သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမှာ စစ်ကောင်စီ စစ်ဆင်ရေးအတွင်း အိမ်ခြေရာနဲ့ချီ မီးလောင်ပျက်စီး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ရက်သတ္တပတ်ကြာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဝင်ခဲ့ပြီး အနည်းဆုံး ကျေးရွာ ၁၅ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့် အနည်းဆုံး နေအိမ် ၈၀၀ ဝန်းကျင်နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ အခုကတော့ စစ်ကြောင်းတွေ ထွက်သွားတဲ့ ကျေးရွာတွေကို ဒေသကာကွယ်ရေး အဖွဲ့တွေက မိုင်းတွေ ထောင်ထားခဲ့တာရှိမရှိ စစ်ဆေးပြီး ဒေသခံတွေ ရွာကိုပြန်ဝင်နိုင်ကြဖို့ ဆောင်ရွက်ပေးနေကြတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မေလ ၁၇ ရက်နေ့ကစပြီး အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာ ၃၀ ကျော်လောက်က ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရတာပါ။ ခမရ ၃၆၈ နဲ့ ၃၆၁ စစ်ကြောင်းတွေက အင်အား ၁၅၀ ဝန်းကျင်လောက်စီနဲ့ ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ခမရ ၃၆၈ က ၁၀ ရွာကျော် မီးရှို့ခဲ့ပြီးတော့ ခမရ ၃၆၁ က အနည်းဆုံး ၄ ရွာလောက် မီးရှို့ခဲ့တယ်လို့ ဒေသခံ ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ရှို့သွားတာက သိုးဘိုးကနေ စရှို့သွားတာပဲ။ သိုးဘိုး၊ ငါးရာနဲ၊ နောက်ပြီး ဖလံချိုင်၊ ဆူးတပ်၊ ဖုတ်ကုန်း၊ နောက်ပြီး မကျည်းကုန်း၊ ရွာတွေကတော့ အများကြီးဗျ ရှို့ခံရတာ။ အားလုံး ၃၆၈ က ၁၀ ရွာကျော်ကျော် ရှို့သွားတယ်ဗျ။ ၃၆၁ ကလည်း ရှို့တယ်၊ ၃၆၁ က ၄၊ ၅ ရွာ ရှိ့သွာတယ်။”

စစ်ကောင်စီက မီးရှို့သွားတဲ့ ကျေးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်ရှင်းလင်းပြီးတာတွေ ရှိသလို စစ်ကြောင်းတွေနဲ့ နီးနေသေးတဲ့ ရွာတွေကိုတော့ ဝင်ရောက် ရှင်းလင်းတာတွေ မလုပ်နိုင်ကြသေးတဲ့အတွက် အရေအတွက် အတိအကျ မသိရသေးပါဘူး။

ဘုတ်ကုန်းကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ပြီးတဲ့နောက် နေအိမ် ၄၅ လုံးသာ ကျန်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာတဲ့လမ်းတလျောက်က ကျေးရွာတွေကို မီးရှို့ခဲ့တာမှာ အိမ်ခြေ အနည်းဆုံး ၈၀၀ ဝန်းကျင်လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)

“ဘုတ်ကုန်းရွာဆိုရင် အိမ်ခြေ ၆၀၀ ကျော်ရှိတာ ၄၅ လုံးပဲကျန်ခဲ့တယ်။ အိမ်ခြေတော့ နည်းတယ်။ ဒါပေမယ့် ရွာနဲ့ ချိန်ကြည့်တာပေါ့နော်၊ ဖလံချိုင်ဆိုရင် အိမ်ခြေ ၁၀၀ လောက်ရှိတာကို ၂၀ ကျော်ရှို့သွားတယ်၊ ၃၀ လောက်။ ငါးရာနဲ(ရွာ)က အိမ်ခြေ ၅၀ လောက် ရှို့သွားတယ်။ နောက် သိုးဘိုးဆိုရင် အိမ်ခြေလေးက ၈၀၊ ၉၀ လောက်ရှိတာ ၁၇ လုံးရှို့သွားတာပေါ့။ ၇၀၀၊ ၈၀၀ ထက်တော့ နည်းမယ်မထင်ဘူးဗျ။ ဘုတ်ကုန်းမှာကိုက အိမ်ခြေ ၅၀၀ ကျော်လောက်ဆိုတော့ ၇၀၀၊ ၈၀၀ ထက်တော့ နည်းမယ်မထင်ဘူး။”

စစ်ကောင်စီစစ်ကြောင်းတွေ ဒီကနေ့မှာတော့ ကျေးရွာတွေကို နယ်မြေရှင်းတာကနေ ပြန်ထွက်သွားကြပြီဖြစ်တဲ့အတွက် ဒေသခံတွေ ရွာထဲပြန်ဝင်နိုင်ဖို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ရွာအတွင်းမှာ မိုင်းထောင်ထားတာမျိုးတွေ ရှိမရှိ စစ်ဆေးပြီး ရွာကို ပြန်ဝင်နိုင်ဖို့ ဆောင်ရွက်ပေးနေကြတယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

“စစ်ရှောင်တွေကို အခု ဘေးကင်းတဲ့ ရွာတွေကို ပြန်သွင်းတာပေါ့။ ဒီရွာတွေက စစ်ကြောင်းထွက်သွားပြီဆိုရင် ကိုယ့်ရွာကိုယ် ပြန်ကပ်၊ မီးငြိမ်းသင့်တာငြိမ်း၊ အဲ့လိုတွေ ကျွန်တော်တို့ နေရာပြန်ချရတာပေါ့။ ဝင်လို့ရပြီ လုံခြုံပြီဆိုရင် ပြန်ဝင်ခိုင်း။ ခုက ကျွန်တော်တို့က သူတို့ဝင်သွားတဲ့ ရွာတွေကို နင်းမိုင်းတွေရှိမရှိ စစ်ဆေးပြီးတော့ အကုန်လုံး ပြန်သွင်းလို့ ရသလောက် ဖြစ်နေပါပြီ။ ညနေလောက်ဆိုရင်တော့ အစုံ ပြန်သွင်းနိုင်မယ် ထင်ပါတယ်။”

စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်စဥ်တစ်လျောက်မှာ မီးရှို့ခဲ့တဲ့ ကျေးရွာတွေရှိသလို တချို့ကျေးရွာတွေမှာ နေအိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို သယ်ယူသွားတာမျိုးတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်တာတွေ ရှိသလို မီးရှို့ခံရတဲ့ ကျေးရွာတွေမှာ နေထိုင်ရေး အခက်အခဲ ရှိနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)

ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာ အရင်ကတည်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေရဲ့ထိုးစစ်နဲ့ ကျေးရွာ မီးရှို့ခံရတာတွေကြောင့် ရွာထဲကို ပြန်မဝင်နိုင်ဘဲ အမြဲတမ်းစစ်ရှောင်နေကြရတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။ ကန့်ဘလူမြို့နယ်မှာ ဧပြီလကနေ အခု မေလထဲအထိ စစ်ကြောင်းမပြတ် ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာကြောင့် စစ်ဘေးရှောင်ဦးရေတွေ တိုးသထက်တိုးလာနေတာမှာ အခုဆိုရင် စစ်ရှောင်အတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ထိ ရှိလာနေပြီလို့ စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG