သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်မှာ တိုက်ပွဲတွေ ပြင်းထန်


Kanpetlet CDF / ကန်ပက်လက်
Kanpetlet CDF / ကန်ပက်လက်

ကန်ပက်လက်မှာ တိုက်ပွဲတွေ ပြင်းထန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့က မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ် CDF နဲ့ ညောင်ဦးခရိုင် ဒေသ ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး သောကြာနေ့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မြန်မာစစ်တပ်ကလည်း လက်နက်ကြီးတွေသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ CDF က ပြောပါတယ်။ အရပ်သား ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ရန်ကုန်ကပေးပို့လာတဲ့ ဒီသတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဇွန်လ ၁၆ ရက်နေ့က ကန်ပက်လက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့မရဲ့စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက အဆင့်တိုးမြှင့်ထုတ်လုပ်ထားတဲ့ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ အနည်းဆုံး ၃ လုံးလောက်ဟာ ရဲစခန်းကိုထိမှန်ခဲ့တယ်လို့ CDF ကန်ပက်လက်ရဲ့ တပ်မမှူးက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့က ပတ်ပတ်လည်မှာ ဝိုင်းပြီးမှပစ်တဲ့အချိန်မျိုးမှာ ကျနော်တို့ကို ပြန်ပြီး ပစ်ခတ်တဲ့အချိန် မြို့ထဲက အဆောက်အဦတချို့၊ အတည်ပြုလို့တော့ မရဘူးပေါ့နော်၊ တချို့ထိတယ် ကြားရတယ်။ အရင်တုန်းက ကျနော်တို့ ရှော့တိုက်ဒုံးတွေကို သုံးတာတော့ အားနည်းတယ်ပေါ့။ အခုနောက်ပိုင်းမှာ ပိုပြီးမှ ထိထိရောက်ရောက် ပြင်ဆင်မှုအပိုင်း၊ တီထွင်မှုအပိုင်းက ပိုပြီး အဆင့်မြင့်လာတယ်၊ ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးမှ လုပ်ဖြစ်တာပါ။"

စစ်တပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပြန်ပြီးပစ်ခတ်ခဲ့တယ်လို့ သူကပြော ပါတယ်။

CDF ကန်ပက်လက် တပ်ဖွဲ့က ဂန့်ဂေါခရိုင်တပ်ရင်း(၁၃)၊ ဂန့်ဂေါခရိုင် တပ်ရင်း(၈)၊ CDF မင်းတပ်တို့နဲ့လည်း မေလထဲမှာ ပူးပေါင်းလုပ်ဆောင်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒေသတွင်း စစ်ရေးအခြေနေ တင်းမာနေတာကြောင့် အရပ်သားတွေ သတိထား နေထိုင်ကြဖို့နဲ့ ကြိုတင်ကာ ကွယ်မှုတွေ လုပ်ကြဖို့လည်း သူက သတိပေးပါတယ်။

" ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ နေရေးထိုင်ရေးကို ကျနော်တို့ အမြဲတမ်းဦးစားပေးတယ်။ သူတို့ အဓိက စီးပွားဖြစ်တဲ့ ရာသီမျိုးမှာ (ကျနော်တို့) မပစ်ခတ်ဘဲနေတဲ့ အချိန်မျိုးရှိခဲ့တယ်။ နောက်တခုက အိမ်တွေကို မီးရှို့တာမျိုး၊ ဖျက်ဆီးတာမျိုး ရှိလာရင်တော့ ကျနော်တို့ဘက်က အရေးယူဆောင်ရွက်တာ လုပ်သွားဖို့ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူတွေအနေနဲ့ ဒီလိုမျိုး ရှိလာခဲ့ရင် ကြိုတင်ပြင်ဆင်မှု လုပ်ထားဖို့ပဲ ရှိပါလိမ့်မယ်လို့။"

ချင်းပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေကြောင့် အရပ်သားတသိန်းလောက် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတာပါ။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မင်းတပ်နဲ့ မတူပီကို ဆက်သွယ်ထားတဲ့ လမ်းတလျှောက်က ကျေးရွာတွေထဲ ဝင်လာတဲ့အတွက် လူအယောက် ၅၀၀လောက်လည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့လည်း ပြောပါတယ်။

ဆိုးဝါးတဲ့ ရာသီဥတုကြောင့် သက်ကြီးပိုင်းနဲ့ ကလေးငယ် သေဆုံးမှု တွေလည်း ရှိနေတယ်လို့ မင်းတပ်က ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဒီဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ အရေးပေါ် အကူအညီတွေလည်း သူတို့က တောင်းခံနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG