MoA ရေးထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

[[Unicode]]









XS
SM
MD
LG