သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု G-7 ရှုတ်ချ


G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ဝန်ကြီးများ
(ဧပြီ ၁၇၊ ၂၀၂၃)
G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာတဲ့ဝန်ကြီးများ (ဧပြီ ၁၇၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး G-7 စက်မှုထိပ်သီး နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောက်အောင် ဟန့်တားပိတ်ပင်ဖို့ နိုင်ငံအားလုံးကို ထပ်မံတောင်းဆိုတဲ့အကြောင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း လုံခြုံရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေ ဆုတ်ယုတ်ကျဆင်းလာတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ပိတ်ပင်ခဲ့တာ၊ နိုင်ငံရေး ဖြစ်စဉ်တွေမှာ ပါဝင်ခွင့်မရအောင် ပိတ်ပင်ဟန့်တားခဲ့တာတွေကိုလည်း မြန်မာစစ်ကောင်စီကို ရှုတ်ချပြစ်တင်ထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ၊ တရားလက်လွှတ်ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးဖို့လည်း စက်မှု ထိပ်သီး နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အတိဒုက္ခရောက်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ရေးမှာ အဟန့်အတားမရှိ ဘေးကင်းလုံခြုံစွာပေးနိုင်ရေး အာမခံဖို့နဲ့ သက်ဆိုင်ရာ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်လာနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့လည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေ အဆုံးသတ်ရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေနဲ့ အကြမ်းဖက်မှု ချက်ခြင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးလွှတ်ပေးဖို့ ကုသလမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖေါ်နိုင်ရေးကို G-7 နိုင်ငံတွေအနေနဲ့ ထောက်ခံအားပေးတဲ့အကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG