သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးတဝိုက် စစ်တပ်ဖြန့်ချထားလို့ ဒေသခံတွေစိုးရိမ် 


လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။
လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ပဇီကြီးကျေးရွာတဝိုက် စစ်တပ်တွေ ဖြန့်ချထားတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ပဇီကြီးရဲ့ အရှေ့ဖက်မှာရှိတဲ့ စမ္ပာယ်နဂိုရ်ကျေးရွာကနေ လက်နက်ကြီးတွေနဲ့ အရင်ကလည်း ပစ်ခတ်ဖူးတာကြောင့်လည်း စိုးရိမ်နေကြတာပါ။ ဧပြီ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူဟာ လက်ရှိစာရင်းပြုစုနိုင်သလောက် ၁၇၁ ယောက်ရှိသွားပါပြီ။ ပြန့်ကြဲနေတဲ့ အလောင်းတွေကို ခက်ခက်ခဲခဲ စုစည်းစာရင်းကောက်နေရတဲ့အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁၁ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရာနဲ့ချီ သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာတဝိုက် အခုရက်ပိုင်း စစ်တပ်တွေ ဖြန့်ချထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ပဇီကြီးရွာရဲ့ အရှေ့ဘက် ဧရာဝတီမြစ်ခြားတဲ့ စမ္ပာယ်နဂိုရ် (စံပန်နဂို) ကျေးရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှာကိုလည်း စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လလယ်လောက်ကလည်း စမ္ပာယ်နဂိုရ် ရွာဘက်ကနေ ပဇီကြီးကျေးရွာဘက်ကို ဟောင်ဝစ်ဇာ အမြောက်နဲ့ ၇ ကြိမ် ပစ်ခတ်ခဲ့ဖူးတာကြောင့် ခုလို စိုးရိမ်နေကြတာပါ။ အရင်တုန်းကပစ်တဲ့ လက်နက်ကြီးတွေ ရွာပြင်ကို ကျခဲ့တာကြောင့် အခု ရွာပြင်မှာ ပုန်းခိုနေကြရသူတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ အခုဆို ကျေးရွာ ၆ ရွာထက်မနည်းက ရွာသားတွေဟာ ရွာပြင်တွေမှာ ဘေးလွတ်အောင် ပုန်းခိုနေကြရပါတယ်။ အဲဒီတဝိုက် လက်ရှိ စစ်ရေးလှုပ်ရှား နယ်မြေရှင်းနေတာက အမှတ် ၁၃ ခြေလျင်တပ်ရင်း ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ရဲ့ မလယ်တိုက်နယ်တာဝန်ခံ ကိုဗလကြီးက ပြောပါတယ်။

“အခုလည်း သူတို့ အဲ့လို လက်နက်ကြီးဆင်ပြီး ပစ်မယ်ဆိုတဲ့ အသံတွေ ကြားနေရတာပေါ့နော်၊ ဒါပေမယ့် ခုထိပစ်တော့ မပစ်သေးဘူးဗျ။ ကျွန်တော်တို့ ဒီပဇီကြီးရွာရဲ့ အရှေ့ဖက်ကမ်းမှာရှိတဲ့ စပယ်နဂို ရွာကနေပြီးတော့ အရင် မတ်လ လယ်လောက်က တခါထုဖူးတယ်ဗျ။ အခုလည်း အဲ့လိုပစ်မှာကို စိုးရိမ်နေကြတယ်ဗျ။ ပြီးတေော့ သူတို့အရှေ့ဖက်ကမ်းမှာလည်း အရံအသင့် စောင့်ဆိုင်းနေတယ်ပေါ့နော်။ တရွာကို သူတို့ လူအင်အား ၄၀ လောက်စီ ကင်းပုန်းချထားတာလား၊ ဒါမှမဟုတ် စစ်ကြောင်းထိုးဖို့များ ပြင်နေသလား မသိဘူးဗျ။ စမ္ပာယ်နဂိုရ်တို့၊ မြစ်အရှေ့ဖက်ကမ်းမှာရှိတဲ့ ရွာတွေမှာ သူတို့ ပြင်တော့ ပြင်နေကြတယ်။ ဘယ်လိုလဲဆိုတော့ မသိသေးဘူး။ ညကလည်း ပြည်သူတွေ အကုန်လုံး ရှောင်ခိုင်းထားရတယ်ပေါ့နော်၊ နီးစပ်ရာ ရွာကလူတွေကို ပစ်နိုင်ချေ ရှိတယ်ဆိုပြီးတော့ အခြေအနေ စိတ်မချလို့ပေါ့နော်။”

ဧပြီ ၁၁ ရက်နေ့ မနက်က ပဇီကြီးကျေးရွာအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်းကတော့ ခုချိန်ထိ စုစည်းနိုင်သလောက် ၁၇၁ ယောက်ရှိသွားပါပြီ။ ပဇီကြီးရွာအပါအဝင် အနီးဝင်ကျင် ရွာတချို့က အသက် ၁၇ နှစ်ကနေ ၈၀ ဝန်းကျင်အထိ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၂၄ ဦးနဲ့ အသက် ၆ လအရွယ်ကနေ ၁၅ နှစ်ဝန်းကျင် ကလေး ၃၈ ဦး သေဆုံးခဲ့တယ်လို့ စာရင်းပြုစုသူတွေက ပြောပါတယ်။ ဒီသေဆုံးသူအရေအတွက်ဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စုစည်းနိုင်သလောက် အလောင်းတွေဖြစ်ပြီး မီးလောင်ပြာကျကုန်တဲ့ အလောင်းတွေနဲ့ ကောက်ယူလို့ မရနိုင်လောက်အောင် ပျက်စီး ကြေမွသွားကြတာတွေရဲ့ စာရင်း မပါသေးပါဘူး။ ခန္ဓာကိုယ် အကြွင်းအကျန်တွေနဲ့ စုစည်းနိုင်သလောက် အလောင်း ၁၇၁ လောင်းကိုတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက မီးသဂြိုလ်ပေးခဲ့ပါတယ်။

“တချို့ကတော့ ပီပီသသ ရုပ်အလောင်းတွေရှိတယ်၊ ကျွန်တော်တို့ စာရင်းကောက်လို့ ရတာပေါ့။ ရုပ်အလောင်း ပီတာလေးတွေက ၅၇ လောင်းရတယ်ဗျ။ အဲ့အချိန်မှာ အမျိုးသမီး၊ အမျိုးသား ခွဲလို့ရတဲ့ အနေအထားရှိတယ်။ ကလေးလေးတွေကတော့ မပီတဲ့သူက များတယ်ဗျ။ တစစီဖြစ်သွားတာတွေ ရှိတယ်။ တချို့အလောင်းတွေဆိုရင် ခေါင်းကတခြား ကိုယ်ကတခြား၊ ခါးတပိုင်းပြတ်တာတွေတို့ပေါ့၊ ဘာမှရစရာမရှိပါဘူး အကုန်လုံး အနိဌာရုံတွေပါဗျာ။ ပျံ့ကြဲနေတာပေါ့ဗျာ အသားစတွေ ဆိုရင်လည်း။ ကျန်တဲ့သူမပြောနဲ့ဗျာ ကျွန်တော်တို့ တော်လှန်ရေးသမားတွေတောင်မှ ကြောက်တယ်ဗျ၊ ဒီမြင်ကွင်းကိုလေ။ ပြန်ပြန်တွေးကြည့်ရင် ကြက်သီးတောင်ထတယ်၊ ဒီလောက်ကြီး ဖြစ်ပျက်သွားတာကြီးကလေ။ ကျွန်တော်တို့ ကောက်တာကတော့ တချို့ တောင်းနဲ့ ကောက်ရတာရှိတယ်ဗျ။ ကောက်လို့မရတဲ့ အနေအထားဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရလဲဆိုတော့ တမျက်စည်းနဲ့ကို လှည်းကောက်ရတဲ့ အနေအထားကိုရှိတယ်ဗျ။ တချို့ဆိုရင် ကလေးလေးတွေဆိုရင် လက်ကလေးတွေ ပျံ့ကြဲနေတာမျိုးတွေ၊ လက်ကလေးတွေကို ကောက်ရတယ် ခြေထောက်ကလေးတွေ ကောက်ရတယ်။ အဲ့လို တစစီ စုကောက်ရတာပဲ။”

သေဆုံးသူတွေကို အလောင်းတွေ ရသလောက်ကောက်ယူပြီး သဂြိုဟ်ပေးခဲ့ကြသေလို စာရင်း အတိအကျသိနိုင်ဖို့ကိုတော့ ဒေသ ကာကွယ်ရေး အဖွဲ့တွေက စစ်ဘေးရှောင်တွေဆီက မိသားစုစာရင်းကောက်ယူပြီး သေဆုံးသူစာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးတာ၊ လူအရေအတွက်နဲ့ စစ်ဆေးကောက်ယူတာမျိုးတွေ လုပ်နေကြရတယ်လို့ ပြောပြပါတယ်။ တချို့တွေက မိသားစုလိုက် သေဆုံးသွားတာ၊ ပျောက်ဆုံးသွားတာမျိုးတွေလည်း ရှိတဲ့အပြင် စစ်ဘေးရှောင်တွေကလည်း တကွဲတပြားစီ ဖြစ်နေကြတာကြောင့် သေဆုံးသူ စာရင်း အတိအကျကို ကောက်ယူ ရရှိနိုင်ဖို့က ခက်ခဲနေပါတယ်။

“ကျွန်တော်တို့က ကျန်နေတဲ့ မိသားစုဝင်တွေကို တစ်ယောက်ချင်းစီ ဘယ်သူကတော့ ဘယ်နှစ်ယောက်ကျန်တယ် ဆိုတာမျိုး လှည့်ပတ်ပြီး ကောက်ရတယ်ဗျ။ ဥပမာ မိသားစုတစ်စုကို သန်းခေါင်စာရင်းကောက်လိုက်တယ်။ သူ့အိမ်မှာ မိသားစုဝင် ၅ ယောက်ရှိတယ်ဆိုရင် ကျန်ရစ်တဲ့သူက ဘယ်နှစ်ယောက် ရှိတယ်ပေါ့နော်။ အဲ့လို ကျန်တဲ့သူတွေကို သွားပြီး ဆက်သွယ်ကြည့်တယ်။ ဆက်သွယ်ကြည့်တော့ အဖေပါသွားတယ်၊ ညီမလေးပါသွားတယ်၊ တူလေး ပါသွားတယ်ပေါ့နော်။ အဲ့လိုပဲ စစ်တမ်းကောက်ယူနေရတာဗျ၊ ဒီစာရင်းတွေကတော့လေ။”

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ ကြောက်လန့်တကြား ပြေးမိပြေးရာကို ထွက်ပြေး ကြတာကြောင့် တချို့ ပျောက်ဆုံးနေကြဆဲဖြစ်သလို ထိခိုက်ဒဏ်ရာ ရနေတဲ့သူတွေကိုလည်း လှည့်ပတ်ရှာဖွေတာတွေ လုပ်နေရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်း ရှိနေပြီး၊ ရှာဖွေကုသမှုတွေ ဆက်ပြီး လုပ်ပေးနေကြရဆဲ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ရဲ့ တိုက်နယ်တာဝန်ခံက ခုလို ပြောပြပါတယ်။

“ကျွန်တော့်ဆီမှာရှိတဲ့ ကားလေးနဲ့တောင် ခဏခဏ ပို့နေရတာ။ မနေ့ကကို ကျွန်တော်တို့ ပို့လိုက်ရသေးတယ်ဗျ။ ခေါင်းပေါက်နေတဲ့ တစ်ယောက်ရယ်၊ ခြေထောက်ကလည်း တော်တော်ထိထားတာ။ တချို့ကလည်း ကြောက်ကြောက် လန့်လန့်နဲ့ ပြေးကြတော့ဗျာ၊ အဖက်ဖက်ကို အရပ် ၈ မျက်နှာကို လှည့်ပတ်ပြေးကြတော့ အခုမှ ပြန်တွေ့ကြတာလေ။ ခေါင်းပေါက်တဲ့သူက ပေါက်၊ ခြေထောက် ခိုက်မိတဲ့သူက ခိုက်မိပေါ့။ မနေ့ကမှ ကျွန်တော် ၂ ယောက် ပို့လိုက်ရသေးတယ်ဗျ။ သူတို့ကိုပါ ထည့်တွက်မယ်ဆိုရင် တော်တောများအုံးမှာ၊ အကြောက်တရားက ခုမှနည်းနည်းလေး လျော့တာဆိုတော့ ခုမှ သူတို့က ရွာဖက်ကို ပြန်လှည့်လာကြတာဆိုတော့၊ ဖုန်းတွေကလည်း အကုန်ကျနေခဲ့တော့ အဆက်အသွယ်က မရပေါ့နော်။ ခုမှ ဒီနားမှာ ဒဏ်ရာရနေသူရှိလို့ လာပြီးတော့ လုပ်ပေးပါအုံး ဘာညာ ဆိုတာမျိုးပေါ့။ မနေ့ကမှ ဆေးရုံပို့ရတာ ၂ ယောက် ထပ်ရှိတယ်ဗျ။”

ပဇီကြီးကျေးရွာအပေါ် တိုက်ခိုက်မှုကို လုပ်ခဲ့တယ်လို့ စစ်ကောင်စီက ပြောကြားထားပြီး သူတို့အဆို အကြမ်းဖက် တိုက်ခိုက်မှု လုပ်နေသူတွေအပေါ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG