ကန့်ဘလူခရိုင်အတွင်းမှာ စစ်ရေးအခြေအနေကြောင့် ရွာတွေကို မပြန်ဘဲ တောက်လျှောက် စစ်ဘေးရှောင်နေကြရသူက ၄၀,၀၀၀ ကျော်လောက်ရှိတယ်လို့ ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။ မိုးဦးရာသီမှာ မြွေအန္တရာယ်က ပိုစိုးရိမ်လာရပြီး ဒီလပိုင်းတွေအတွင်းမှာ မြွေဆိပ်ဖြေဆေးရရှိနိုင်ဖို့ ခက်ခဲတာကြောင့် မြွေကိုက် သေဆုံးရတဲ့ စစ်ဘေးရှောင်တွေ ရှိလာတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း သတင်ပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က ပြောပြပါမယ်။
မိုးဦးကျကာလဖြစ်တဲ့ အခုရက်ပိုင်းမှာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင်တွေကြား သွေးလွန်တုတ်ကွေးလက္ခဏာနဲ့ ဝမ်းပျက်ဝမ်းလျော့ဖြစ်သူတချို့ ရှိနေကြပါတယ်။ အထူးသဖြင့် ကလေးတွေကြားမှာတွေ့ ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကပြောပါတယ်။
ကျွန်တော်တို့ ဒီဇွန်လ ၂ ရက်နဲ့ ၃ ရက်တွေမှာ ကျွန်တော်တို့ အဖွဲ့နဲ့ ဆရာဝန်တွေနဲ့ သွားပြီးတော့မှ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားပေးလိုက်သေးတယ်။ အဲ့မှာ စစ်ရှောင်တွေထဲက ကလေးတွေမှာ သွေးလွန်တုတ်ကွေး လက္ခဏာတွေ တွေ့ရတယ်။ သွေးလွန်တုတ်ကွေးလို့တော့ အတိအကျပြောဖို့ခက်တယ်ပေါ့။ ဒါကတော့ သေချာစစ်ကြည့်မှ သိမှာပေါ့လေ။ အဲ့လိုလက္ခဏာတွေတော့ ရှိတယ်။ ကျွန်တော်တို့က ဒီဇွန်လ အစသွားတာဆိုတော့ ကျွန်တော်ထင်တယ်၊ စပြီးကျန်းမာရေး စောင့်ရှောက်မှု စပေးရတဲ့အချိန်ဆိုတော့ (သွေးလွန်တုတ်ကွေး လက္ခဏာ) ၃၊ ၄ ယောက်လောက်ထက်တော့ မပိုဘူးပေါ့လေ။ ဒါပေမယ့် ရေရှည်မှာဆိုရင်တော့ ဒီထက်ပိုဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတာပေါ့။ နောက်ထပ် ဒီ ဝမ်းပျက် ဝမ်းလျောနဲ့ ဆိုင်တဲ့ ဖြစ်တာလေးတွေလည်း ရှိတယ်ပေါ့နော်။”
စစ်ရေးအခြေအနေကြောင်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို CDM ကျန်းမာရေး ဝန်ထမ်းတချို့က လုပ်ပေးနေကြတယ်ဆိုပေမယ့် ဆေးဝါးလိုအပ်ချက်၊ လူအင်အား လိုအပ်ချက်တွေ ရှိတယ်လို့ ပြောပါတယ်။ သက်ကြီးရွယ်အို စစ်ဘေးရှောင်တွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့ လိုအပ်နေသလို ဆီးချို၊ သွေးတိုးရှိတဲ့ လူနာတွေအတွက်လည်း ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ်မှာ ဒီမိုးဦးကျကာလတွေမှာ မြွေပွေးတွေ ပေါတာကြောင့် စစ်ဘေးရှောင်တွေဟာ မြွေအန္တရာယ်ကိုလည်း ပိုပြီး စိုးရိမ်ကြရပါတယ်။ ကန့်ဘလူတောင်ခြမ်းမှာတော့ ဒီကာလတွေအတွင်း မြွေကိုက်တာကြောင့် မြွေဆိပ်ဖြေဆေးမရနိုင်တဲ့အတွက် သေဆုံးရတဲ့ စစ်ရှောင်တွေ ရှိတယ်လို့ ကန့်ဘလူတောင်ခြမ်း KB 3 ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုဇော်က ခုလိုပြောပါတယ်။
“ပိုးထိတဲ့သူတွေမှာ အတော်အသင့် ထိတဲ့သူမှန်သမျှကတော့ ပြန်ရတာတော့ နည်းတယ်ဗျ။ ကျွန်တော်တို့ ဆေးကုသမှုကတော့ လုံလုံလောက်လောက် မကုသနိုင်တာ၊ နောက် ထိချက်ပြင်းတဲ့ဟာတွေဆိုရင် ကျွန်တော်တို့ အချိန်မမီဘူးဗျ။ လမ်းကြောင်းဝေးတဲ့ဟာတွေဆိုရင် ကျွန်တော်သိတာကတော့ မြွေကိုက်လို့ ဆုံးတာကတော့(ကန့်ဘလူ တောင်ခြမ်းမှာ) ၃ ယောက်ပဲ ရှိသေးတယ်ဗျ။”
မြွေဆိပ်ဖြေဆေးတွေ ရရှိနိုင်ဖို့က ခက်ခဲ့နေချိန်မှာ မြွေဆိပ်ဖြေဆေးတွေကို လုံလုံလောက်လောက် ဆောင်မထားနိုင်တော့တဲ့အတွက် မြွေကိုက်ခံရတဲ့အခါ အသက်သေဆုံးရတာက ပိုများလာရတာဖြစ်တယ်လို့ ကန့်ဘလူခရိုင် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ခုလိုပြောပါတယ်။
“ဝန်နဲ့အား မမျှဘူးလို့ပဲ အလွယ်ပြောရမှာပေါ့ဗျာ။ ဒီဖြစ်တဲ့ အနေအထားနဲ့ ကုသပေးနိုင်တဲ့ အနေအထားမှာ ဆေးဝါးလိုအပ်ချက်က တအားမြင့်မားတာပေါ့။ နောက်တခုက မြွေဆိပ်ဖြေဆေးဆိုတဲ့ အမျိုးက ကြိုတင်ပြီးတော့ ဆောင်ထားရတဲ့ အမျိုး။ ကိုက်ပြီဆိုလို့ရှိရင် ဘေးမှာ ထိုးစရာ အဆင်သင့်ရှိမှ ဒါက အသက်သေဆုံးတာကို အတတ်နိုင်ဆုံး လျှော့ချနိုင်တာ ဖြစ်မှာပေါ့။ အဲ့လိုမဟုတ်ဘဲ ကိုက်ပြီဆိုမှ ဆေးလိုက်ရှာနေလို့ရှိရင် ဘယ်လိုမှ အချိန်မီမှာ မဟုတ်ဘူး။ အခုက ကျွန်တော်တို့က ကိုက်ပြီဆိုမှ ဆေးလိုက်ရှာ နေရတဲ့ အနေအထား ဖြစ်နေတယ်။ မြွေဆိပ်ဖြေဆေးကလည်း အလွယ်တကူ မရနိုင်တော့ ငွေရေး ကြေးရေးကလည်း ကြပ်တည်းတဲ့ အပိုင်းမှာရှိလာတော့ အဲ့လိုမဆောင်ထားနိုင်ကြတော့ဘူး။ ကိုက်ပြီဆိုမှ ဘယ်နေရာမှာ မြွေဆိပ်ဖြေဆေးရှိလဲ လိုက်ရှာပြီး ကုရတော့ မလိုအပ်ဘဲနဲ့ သေဆုံးတာတွေ ရှိတာပေါ့။”
အချိန်မှီ မြွေဆိပ်ဖြေဆေး မရတဲ့အတွက် အသက်ဆုံးရှုံးသူ ၇ ယောက်လောက်ရှိတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူမြို့နယ် တာဝန်ခံက ခုလို ပြောပါတယ်။
“အာဏာသိမ်းပြီးချိန်ကနေ အခုအချိန်ထိ ဆိုရင်တော့ ၇ ယောက်လောက်ရှိတယ်ပေါ့နော်၊ ဒါက အကြမ်းဖျင်းပေါ့။ အရင်ကတော့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများ အဖွဲ့က နေပြီးတော့မှ လှုပေးနေတာတွေတော့ ရှိတယ်။ ဒါပေမယ့် တကယ် ထိထိရောက်ရောက်တော့ မလှုပေးနိုင်ဘူးပေါ့လေ။ မလှုပေးနိုင်ဘူးဆိုတာက လိုအပ်ချက်က တအားမြင့်တဲ့ခါကျတော့ပေါ့နော်။ ဒီ NUG အောက်က ကျန်းမာရေး ကနေလည်း မြွေဆိပ်ဖြေဆေးတွေလည်း ခွဲတမ်းတွေနဲ့ပေးနေတာတွေတော့ရှိတယ်လို့ ကျွန်တောတို့ သိရတယ်ပေါ့လေ။ ဒါကလည်း ကျွန်တော်ထင်ပါတယ် တကယ့် မြေပြင်မှာ လိုအပ်ချက်နဲ့ ကျတော့ မကာမိဘူး ဖြစ်နေတယ် ထင်ပါတယ်။”
ကန့်ဘလူခရိုင်အတွင်းမှာ ၂၀၂၁ အာဏာသိမ်းပြီးစကနေ ခုအချိန်ထိ မြွေကိုက်ခံရသူ စုစုးပေါင်း ၇၃ ဦး ရှိခဲ့ပါတယ်။ မေလမှာတော့ တစ်လတည်းမှာ ၈ ဦး ကိုက်ခံရပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ အခု ဇွန်လ လဝက်မှာတင် မြွေကိုက်ခံရသူ ၄ ဦး ရှိခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကန့်ဘလူခရိုင်အတွင်း စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ မပြတ်ရှိနေပြီး နယ်မြေရှင်းနေတာကြောင့် ဒေသခံတွေ သောင်းနဲ့ချီ ထွက်ပြေးနေကြရတာပါ။ တချို့နေရာတွေမှာ စစ်ကြောင်းတွေပြန်ထွက်သွားရင် ရွာသားတွေ ရွာတွေထဲ ပြန်ဝင်ကြပေမဲ့ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်၊ ထန်းကုန်းတိုက်နယ်က ကျေးရွာအများစုက ရွာသူ ရွာသားတွေကတော့ ရွာထဲ ပြန်မဝင်နိုင်ကြဘဲ စစ်ဘေးဒုက္ခသည်ဖြစ်နေကြတာ နှစ်နဲ့ချီ ရှိနေကြပါပြီ။ ကန့်ဘလူမြို့နယ်တွင်းက အနည်းဆုံး ကျေးရွာ ၂၆ ရွာလောက်က ဒေသခံ ၄၀,၀၀၀ ကျော်လောက်ဟာ ရွာကို လုံးဝပြန်မဝင်နိုင်ဘဲ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူမြို့နယ် တာဝန်ခံက ပြောပါတယ်။
“ရွာထဲကို လုံးဝ ပြန်မဝင်နိုင်တဲ့ စစ်ရှောင်အရေအတွက်က ၃၀၀၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရတာပေါ့လေ။ နောက်တစ်ခုက တခြားဆွေမျိုးနီးစပ်ရှိတဲ့ဆီကို နယ်ပြောင်းသွားတဲ့ သူတွေပေါ့နော်၊ အဲ့ဒါတွေပါဆိုရင်တော့ ၄၀,၀၀၀ ဝန်းကျင်လောက်မှာ ရှိတယ်ပေါ့။ ဖြေးဖြေးချင်းနဲ့ ရွာတွေက များလာတာပေါ့။ ကျွန်တော်တို့ ခန့်မှန်းချက်အရဆိုရင် ၂၆ ရွာလောက်ရှိတယ်။ အဓိက အများဆုံးကတော့ ကိုးတောင်ဘို့ရှိမယ်၊ ချပ်သင်းရှိမယ်၊ ပင့်သာပေါ့၊ နောက် ထန်းကုန်းတိုက်နယ်ပေါ့လေ။ ဒီ တိုက်နယ် ၄ ခုက ဆိုရင် စစ်ရှောင်ဦရေ တော်တော်များနေပြီပေါ့။”
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံထားရတဲ့ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာဆိုရင်လည်း ဒေသခံတွေ ရွာထဲကို လုံးဝ ပြန်မဝင်နိုင်ကြတော့ဘဲ တောထဲမှာပဲ စစ်ဘေးရှောင်နေကြရတာပါ။ စစ်ဘေးရှောင်တွေအတွက် မိုးရာသီမှာ နေထိုင်စရာ အမိုးအကာတွေ အရေးတကြီးလိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်မှုကလည်း မြင့်လာတယ်လို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။